Tvpworld;Mar-30(Wed)
ပိုလန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရုရှားနိုင်ငံမှတင်သွင်းသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးများအား ရပ်ဆိုင်းမည့်အစီအစဉ်တစ်ရပ်ကို မတ်လ ၃၀ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ် မိုရာဝီခ်ကီ (Mateusz Morawiecki) က ပြောကြားခဲ့ကြောင်း Tvpworld သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် ရုရှားနိုင်ငံ၏ စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုမှုကင်းလွတ်စေရေးအတွက် ပိုလန်နိုင်ငံ၏ ဦးဆောင်မှုနောက်တွင် အခြားသောဥရောပ နိုင်ငံများအနေဖြင့် ပူးပေါင်းပါဝင်သွားရန် မိုရာဝီခ်ကီက တိုက်တွန်းပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံမှ ပိုလန်နိုင်ငံသို့တင်သွင်းသော ကျောက်မီးသွေးတင်ပို့မှုများကို ဧပြီလ၊ သို့မဟုတ် မေလတွင် နောက်ဆုံးထား၍ ပိတ်ပင်သွားမည်ဖြစ်ကြောင်းနှင့် ပိုလန်နိုင်ငံအနေဖြင့် ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Gazprom နှင့် ဓာတ်ငွေ့တင်ပို့မှုဆိုင်ရာသဘောတူ စာချုပ်မှာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အဆိုပါသဘောတူစာချုပ်အား ထပ်မံ သက်တမ်းတိုးသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပိုလန် နိုင်ငံသည် ရုရှားမှတင်သွင်းသည့် ဓာတ်ငွေ့များအား အစားထိုးတင်သွင်းရန်အတွက် ဘောလ်တစ်ပိုက်လိုင်းသစ်မှတစ်ဆင့် နော်ဝေနိုင်ငံမှ သဘာဝဓာတ်ငွေ့အရည်များအား ဝယ်ယူဖြည့်တင်းသွားမည်ဖြစ်ပါသည်။
အလားတူ အမေရိကန်နှင့်ကာတာနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့များဝယ်ယူမည့် သဘောတူစာချုပ်အသစ်များတွင်လည်း ပိုလန်နိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးသွား မည်ဖြစ်ကြောင်းနှင့် ဘောလ်တစ်ပင်လယ်ရှိ ပိုလန်နိုင်ငံ၏ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Swinoujscie မြို့၌လည်း ဓာတ်ငွေ့သိုလှောင်ရုံအသစ်တစ်ခု ထပ်မံတိုးချဲ့တည်ဆောက် သွားမည်ဖြစ်ပါသည်။ ရုရှားနိုင်ငံမှ ပိုလန်နိုင်ငံသို့ Druzhba ရေနံပိုက်လိုင်းမှတစ်ဆင့် ရေနံတင်ပို့မှုများကိုလည်း မကြာမီ တင်သွင်းမှုများရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပိုလန် ရာသီဥတုနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီး အန်နာမောစ့်စကီဖာ (Anna Moskwa) က ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံ၏ သဘာဝရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရခြင်းမှ လုံးဝကင်းလွတ်စေနိုင်ရေးအတွက် ပိုလန်နိုင်ငံ၏ ရေရှည်အစီအမံတစ်ခုဖြစ်သည့် ၂၀၄၀ ပြည့်နှစ် စွမ်းအင်မူဝါဒလမ်းစဉ်အရ စွမ်းအင်လုံလောက်စွာထောက်ပံ့ပေးနိုင်ရေးအတွက် နျူကလီးယားစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတို့တွင် တိုးမြှင့်ဖော်ဆောင် လျက်ရှိပါသည်။ ရုရှားနိုင်ငံအနေဖြင့် စစ်ရေးပဋိပက္ခအတွင်း ခြိမ်းခြောက်မှုတစ်ရပ် အဖြစ် စွမ်းအင်အရင်းအမြစ်များကို အသုံးပြုလျက်ရှိကြောင်းနှင့် အဆိုပါခြိမ်းခြောက်မှု အား ဥရောပနိုင်ငံများအနေဖြင့် အတူတကွပူးပေါင်းဖြေရှင်းသွားရန် ပိုလန်ဝန်ကြီးချုပ် မိုရာဝီခ်ကီက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် စွမ်းအင်ထုတ်လုပ်သည့်နိုင်ငံများစာရင်းတွင် အများဆုံးထုတ်လုပ်သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပါသည်။ ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံက အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ဥရောပ နိုင်ငံများအပါအဝင် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုတို့သည် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ကာ အဆက်မပြတ်ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိပါ သည်။ သို့သော် ဥရောပနိုင်ငံအများစုနေဖြင့် ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ကျောက်မီးသွေးများအပေါ် မှီခိုနေရသောကြောင့် ရုရှားနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ တင်ပို့မှု များနှင့်စပ်လျဉ်း၍ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုများအနေဖြင့် စွမ်းအင် ကဏ္ဍအပေါ် ကန့်သတ်ချက်များချမှတ်ကာ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရှိရပါသည်။ ပိုလန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအား စီးပွားရေးဆိုင်ရာဖိအား ပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန်ရည်ရွယ်၍ ရုရှားနိုင်ငံမှတင်ပို့သော သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ကျောက်မီးသွေးတင်သွင်းမှုများအား ရပ်ဆိုင်းသွာမည်ဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံ အပေါ် စွမ်းအင်ဆိုင်ရာအရေးယူပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်သွားရန် ဥရောပသမဂ္ဂအား တောင်းဆိုခဲ့ကြောင်း တွေ့ရှိရပါသည်။ ပိုလန်နိုင်ငံသည် ရုရှားနိုင်ငံမှဝယ်ယူသည့် စွမ်းအင်များနေရာတွင် အစားထိုးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့နှင့် ရေနံများကို အမေရိကန်၊ ကာတာနှင့် နော်ဝေးနိုင်ငံများမှ ဝယ်ယူဖြည့်တင်းသွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ကျောက်မီးသွေး ဝယ်ယူမှုများအား ရပ်တန့်ခဲ့မည်ဆိုပါက ပိုလန်နိုင်ငံအနေဖြင့် လာမည့်ဆောင်းရာသီကာလတွင် ၎င်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များကို အချိန်မီဖြည့်တင်းပေးနိုင်ခြင်းမရှိသဖြင့် နိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်းနှင့် စွမ်းအင်ဈေးနှုန်းများမှာလည်း မြင့်တက် လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment