မွတ်စလင်ဘာသာဝင်တို့၏ရာမန်ဒန်ဥပုသ်ကာလတွင် Al-Aqsa Mosque အမည်ရှိ ဗလီဝန်းအတွင်းသို့ ဝင်ရောက်စီးနင်းမှုများပြုလုပ်ခဲ့သည့် အစ္စရေးတို့၏လုပ်ရပ်အပေါ် တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဧပြီလ ၆ ရက်တွင် ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ ပြုလုပ်ခဲ့သည့် ညစာစားသုံးရန် အတွက် စုဝေးပွဲတစ်ခုတွင် ၎င်းက အထက်ပါအတိုင်း ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ မွတ်စလင်ဘာသာဝင် ဝတ်ပြုဆုတောင်းသူများအပေါ် ဆန့်ကျင်တိုက်ခိုက်မှုပြုလုပ်နေခြင်းသည် ယုတ်ညံ့သည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများအား အမြန်ဆုံးရပ်ဆိုင်း သွားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်ပြုလုပ်နေမည်မဟုတ်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
No comments:
Post a Comment