Trend; Jan-7 (Sat)
ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ကောက်ပဲသီးနှံ တင်ပို့မှုများရပ်ဆိုင်းခဲ့သော်လည်း တူကီယဲနိုင်ငံ၏သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု များကြောင့် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းဖြစ်ပေါ်လာနိုင်မှုကို ကာကွယ် တားဆီးပေးနိုင်ခဲ့ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အာဒိုဂန်သည် နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်သော Ziraat Bank ၏ အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲနိုင်ငံ၏စိုက်ပျိုးရေးထုတ်ကုန်စွမ်းအားသည် စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းရာတွင် အရေးပါလျက်ရှိကြောင်းနှင့် နိုင်ငံအတွင်းရှိ လယ်သမားများကိုလည်း ထောက်ပံ့မှုများပြုလုပ်ပေးအပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေးကဏ္ဍရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်တွင် အနှောင့်အယှက်ဖြစ်ပေါ်ပါက လုပ်ငန်းစဉ်တစ်ခုလုံးကိုပါထိခိုက်မှုများ ဖြစ်ပေါ်လာစေ နိုင်ဖွယ်ရှိကြောင်းနှင့် Ziraat Bank ၏ဝန်ဆောင်မှုများသည် တူကီယဲနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍကို ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် အစီအစဉ်သစ်များ၊ ထောက်ပံ့မှု များနှင့် မက်လုံးပေးမှုများဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း အာဒိုဂန်က ပြောကြားခဲ့ ပါသည်။ ထို့ပြင် လယ်သမားများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေအစီအစဉ် များအား ထုတ်ပြန်ကြေညာခဲ့သည့်အပြင် နိုင်ငံအတွင်းရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းများကိုလည်း ချေးငွေများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ၏ ကောက်ပဲသီးနှံများကို ပင်လယ်ကြောင်းမှတစ်ဆင့်ပို့ဆောင်မှုများမှာ ရပ်ဆိုင်းခဲ့ရပြီး စားသောက်ကုန်ဈေးနှုန်းများရုတ်တရက် မြင့်တက်လာခဲ့သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းတစ်ရပ်ဆီသို့ ဦးတည်သွားစေနိုင်သည့်အလားအလာများ ဖြစ်ထွန်းခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကုလသမဂ္ဂ၏ ကျောထောက်နောက်ခံဖြင့် အဆိုပါအကျပ်အတည်းအားဖြေရှင်းနိုင်ရေးအတွက် ရုရှား၊ ယူကရိန်းနိုင်ငံတို့နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့နောက် ၎င်းတို့အကြား ကောက်ပဲသီးနှံ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်သည့် ရက်ပေါင်း ၁၂၀ သက်တမ်းရှိသော သဘောတူ စာချုပ်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်ကြောင့် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံနှင့် အခြားအစားအစာ များအပါအဝင် စားသောက်ကုန်တန်ချိန် ၁၅ သန်းခန့်ကို ဘေးကင်စွာတင်ပို့မှုပြုလုပ် နိုင်ခဲ့ပါသည်။
ထို့ပြင် တူကီယဲနိုင်ငံနှင့်ကုလသမဂ္ဂ၏ကြားဝင်စေ့စပ်ပေးမှုတို့ဖြင့် အဆိုပါ သဘောတူစာချုပ်ကို နိုဝင်ဘာလ ၁၇ ရက်တွင် နောက်ထပ်ရက်ပေါင်း ၁၂၀ သက်တမ်း တိုးမြှင့်နိုင်ခဲ့ပါသည်။ ရုရှား၊ ယူကရိန်း၊ တူကီယဲနှင့်ကုလသမဂ္ဂတို့အကြား ကောက်ပဲသီးနှံ တင်ပို့မှုဆိုင်ရာသဘောတူညီချက်ရရှိရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်ပေးခဲ့သည့် နိုင်ငံမှာ တူကီယဲနိုင်ငံဖြစ်သောကြောင့် တူကီယဲသမ္မတက အထက်ပါအတိုင်း ဂုဏ်ယူ ဝံ့ကြွားစွာ ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် ၎င်း၏စိုက်ပျိုးရေး ထုတ်ကုန်ကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လယ်သမားများအား အတိုးနှုန်းသက်သာသည့်ချေးငွေ ထုတ်ပေးမည့်အစီအစဉ်များနှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေးမည့် အစီအမံများ အား ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူကီယဲနိုင်ငံသည် စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်ပေါ်လာမည့်အရေးအား ဖြေရှင်းရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သကဲ့သို့ နိုင်ငံအတွင်း၌ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက်လည်း အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိခြင်းကြောင့် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများအပေါ် မက်လုံးပေးဆောင်ရွက်မှုများ ပိုမိုများပြားလာနိုင်ဖွယ်ရှိပြီး ဒေသခံလယ်သမားများ အတွက်သာမက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ အတိုင်းအတာတစ်ခုအထိ အကျိုး ဖြစ်ထွန်းမှုများရရှိလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment