မော်ဒိုဗာနိုင်ငံအား ဖျက်ဆီးမည့် ရုရှားထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက် အစီအစဉ်ကို ကြားဖြတ်ဖမ်းယူရရှိထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်ဟု AP သတင်းဌာနက ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များအား မိန့်ခွန်းပြောကြားစဉ် ဇီလန်စကီးက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကြားဖြတ်ဖမ်းယူရရှိသည့် ရုရှားနိုင်ငံ၏အစီအစဉ်သည် မော်ဒိုဗာ နိုင်ငံ၏ ဒီမိုကရေစီစနစ်ကိုဖျက်ဆီးပြီး နိုင်ငံအား ထိန်းချုပ်နိုင်ရေးကြံရွယ်ခြင်းဖြစ်ကြောင်းနှင့် ၎င်းအစီအစဉ်ကို မော်ဒိုဗာသမ္မတ မီယာဆန်ဒူ (Maia Sandu) အား မကြာသေးမီက ပြောကြားထားကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ယခုဖမ်းယူရရှိသည့် အစီအစဉ်သည် ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံက ပြုလုပ်ခဲ့သည့်အစီအစဉ်နှင့် အလားသဏ္ဌာန်တူကြောင်းနှင့် ရုရှားအစိုးရအနေဖြင့် ၎င်းအစီအစဉ်အား စတင်ပြုလုပ်ရန် အမိန့်ပေးထားခြင်းရှိ/မရှိကိုမူ သိရှိခြင်းမရှိကြောင်း ဇီလန်စကီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment