Sunday, November 20, 2022

ဆွီဒင်မြို့တော် စတော့ဟုမ်းတွင် အကြမ်းဖက်ဝါဒဖြန့်မှုများနှင့်ပတ်သက်၍ တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွီဒင်သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ခြင်း

Anadolu Agency; Nov-21(Mon)

ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်း (Stockholm) ရှိ တူကီယဲသံရုံးရှေ့တွင် အကြမ်းဖက်ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဌာနသည် တူကီယဲနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး စတာဖန်ဟားစတွန်း (Staffan Herrstrom) အား နိုဝင်ဘာလ ၂၁ ရက်တွင် ဆင့်ခေါ်ခဲ့ကြောင်း သံတမန်သတင်းအရင်း အမြစ်များက ပြောကြားခဲ့ပါသည်။ ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် ဆက်နွှယ်လျက် ရှိသောအဖွဲ့များသည် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အား စော်ကားသည့်ပုံများ၊ အကြမ်းဖက်ဝါဒဖြန့်မှုများပါဝင်သည့် ဓာတ်ပုံ များနှင့် ထုတ်ပြန်ချက်များကို ဆွီဒင်ရှိ တူကီယဲသံရုံးရှေ့တွင် ချိတ်ဆွဲဖော်ပြမှုများ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါဆင့်ခေါ်မှု ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ တူကီယဲအာဏာပိုင် များသည် အဆိုပါလုပ်ရပ်အား ရှုတ်ချကြောင်းနှင့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုပြုလုပ်ပေးရန် စတာဖန်ဟားစတွန်းအား တောင်းဆိုခဲ့ပါသည်။



အထက်ပါကဲ့သို့ လက်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ကို ကျူးလွန်သူများအား စုံစမ်း ဖော်ထုတ်ရန်အတွက် လိုအပ်သည့်အစီအစဉ်များအား ပြဋ္ဌာန်းသွားရန်နှင့် ဆွီဒင်အနေ ဖြင့်လည်း သုံးနိုင်ငံနားလည်မှုစာချွန်လွှာတွင်ပါရှိသော ကတိကဝတ်များအတိုင်း ခိုင်မာ သည့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်သွားမည်ဟု မျှော်လင့်ကြောင်း တူကီယဲအရာရှိများက အလေးပေးပြောကြားခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်တို့သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ဇွန်လတွင် NATO အဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့သော်လည်း အဆိုပါနိုင်ငံများအနေဖြင့် အကြမ်းဖက်အဖွဲ့များ အပေါ် ထောက်ခံအားပေးနေကြောင်း ပြစ်တင်ဝေဖန်၍ အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထား မှုကို တူကီယဲနိုင်ငံက ကန့်ကွက်ခဲ့ပါသည်။ ဇွန်လတွင် ပြုလုပ်ခဲ့သည့် NATO ထိပ်သီး အစည်းအဝေးအတွင်း ဖင်လန်နှင့် ဆွီဒင်တို့သည် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) များအား ထောက်ခံအားပေးခြင်းပြုလုပ်မည်မဟုတ်ကြောင်း ကတိကဝတ်ပါဝင်သည့် သုံးနိုင်ငံနားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက် တူကီယဲသည် ၁၉၅၂ ခုနှစ်တွင် NATO အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး NATO အဖွဲ့ နယ်နိမိတ်ကို ချဲ့ထွင်သည့်အနေဖြင့် အဖွဲ့ဝင်သစ်များအတွက် တံခါးဖွင့်ပေးထားသည့် NATO ၏ မူဝါဒကိုလည်း အမြဲထောက်ခံခဲ့သည့်နိုင်ငံဖြစ်ပါသည်။ သို့သော် ဆွီဒင်နှင့် ဖင်လန်တို့သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ဇွန်လတွင် NATO အဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့သော်လည်း တူကီယဲသည် ၎င်းတို့၏ အဖွဲ့ဝင် ဖြစ်ရေး ကမ်းလှမ်းမှုကို ကန့်ကွက်ခဲ့ပါသည်။ ထိုကဲ့သို့ကန့်ကွက်ရခြင်းမှာ တူကီယဲမှ အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့နှင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေး (YPG) တပ်ဖွဲ့များကို တူကီယဲစစ်ဘက်က နှိမ်နင်းရာတွင် ဆွီဒင်နှင့် ဖင်လန်တို့က ကန့်ကွက်မှုများရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့နောက် NATO အဖွဲ့ဝင်များ၏ အပြုသဘောဆောင်သော သဘောထားများကြောင့် ၃ နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး ဖင်လန်နှင့် ဆွီဒင်တို့သည် ကာ့ဒ်ပြည်သူ့ ကာကွယ်ရေး (YPG) တပ်ဖွဲ့များအား ထောက်ပံ့မှုပေးမည်မဟုတ်ကြောင်း သုံးနိုင်ငံ သဘောတူစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုအခါတွင် ကာ့ဒ်အလုပ်သမား ပါတီနှင့် ဆက်နွှယ်လျက်ရှိသောအဖွဲ့များသည် ဆွီဒင်ရှိ တူကီယဲသံရုံးရှေ့တွင် တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အား စော်ကားသည့် ပုံများနှင့် ထုတ်ပြန်ချက်များကို ပြသ၍ ဝါဒဖြန့်မှုပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် အထက်ပါကဲ့သို့ လက်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ကို ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ရန် အတွက် လိုအပ်သည့်အစီအစဉ်များအား ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး ဆွီဒင်အနေဖြင့်လည်း သုံးနိုင်ငံစာချွန်လွှာရှိ ကတိကဝတ်များအရ ခိုင်မာသည့်လုပ်ဆောင်ချက်များကို အကောင် အထည်ဖော်သွားမည်ဟု မျှော်လင့်ကြောင်း တူကီယဲအရာရှိများက ပြောကြားခဲ့ပါသည်။ ဆွီဒင်အနေဖြင့် တူကီယဲနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်နိုင်မှုမရှိလျှင် ၎င်း၏ NATO အဖွဲ့ဝင် ဖြစ်ခွင့်တွင် တူကီယဲက ကန့်ကွက်မှုများ ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment