AnadoluAgency;Nov-22(Tue)
တူကီယဲနိုင်ငံသည် ၎င်း၏တောင်ပိုင်းနယ်စပ်ဒေသတွင် အကြမ်းဖက်ခြိမ်းခြောက်မှု များနှင့် ရင်ဆိုင်နေရသည့်အတွက် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ မဟာဗျူဟာမြောက်ဆက်သွယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး ဂျွန်ကာဘီ (John Kirby) က နိုဝင်ဘာလ ၂၂ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Defense Unit-YPG) တို့မှ အစ္စလာမ္မစ် စစ်သွေးကြွ (Daesh/ISIS) များ၏ အဖွဲ့ခွဲများအား နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း အမေရိကန်နိုင်ငံအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ကာဘီက ပြောကြားခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးများသည် အမေရိကန်၏မဟာမိတ် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces-SDF) ၏ ISIS အဖွဲ့ များအပေါ် စစ်ဆင်ရေးဆောင်ရွက်နိုင်စွမ်းကို အဟန့်အတားဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၏ လူစည်ကားသော အိုင်စတီကလယ် (Istiklal) ရိပ်သာလမ်းတွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၆ ဦး သေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက်တွင် တူကီယဲသည် အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းရှိ PKK/YPG အကြမ်းဖက်တပ်ဖွဲ့များအား လေကြောင်းစစ်ဆင်ရေးတစ်ရပ်ဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ပါသည်။ YPG/PKK အကြမ်းဖက် အဖွဲ့များအားတိုက်ခိုက်ခဲ့သည့် Operation Claw-Sword အမည်ရှိ နယ်စပ်ဖြတ်ကျော် လေကြောင်းစစ်ဆင်ရေးကို တူကီယဲနိုင်ငံက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်တွင် စတင်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးဆောင်ရွက်မှုမှတစ်ဆင့် အကြမ်းဖက်သမားများ အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။ ကာ့ဒ်အလုပ်သမားပါတီ (PKK) သည် တူကီယဲနိုင်ငံကိုဆန့်ကျင်သည့် အကြမ်းဖက်လှုပ်ရှားမှု များကို ၃၅ နှစ်ကျော်ကြာပြုလုပ်လျက်ရှိပြီး အမျိုးသမီးများ၊ ကလေးများနှင့် မွေးကင်းစ ကလေးများအပါအဝင် လူပေါင်း ၄၀,၀၀၀ ကျော် သေကျေဆုံးရှုံးခဲ့မှုတွင် တာဝန်ရှိ သောကြောင့် ကာ့ဒ်အလုပ်သမားပါတီ (PKK) အား တူကီယဲ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် တောင်ဘက်တွင် ဆီးရီးယား၊ အီရတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ ၎င်းနယ်နိမိတ်များ၌ ကာ့ဒ်စစ်သွေးကြွတပ်ဖွဲ့များသည် အကြမ်းဖက် အခြေစိုက်စခန်းများတည်ဆောက်ကာ ဒေသခံများ၏လုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်စေသည့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့အလယ်ပိုင်းရှိ လူစည်ကားရာလမ်းတစ်လမ်း ဖြစ်သည့် အိုင်စတီကလယ် (Istiklal) ရိပ်သာလမ်းတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ အစ္စတန်ဘူလ် ဗုံးခွဲမှုကို ကာ့ဒ်အလုပ်သမားများပါတီ (PKK) က လုပ်ဆောင်ခြင်းဖြစ်သည်ဟု တူကီယဲ အစိုးရက ပြစ်တင်ဝေဖန်ထားသော်လည်း PKK ကမူ ဗုံးခွဲမှုလုပ်ဆောင်ခဲ့သည်ဆိုခြင်းကို ငြင်းဆန်ထားပါသည်။ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပေါ်ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် တူကီယဲသည် Operation Claw-Sword အမည်ရှိ စစ်ဆင်ရေးတစ်ရပ်ကို စတင်လုပ်ဆောင် ခဲ့ပါသည်။ ၎င်းစစ်ဆင်ရေးသည် အီရတ်မြောက်ပိုင်းရှိ တောင်တန်းဒေသများဖြစ်သော ကန်ဒီးလ်၊ အဆော့၊ ဟာကာ့ရှ်တို့ရှိ အခြေစိုက်စခန်းများ၊ ဆီးရီးယားနိုင်ငံရှိ တဲလ်ရီဖတ်၊ ဂျာဇီရာ၊ ဒဲရစ်ဒေသတို့ရှိ အခြေစိုက်စခန်းများ၊ ကိုဘာနီမြို့ရှိ ကာ့ရှ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (YPG) ၏ အခြေစိုက်စခန်းတို့ကို ပစ်မှတ်ထားခဲ့သည်ဟု တူကီယဲကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ တူကီယဲနိုင်ငံသည် တောင်ပိုင်းနယ်စပ်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် ယခုကဲ့သို့ စစ်ဆင်ရေးများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့် နိုင်ငံသားများကို အကာအကွယ်ပေးသည့် ဆောင်ရွက်ချက် များကို လုပ်ဆောင်သင့်သည်ဟုလည်း အမေရိကန်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။ တူကီယဲ၏စစ်ဆင်ရေးများသည် အမေရိကန်၏မဟာမိတ် ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) ၏ ISIS အဖွဲ့များအပေါ်စစ်ဆင်ရေးဆောင်ရွက်နိုင်စွမ်းကို အကန့်အသတ် ဖြစ်စေမည်ကို စိုးရိမ်လျက်ရှိသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ထောက်ခံအားပေးမှုများ ပြုလုပ်လျက်ရှိခြင်းဖြင့် နှစ်နိုင်ငံအကြား အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးများကို အနာဂတ်ကာလများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
No comments:
Post a Comment