Saturday, February 11, 2023

မော်လ်ဒိုဗာဝန်ကြီးချုပ်သည် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်း

 Xinhua;Feb-11(Sat)

            မော်လ်ဒိုဗာနိုင်ငံ၏ ဝန်ကြီးချုပ် နတာလီယာဂါဗရီလီတာ (Natalia Gavrilita) သည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ၎င်း၏ရာထူးမှနုတ်ထွက်ခဲ့ကြောင်း Xinhua သတင်း ဌာနက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂါဗရီလီတာ ရာထူးမှ နုတ်ထွက်ပြီး နာရီအနည်းငယ်အကြာတွင် မော်လ်ဒိုဗာသမ္မတ မီယာဆန်ဒူ (Maia Sundu) က အသက် ၄၈ နှစ်အရွယ် ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဒိုရင်းရီချန် (Dorin Recean) ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပါသည်။ မော်လ်ဒိုဗာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝန်ကြီးချုပ်သစ် ဒိုရင်းရီချန်အနေဖြင့် ၎င်း၏အစိုးရအဖွဲ့ကို ၁၅ ရက် အတွင်း ဖွဲ့စည်းသွားရမည်ဖြစ်ပါသည်။ အစိုးရသစ်အနေဖြင့် နိုင်ငံတော်၏လုံခြုံရေး အဆင့်ကိုမြှင့်တင်ရန်နှင့် တရားစီရင်ရေးမဏ္ဍိုင်တွင် ပြုပြင်ပြောင်းလဲမှုများတိုးမြှင့်လုပ်ဆောင် သွားရန်လိုအပ်ကြောင်း မီယာဆန်ဒူက သမ္မတအိမ်တော်၌ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

            ထို့ပြင် အစိုးရအဖွဲ့သစ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည် ရှင်သန်ရေးတို့ကို အာရုံစိုက်လုပ်ဆောင်ရန်လိုအပ်သကဲ့သို့ နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုမြင့်တက်လာစေရန်အတွက် ဆွဲဆောင်စည်းရုံးမှုများလုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရီချန်ကလည်း အစိုးရသစ် တစ်ရပ်ဖွဲ့စည်းပြီးပါက နိုင်ငံ့စီးပွားပြန်လည်ဉီးမော့လာစေရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး စသည့်အချက်များကို ချက်ချင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သော နတာလီယာဂါ ဗရီလီတာအနေဖြင့် ရာထူးမှနုတ်ထွက်ရသည့်အကြောင်းအရင်းကိုမူ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment