Friday, January 31, 2020

ဆီးရီးယားနိုင်ငံ အာဖရင် (Afrin) ဒေသ၌ တူရကီစစ်ဘက်၏ ထိုးစစ်ဆင်မှု အပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆန္ဒပြကျောင်းသား ၂၇ ဦးအား ထိန်းသိမ်းမှုများပြုလုပ်ခဲ့

 

၈။           ဆီးရီးယားနိုင်ငံ အာဖရင် (Afrin) ဒေသ၌ တူရကီစစ်ဘက်၏ ထိုးစစ်ဆင်မှု အပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဆန္ဒပြကျောင်းသား ၂၇ ဦးအား ထိန်းသိမ်းမှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာမှ ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ အဆိုပါဆန္ဒပြကျောင်းသား ၂၇ ဦးအား အစ္စတန်ဘူလ်ရှိ အမှတ်(၃၂)ပြစ်မှုဆိုင်ရာ တရားရုံးမှ  အကြမ်းဖက်အားပေးသည့်စွဲချက်ဖြင့်  ဇန်နဝါရီလ ၃၁ ရက်၌ ထောင်ဒဏ် ၁၀ လ ချမှတ်ရန် အမိန့်ချမှတ်ခဲ့ပါသည်။  တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) မှလည်း ၎င်းဆန္ဒပြကျောင်းသားများအား အကြမ်းဖက်သမားများ အဖြစ်ပြောဆိုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက တူရကီနိုင်ငံအနေဖြင့် အဆိုပါပြည်နယ်အတွင်း စစ်ဆင်ရေးတစ်ရပ် စတင်သွားရန် စဉ်းစားသုံးသပ်သွားနိုင်ကြောင်း

 

၅။           ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက တူရကီနိုင်ငံအနေဖြင့် အဆိုပါပြည်နယ်အတွင်း စစ်ဆင်ရေးတစ်ရပ် စတင်သွားရန် စဉ်းစားသုံးသပ်သွားနိုင်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၃၁ ရက်တွင် ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားလျက်ရှိပြီး စစ်အင်အားအသုံးပြုမှုအပါအဝင် မည်သည့်လုပ်ဆောင်မှုကိုမဆို လုပ်ဆောင်ရန်အတွက် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွများ အခိုင်အမာထိန်းချုပ်ထားသည့်နေရာဖြစ်သော အိုင်ဒဲလစ်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

Thursday, January 30, 2020

ရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အယ်လ်ဒါဘာဆီရတ်နှင့် ရက်စ်အယ်လ်အင် မြို့တို့ရှိ ကျေးလက်ဒေသများတွင် ပူးတွဲကင်းလှည့်မှုတစ်ခု ပြုလုပ်

 

၆။           ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အယ်လ်ဒါဘာဆီရတ် (Al Darbasiyah) နှင့် ရက်စ်အယ်လ်အင် (Ras al-Ain) မြို့တို့ရှိ ကျေးလက်ဒေသများတွင် ပူးတွဲကင်းလှည့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း ဆီးရီးယားအရေးစောင့်ကြည့်သူတစ်ဦးက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံ၏ (၂၄) ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုတွင် ရုရှားစစ်ဘက်မှ ရဟတ်ယာဉ် ၂ စီးလည်းပါဝင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားလေ့လာသူတစ်ဦးက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များအပေါ် တူရကီနိုင်ငံ၏ ထိုးစစ်ဆင်မှုများ ပြုလုပ်နေမှုအား ရပ်တန့်ရေးနှင့်စပ်လျဉ်း၍ ရုရှားနှင့်တူရကီနိုင်ငံတို့အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်နိုင်ငံပူးတွဲ ကင်းလှည့်မှုများကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့သည် ၎င်းတို့နိုင်ငံသားများအား နှစ်နိုင်ငံ နိုင်ငံသားဖြစ်ခွင့်ရရှိရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်

 

၄။           ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့သည် ၎င်းတို့နိုင်ငံသားများအား နှစ်နိုင်ငံ နိုင်ငံသားဖြစ်ခွင့်ရရှိရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်လျက် ရှိကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြား ခဲ့ပါသည်။ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး အီဂျက်အာမက်ရှာ (Ijaz Ahmad Shah) နှင့် ပါကစ္စတန်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး အီဆန်မူစတာဖာရာဒါကူ (Ihsan Mustafa Yurdakul) တို့အကြား ပြုလုပ်ခဲ့သည့်အစည်းအဝေး၌ အဆိုပါအစီအစဉ် ဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်အရ နှစ်နိုင်ငံနိုင်ငံသားများအတွက် အပြန်အလှန် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ဌာနက ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်အတွက်လည်း ရည်ရွယ်ထားရှိကြောင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

Wednesday, January 29, 2020

ပြင်သစ်သည် ဂရိနိုင်ငံအား အကူအညီပေးရန် ဖရီးဂိတ်စစ်ရေယာဉ်များ စေလွှတ်သွားမည်ဆိုခြင်း

 Theguardian; Jan-29 (Wed)

              တူရကီနှင့် ဂရိနိုင်ငံတို့အကြား ဒေသတွင်း စွမ်းအင်အရင်းအမြစ်များဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ်အခြေအနေများ မြင့်တင်လျက်ရှိစဉ် ပြင်သစ်နိုင်ငံက ၎င်း၏ဖရီးဂိတ်စစ်ရေယာဉ်များအား မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်ရန်အတွက် ဆုံးဖြတ်ခဲ့မှုအပေါ် ဂရိဝန်ကြီးချုပ် ကီရီယာကော့စ်မစ်ဆိုတာကီ (Kyriakos Mitsotakis) က ကြိုဆိုလက်ခံကြောင်း ဇန်နဝါရီလ ၂၉ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့အကြားရှိ တင်းမာမှုများသည် နိုင်ငံတကာ အသိုက်အဝန်းအပေါ် အထိတ်တလန့်ဖြစ်စေကြောင်းနှင့် အဆိုပါစစ်ရေယာဉ်များသည် ငြိမ်းချမ်းမှုအတွက် အာမခံပေးနိုင်သော စစ်‌ရေယာဉ်များဖြစ်ကြောင်း မစ်ဆိုတာကီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

               ဂရိဝန်ကြီးချုပ်သည် မဟာဗျူဟာမြောက် ကာကွယ်ရေးဆိုင်ရာ မူဘောင် အသစ်တစ်ခုအား ချမှတ်နိုင်ရန်အတွက် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) နှင့် ပြင်သစ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ထို့ပြင် မစ်ဆိုတာကီက မြေထဲပင်လယ်အရှေ့ပိုင်းရှိ ကွဲပြားခြားနားမှုများအား အဆုံးသတ်ရန်အတွက် တစ်ခု တည်းသောနည်းလမ်းမှာ နိုင်ငံတကာတရားမျှတမှုပင်ဖြစ်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့်ဆက်ဆံရေးတင်းမာ နေစဉ်အတွင်း ဥရောပသမဂ္ဂ၏အကူအညီရရှိရန်ရည်ရွယ်၍ ပြင်သစ်နိုင်ငံသို့လာရောက် ခဲ့ခြင်းဖြစ်ကြောင်းလည်း  မစ်ဆိုတာကီက ပြောကြားခဲ့ပါသည်။ ထို့နောက် ပြင်သစ် နိုင်ငံအနေဖြင့် ဂရိနိုင်ငံနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးအား တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မက်ခရွန်က ကတိပြုပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီ နိုင်ငံ၏လုပ်ဆောင်မှုများသည် ဒေသတွင်းတင်းမာမှုများအား ပိုမိုဆိုးရွားစေရုံသာမက လစ်ဗျားပဋိပက္ခ၌လည်း ၎င်းတို့လုပ်ဆောင်ရမည့် ကတိကဝတ်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု မက်ခရွန်က စွပ်စွဲပြောကြားထားကြောင်း သိရှိရပါသည်။

ပြင်သစ်သည်လစ်ဗျားပဋိပက္ခတွင် မတည်မငြိမ်ဖြစ်စေရေး လုပ်ဆောင်လျက်ရှိသည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲပြစ်တင်ခဲ့ခြင်း


Sputnik; Jan-29(Wed)

             လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ပြင်သစ်သည် အဓိက တာဝန်ရှိသောနိုင်ငံတစ်ခုဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြင်သစ်အနေဖြင့် ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဦးဆောင်သော လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan National Army-LNA) အား လစ်ဗျားနိုင်ငံရှိ သဘာဝအရင်းအမြစ်များအား ထိန်းချုပ်သိမ်းပိုက်နိုင်ရန် အပြည့်အဝထောက်ပံ့နေ သည်ဟုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟာမီအက်ခ်ဆွိုင်း (Hami Aksoy) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဟက်ဖ်တာ၏ LNA တပ်ဖွဲ့များ အနေဖြင့် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရ (Government of National Accord-GNA) အား ထိုးစစ်ဆင်နေမှုသည် လစ်ဗျားနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

          မကြာသေးမီအတွင်းကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) က လစ်ဗျားအရေးနှင့်စပ်လျဉ်း၍ တူရကီ၏မူဝါဒအပေါ် ဝေဖန်ပြောဆိုခဲ့ပြီး တူရကီအနေဖြင့် ဘာလင်ဆွေးနွေးပွဲ (Berlin Conference) ဆုံးဖြတ်ချက်များအပေါ် ချိုးဖောက်လျက်ရှိသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ပြီးနောက် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါပြောကြားချက်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် မက်ခရွန်က တူရကီသမ္မတ ရီဆတ်တေရစ်အားဒိုဂန် (Receep Tayyip Erdogan) အား ကတိမတည်သူအဖြစ် ဝေဖန်ပြောဆိုခဲ့ပါသည်။ ဇန်နဝါရီလ ၁၉ ရက်တွင် ဘာလင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် လစ်ဗျားပဋိပက္ခဆိုင်ရာ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများက လစ်ဗျားအရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံ များမှ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်မှ F-35 တိုက်လေယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းမရှိပါက ငွေကြေးများပြန်လည်ပေးအပ်ရန် တူရကီမှတောင်းဆိုခဲ့ခြင်း

 


Telesur; Jan-29(Tue)

              အမေရိကန်အနေဖြင့် F-35 တိုက်လေယာဉ်များအား တူရကီနိုင်ငံသို့လွှဲပြောင်း ပေးအပ်ရန်နှင့် ယင်းသို့ပေးအပ်နိုင်ခြင်းမရှိပါက ယခင်ပေးအပ်ထားသောငွေကြေးများ အား ပြန်လည်ပေးအပ်ရန် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၂၉ ရက်က တောင်းဆိုခဲ့ပါသည်။ အမေရိကန်အနေဖြင့် F-35 တိုက်လေယာဉ်များအား ပေးပို့နိုင်ခြင်းမရှိပါက အခြားနိုင်ငံမှဝယ်ယူသွားမည်ဖြစ်ကြောင်း ဆီနီဂေါနိုင်ငံမှ ပြန်လည်ရောက်ရှိစဉ် လေဆိပ်၌သတင်းထောက်များအား အာဒိုဂန်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်အား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဝယ်ယူခဲ့ပြီးနောက် အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေးများ အခြေအနေဆိုးရွားလာခဲ့ပါသည်။

              တူရကီနိုင်ငံ၌ ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်မှုများသည် စိုးရိမ်ဖွယ်ရာအခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo) က ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၌ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား အပြည့်အဝ တပ်ဆင်အသုံးချခြင်းမပြုရန်နှင့်ပတ်သက်သည့် အမေရိကန်၏ လိုလားချက်အား တူရကီအာဏာပိုင်များကို ပြောကြားထားပြီးဖြစ်ကြောင်းနှင့် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း မိုက်ပွန်ပီယိုက ထပ်လောင်းပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း F-16 တိုက်လေယာဉ်များအား အသုံးပြု၍ အနိမ့်အမြင့်ပျံသန်းခြင်းများပြုလုပ်ကာ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ရေဒါများအား စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

‌တူရကီနိုင်ငံသည် အိန္ဒိယ၏ နိုင်ငံသားဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း

 


Anadolu Agency; Jan-30(Thu)

              မွတ်ဆလင်များအား ခွဲခြားဆက်ဆံမှုရှိသည်ဟု လူအများက ယုံကြည်လျက် ရှိသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးပွဲတစ်ခုအား တူရကီနိုင်ငံ၌ ဇန်နဝါရီလ ၂၉ ရက်တွင် လက်ခံကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ အား တူရကီအခြေစိုက် တောင်အာရှမဟာဗျူဟာသုတေသနစင်တာ  (South Asia Strategic Research Center - GASAM) မှ ပညာရှင်များအဖွဲ့က ဦးဆောင်ခဲ့ပြီး တူရကီ Ibn Haldun University တက္ကသိုလ်မှ လူမှုဗေဒပညာရှင် မီမက်အိုဇေးလ် (Mehmet Ozay) နှင့် တူရကီဆေးဘက်ဆိုင်ရာဆရာဝန်နှင့် သုတေသနဌာနမှူး နီဒင်ကာဒါအီ (Nedim Cavdari) တို့က ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် အဆိုပါနိုင်ငံသားဖြစ်ခွင့် ပြင်ဆင်သည့်ဥပဒေအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် သမ္မတနှင့် လွှတ်တော် တို့၏ အတည်ပြုချက်ကိုရရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အဆိုပါဥပဒေအား ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားလာလျက်ရှိပါသည်။

              အိန္ဒိယအစိုးရက အတည်ပြုခဲ့သည့် နိုင်ငံသားဖြစ်ခွင့်ဥပဒေသည် အိမ်နီးချင်း ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ညှဉ်းပန်းနှိပ်စက်ခံနေရသည့် မွတ်ဆလင်ဘာသာဝင်မဟုတ်သည့် လူနည်းစုအား အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ရရှိရေး အတွက် အာမခံချက်ပေးထားသည့် ဥပဒေဖြစ်ပါသည်။ ထိုဥပဒေသည် အခြေခံဥပဒေ နှင့်ကိုက်ညီမှုမရှိကြောင်းနှင့် မွတ်ဆလင်များအား ခွဲခြားဆက်ဆံသည့်ဥပဒေဖြစ်ကြောင်း ဝေဖန်မှုများမြင့်တက်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံ၌ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် လူပေါင်း ,၀၀၀ နီးပါးသေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက်ပိုင်း အစ္စလာမ်ကြောက်စိတ်လွန်ကဲမှုရောဂါ (Islamophobia) သည် ကမ္ဘာ့အစီအစဉ်တွင် ပါဝင်လာခဲ့ကြောင်း အိုဇေးက ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ သည် ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့် ဘာသာရေးလွှမ်းမိုးမှုကင်းသည့်အချက် များကိုအခြေခံ၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲထားသော်လည်း ယခုအခါတွင် အစ္စလာမ်ကြောက်စိတ်လွန်ကဲမှုရောဂါလွှမ်းမိုးသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ပြောင်းလဲလာလျက်ရှိသည်ဟု အိုဇေးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Tuesday, January 28, 2020

တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရန် အနောက်နိုင်ငံများက တူရကီနိုင်ငံအား တိုက်တွန်းခဲ့ခြင်း

 


Turkishminute;Jan-29(Wed)

              တူရကီနိုင်ငံအနေဖြင့် တရားစီရင်ရေးကဏ္ဍအား လွတ်လပ်စွာဆုံးဖြတ် နိုင်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်အောင် ပြုပြင်ပြောင်းလဲရန် အနောက်နိုင်ငံ များက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ(Geneva) မြို့၌ ဇန်နဝါရီလ ၂၈ ရက်တွင် ပြုလုပ် ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနှင့်ပတ်သက်သော သုံးသပ်ချက် (Universal Periodic Review-UPR) ဆိုင်ရာ အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် လွတ်လပ်စွာပြောဆိုနိုင်ခွင့်ရှိရေးနှင့် မီဒီယာလွတ်လပ်ခွင့် များအပေါ်ထားရှိသည့် ၎င်း၏ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေအား ပြန်လည် သုံးသပ်ပြီး ပြုပြင်ပြောင်းလဲသွားရန်လိုအပ်ကြောင်း အမေရိကန်နှင့် ဂျာမနီတို့           အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က တိုက်တွန်းပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံအတွင်းရှိ သတင်းထောက်များ၊ အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ရှေ့နေများသည်  အကြမ်းဖက်မှုများနှင့် ပတ်သက်နေသည်ဟူသော စွဲချက်များတွင် ပါဝင်လျက်ရှိနေသည့်အတွက် တူရကီနိုင်ငံ၏ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေ အား နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်မှုများပြုလုပ်လျက်ရှိပါသည်။

              တူရကီနိုင်ငံအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား စွဲချက်တင်ခြင်းမခံရအောင် လုပ်ကိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပနိုင်ငံများက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီ စီးပွားရေး လုပ်ငန်းရှင် အိုစမန်ကာဗာလာ(Osman Kavala) အား ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သည့် Gezi စက်ရုံဆန္ဒပြမှုတွင်ပါဝင်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံရလျက်ရှိမှုကို အဆုံးသတ်ရန် လူဇင်ဘတ်နိုင်ငံက တူရကီအား တိုက်တွန်းပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ဥရောပသမဂ္ဂ၏လူ့အခွင့်အရေး ဆိုင်ရာ တရားရုံး(European Court of Human Rights-ECtHR) ၏ စီရင် ဆုံးဖြတ်ချက်များအတိုင်း လိုက်နာရန် ချက်သမ္မတနိုင်ငံ၊ ပြင်သစ်နှင့် ဂရိနိုင်ငံတို့ကလည်း တိုက်တွန်းထားကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထုတ်ပြန်ကြေညာခဲ့ သော အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအစီအစဉ်အား ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ရန်အတွက် တူရကီနိုင်ငံသား ရာပေါင်းများစွာ စုရုံးဆန္ဒပြခဲ့

 

၄။            အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထုတ်ပြန်ကြေညာခဲ့ သော အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအစီအစဉ် (Middle East Peace Plan) အား ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ရန်အတွက် တူရကီနိုင်ငံသား ရာပေါင်းများစွာ သည် ဇန်နဝါရီလ ၂၉ ရက်တွင် တူရကီနိုင်ငံမြို့များအတွင်းရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများအရှေ့၌ စုရုံးဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်။ ဒေါ်နယ်ထရမ့်၏ အထက်ပါအစီအစဉ်အပေါ် မကျေနပ်၍ အစ္စတန်ဘူလ် (Istanbul) မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒပြသူ ၆၀၀ ဉီးခန့်ကလည်းကောင်း၊ အန်ကာရာ (Ankara) မြို့တော်ရှိ အမေရိကန်သံရုံးအား ဆန္ဒပြသူ ၂၀၀ ဉီးခန့်ကလည်းကောင်း ပိတ်ဆို့ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည့်အတွက် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရပါ သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်အရှေ့ပိုင်းတွင် မြို့တော်တစ်ခု နှင့်အတူ ပါလက်စတိုင်းနိုင်ငံတည်ထောင်သွားရန်အတွက်လည်း အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

Monday, January 27, 2020

အာဖရိကရှိ ဆာဟယ်ဒေသသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရန် ချက်သမ္မတနိုင်ငံအစိုးရမှ အတည်ပြုခဲ့ခြင်း

 


Xinhua; Jan-28(Tue)

              ချက်သမ္မတနိုင်ငံအစိုးရသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင်  ကူညီရန်အတွက် မာလီ၊ နိုင်ဂျာနှင့် ချဒ်သမ္မတနိုင်ငံများသို့ တပ်ဖွဲ့များစေလွှတ်သွားမည့် အဆိုပြုချက်အား ဇန်နဝါရီလ ၂၇ ရက်တွင် အတည်ပြုခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းအဆိုပြုချက်အရ ချက်တပ်ဖွဲ့ဝင်များအနေဖြင့် အာဖရိကရှိ ဆာဟယ် (Sahel) ဒေသတွင် ဆောင်ရွက်လျက်ရှိသော  Operation Barkhane အမည်ရှိစစ်ဆင်ရေး၌ အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ပြီး ၎င်းဒေသရှိ ပြင်သစ်တပ်ဖွဲ့ဝင်များအား ပံ့ပိုးကူညီနိုင်မည်ဖြစ်ပါ သည်။ ထို့ပြင် အဆိုပါတပ်ဖွဲ့များသည် ဒေသတွင်းတပ်ဖွဲ့များအား ဆက်လက်ထောက်ပံ့ ပေးပြီး အကြမ်းဖက်နှိမ်နင်းရေးနှင့် အစိုးရအားဆန့်ကျင်သည့်တပ်ဖွဲ့များအား ဖယ်ရှားသည့် စစ်ဆင်ရေးများတွင် ပူးတွဲဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြခဲ့ပါသည်။

              ချက်တပ်ဖွဲ့များစေလွှတ်သွားမည့် အဆိုပြုချက်အား လွှတ်တော်သို့ ဆက်လက် တင်ပြပြီး အတည်ပြုချက်အား ရယူသွားရမည်ဖြစ်ပါသည်။ ချက်တပ်ဖွဲ့များသည် မာလီနိုင်ငံတွင် အခြေပြုတပ်စွဲပြီး နိုင်ဂျာနိုင်ငံရှိစစ်ဆင်ရေးများတွင် ထောက်ပံ့ပို့ဆောင် မှုများဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ချက်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၎င်းတို့ပါဝင် ဆောင်ရွက်မည့် Operation Barkhane စစ်ဆင်ရေး၏ ဌာနချုပ်အား  ချက်သမ္မတ နိုင်ငံတွင် အခြေစိုက်ဆောင်ရွက်လျက်ရှိသော စစ်ဆင်ရေးတစ်ခုဖြစ်ပါသည်။ ချက် တပ်ဖွဲ့များအား ၎င်းဒေသအတွင်း တပ်ဖြန့်မှုများအတွက် အမေရိကန်ဒေါ်လာ ၂၆.၃၈ သန်းခန့်ကုန်ကျမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံဖော်ပြခဲ့ပါသည်။ ထို့ပြင် ၎င်းဒေသအတွင်းရှိ ဘူကီနာဖာဆို၊ ချဒ်သမ္မတနိုင်ငံ၊ မာလီ၊ မော်ရီတေးနီးယားနှင့် နိုင်ဂျာနိုင်ငံတို့အား အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် ၂၀၁၄ ခုနှစ်မှစတင်၍ ပြင်သစ်တပ်ဖွဲ့ဝင် ၄,၅၀၀ ဖြင့် Operation Barkhane စစ်ဆင်ရေးအား  စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂနှင့် တူရကီနိုင်ငံတို့အကြား ဒုက္ခသည်များဆိုင်ရာ ၂၀၁၆ သဘော တူညီချက်ရှိထားသော်လည်း အေဂျီယန်ပင်လယ်ကိုဖြတ်သန်းပြီး ဂရိသို့သွားရောက်ခဲ့သည့် ဒုက္ခသည် ၁၈၉ ဦးသာ တူရကီသို့ ပြန်လာကြောင်း ဥရောပသမဂ္ဂကော်မရှင်တစ်ခုက ထုတ်ပြန်

 

၁၄။        ဥရောပသမဂ္ဂနှင့် တူရကီနိုင်ငံတို့အကြား ဒုက္ခသည်များဆိုင်ရာ ၂၀၁၆ သဘော တူညီချက်ရှိထားသော်လည်း အေဂျီယန်ပင်လယ်ကိုဖြတ်သန်းပြီး ဂရိသို့သွားရောက်ခဲ့သည့် ဒုက္ခသည် ၁၈၉ ဦးသာ တူရကီသို့ ပြန်လာကြောင်း ဥရောပသမဂ္ဂကော်မရှင်တစ်ခုက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ ဥရောပသမဂ္ဂနိုင်ငံများသို့ သွားရောက် မည့် ဆီးရီးယားရွှေ့ပြောင်းအခြေချသူများကိုတားဆီးရန် တူရကီက ကတိပြုထားခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်အားဖြင့် ဥရောပသမဂ္ဂ (European Union-EU)သို့ တူရကီဝင်ရောက်ရေး ကိစ္စကို ပြန်လည်စစ်ဆေးသုံးသပ်ပေးမည်ဖြစ်ပါသည်။ အထက်ပါသဘောတူညီချက်အတွက် ရန်ပုံငွေအဖြစ် ယူရို ၆ ဘီလီယံ တူရကီက လက်ခံရရှိထားသော်လည်း ဥရောပသမဂ္ဂနှင့် မူလသဘောတူညီထားချက်အတိုင်း ငွေကြေးထောက်ပံ့မှုကို ရရှိခြင်းမရှိကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗ်လက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က စွပ်စွဲပြောကြားခဲ့ ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က တူရကီနိုင်ငံသို့အလည်အပတ်ခရီးစဉ်အတွင်း ဂျာမနီ အဓိပတိ အိန်ဂျလာမာကယ် (Angela Merkel)နှင့် တူရကီသမ္မတ အာဒိုဂမ် (Erdogan) တို့သည် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်ပြီး ဆွေး‌နွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

အမေရိကန်သမ္မတ နှင့် တူရကီသမ္မတတို့သည် ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့တွင် ဖြစ်ပွားလျက်ရှိသောအခြေအနေများနှင့်စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်

 

၉။           အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဆီးရီးယားနှင့် လစ်ဗျား နိုင်ငံတို့တွင် ဖြစ်ပွားလျက်ရှိသောအခြေအနေများနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၂၇ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ အဆိုပါခေါင်းဆောင်နှစ်ဦး သည် လစ်ဗျားနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထိန်းသိမ်းသွား ရန်နှင့် ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုအား ဖယ်ရှားရှင်းလင်းသွားရန် လိုအပ် လျက်ရှိမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ဆီးရီးယား နိုင်ငံ၊ အိုင်ဒဲလစ် (Idlib) ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေခြင်းကို တားဆီးသွားရန်အတွက်လည်း သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း၌ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုအတွင်း ပါဝင်ခဲ့သည့်ဖာသူလတ်အကြမ်းဖက်အဖွဲ့ နှင့် ဆက်နွှယ်လျက်ရှိသူများအား မြို့တော် အန်ကာရာ၌ ဖမ်းဆီးထိန်းသိမ်း

 

၈။           တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း၌ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုအတွင်း ပါဝင်ခဲ့သည့်ဖာသူလတ်အကြမ်းဖက်အဖွဲ့ (Fetullah Terrorist Organization-FETO) နှင့် ဆက်နွှယ်လျက်ရှိသူ ၁၀ ဉီးအား မြို့တော် အန်ကာရာ (Ankara) ၌ ဇန်နဝါရီလ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ FETO အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိသူ ၂၁ ဉီးအား ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ရာ တူရကီလုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသူများအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း အန်ကာရာရှေ့နေချုပ်ရုံးက ပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံတွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၌ ဖြစ်ပွားခဲ့သောအာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လူပေါင်း ၂၅၁ ဦးသေဆုံးခဲ့ပြီး ၂,၂၀၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

Sunday, January 26, 2020

တူရကီနှင့် အယ်လ်ဂျီးရီးယားတို့သည် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် သဘောတူညီမှုရရှိခဲ့ခြင်း

 


Xinhua; Jan-27(Mon)

              တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အယ်လ်ဂျီးရီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် အယ်လ်ဂျီးရီးယားသမ္မတ အဘ်ဒယ်မတ်ဂျစ်တီဘုန်း (Abdelmadjid Tebboune) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအား မဟာဗျူဟာ အဆင့်သို့ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြပါသည်။ သမ္မတ အာဒိုဂန်သည် အယ်လ်ဂျီးရီးယားနိုင်ငံသို့ ဇန်နဝါရီလ ၂၆ ရက်တွင် အလည်အပတ်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါတွေ့ဆုံမှု၌ လစ်ဗျားအရေးကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တွေ့ဆုံဆွေးနွေးမှုအပြီး ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့အနေဖြင့် နှစ်နိုင်ငံအကြား အဆင့်မြင့်ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (High-level cooperation council) အား တည်ထောင်ရန် အတွက် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သမ္မတနှစ်ဦးက ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

              အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အယ်လ်ဂျီးရီးယားသမ္မတ တီဘုန်းက တူရကီသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် အခြေခံသည့် စီးပွားရေးအင်အားကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အယ်လ်ဂျီး ရီးယားအနေဖြင့် တူရကီနှင့် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုအဆင့်မြှင့်တင်၍ ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှု ကိုလည်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် မြှင့်တင်ရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သမ္မတ အာဒိုဂန်ကမူ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံအကြားပြုလုပ်မည့် ထိပ်တန်းအဆင့် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ပထမအကြိမ်အစည်းအဝေးအား တူရကီနိုင်ငံ၌ မကြာမီကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆလိုဗေးနီးယားဝန်ကြီးချုပ် မာဂျန်ဆာရက် (Marjan Sarec) သည် ဇန်နဝါရီလ ၂၇ ရက်တွင် ရာထူးမှနုတ်ထွက်ကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တောင်းဆို ခဲ့

 

၈။           ဆလိုဗေးနီးယားဝန်ကြီးချုပ် မာဂျန်ဆာရက် (Marjan Sarec) သည် ဇန်နဝါရီလ ၂၇ ရက်တွင် ရာထူးမှနုတ်ထွက်ကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တောင်းဆို ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့ပါသည်။ ဆာရက်အနေဖြင့် လူနည်းစု အစိုးရ၏ လက်ရှိဖွဲ့စည်းပုံအတွင်း ၎င်း၏ရည်မှန်းချက်များ အောင်မြင်စွာဆောင်ရွက် နိုင်ခြင်းမရှိသောကြောင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော် ဂျူဘ်ဂျာနာ (Ljubljana) ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အတိုက်အခံလက်ယာယိမ်းပါတီ၏ ထောက်ခံမှု ဆုံးရှုံးခဲ့ပြီးနောက် ဆာရက်ဦးဆောင်သည့် အာဏာရဗဟိုလက်ယာယိမ်းလူနည်းစု ညွန့်ပေါင်းအစိုးရသည် လွှတ်တော်တွင် အမတ်နေရာ ၉၀ ရှိသည့်အနက် ၄၃ နေရာမျှသာ ကျန်ရှိတော့ကြောင်း သိရှိရပါသည်။

Saturday, January 25, 2020

လစ်ဗျားနိုင်ငံအား လက်နက်ရောင်းဝယ်မှုပိတ်ပင်ထားသည့် သဘောတူညီချက်ကို နိုင်ငံများက ချိုးဖောက်ခဲ့ကြောင်း ကုလသမဂ္ဂက သတိပေးပြောကြားခဲ့ခြင်း CGTN; Jan-26

 

(Sun)

              ပြီးခဲ့သည့် သီတင်းပတ်တွင်ကျင်းပခဲ့သော ဘာလင်ထိပ်သီးဆွေးနွေးပွဲ၌ သဘောတူညီထားသည့် လစ်ဗျားနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်ထားခြင်းကို နိုင်ငံများစွာက ချိုးဖောက်လျက်ရှိကြောင်း ကုလသမဂ္ဂက ဇန်နဝါရီလ ၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။ လွန်ခဲ့သော ၁၀ ရက်အတွင်း လစ်ဗျားနိုင်ငံအနောက်ပိုင်းရှိ လေဆိပ်များတွင် ကုန်တင်လေယာဉ်နှင့် အခြားလေယာဉ်ပျံသန်းမှုများ တွေ့ရှိခဲ့ ကြောင်း၊ လစ်ဗျားနိုင်ငံအရှေ့ပိုင်းသို့ အဆင့်မြင့်လက်နက်များ၊ သံချပ်ကာကားများနှင့် တိုက်ခိုက်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးမှုများပြုလုပ်လျက်ရှိကြောင်း လစ်ဗျားနိုင်ငံ ဆိုင်ရာကုလသမဂ္ဂမစ်ရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထိုသို့ချိုးဖောက်မှု များသည် လစ်ဗျားနိုင်ငံပြန်လည်တည်ဆောက်မှုအတွက် အန္တရာယ်များပြီး တိုက်ပွဲများ လည်းပိုမိုပြင်းထန်လာကြောင်း ဖော်ပြထားပါသည်။ လက်နက်ရောင်းချမှုပိတ်ပင်ထား သည့်သဘောတူညီချက်ကိုချိုးဖောက်သည့် နိုင်ငံများစာရင်းအား ဖော်ပြထားခြင်းမရှိ ကြောင်း သိရှိရပါသည်။

              ဘာလင်မြို့တွင် ဇန်နဝါရီလ ၁၉ ရက်တွင်ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲ၌ ကုလသမဂ္ဂအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက်တွန်းအားပေးရန်၊ လစ်ဗျားနိုင်ငံ အပေါ် ကုလသမဂ္ဂ၏လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားသည့်အချက်များကို လေးစား လိုက်နာရန် လစ်ဗျားနိုင်ငံရှိ အတိုက်အခံအဖွဲ့များကို ကျောထောက်နောက်ခံပြုထား သည့် အင်အားကြီးနိုင်ငံများက သဘောတူညီခဲ့ကြပါသည်။ ဘာလင်ထိပ်သီးဆွေးနွေးပွဲ သို့ ယူအေအီး၊ အီဂျစ်၊ တူရကီနှင့် အနောက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂမှအရာရှိကြီးများ တက်ရောက်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် လစ်ဗျားခေါင်းဆောင် မူအမ်မာကဒါဖီ (Muammar Gaddafi) ဖြုတ်ချခံရပြီးနောက် လစ်ဗျားနိုင်ငံ၏အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလမှစ၍ ခါလီဖာဟက်ဖ်တာ(Khalifa Haftar)၏ လစ်ဗျားအမျိုးသားတပ်မတော်နှင့် ကုလသမဂ္ဂက အသိအမှတ်ပြုထားသည့် လစ်ဗျားအစိုးရတို့ကြား တင်းမာမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါ သည်။ ဇန်နဝါရီလ ၁၂ ရက်တွင် အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးက သဘောတူညီ ခဲ့ပြီး မြို့တော်အတွင်းရှိ ပြည်သူများအတွက် လိုအပ်လျက်ရှိသည့် ကူညီထောက်ပံ့မှု များကို ပေးအပ်ခဲ့ပါသည်။ သို့သော်လည်း အဖွဲ့ဝင်နိုင်ငံများသည် တိုက်ခိုက်ရေးတပ် ဖွဲ့များ၊ လက်နက်များ၊ ခဲယမ်းများ၊ အဆင့်မြင့်စနစ်များကိုလွှဲပြောင်းပေးလျက်ရှိသဖြင့် ပျက်စီးလွယ်သည့်ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

လစ်ဗျားနိုင်ငံအရေးတွင် ရုရှားနှင့် တူရကီ၏ပါဝင်ဆောင်ရွက်မှု ကြီးမားလာခဲ့ခြင်း

 


Aljazeera;Jan-26(Sun)

              အမေရိကန်အပါအဝင် အနောက်နိုင်ငံများ လက်ရှောင်ထားကြသည့် လစ်ဗျား အရေးတွင် နိုင်ငံရေးအဖြေတစ်ရပ်ရရှိသည်အထိ ကမကထပြုကူညီပံ့ပိုးသွားရန်အတွက် ရုရှားနိုင်ငံနှင့်တူရကီနိုင်ငံတို့အကြား ပူးပေါင်းမှုပြုလုပ်ခဲ့ပါသည်။ လစ်ဗျားနိုင်ငံ၏ ရွှေ့ပြောင်း အခြေချနေထိုင်မှုနှင့် လက်နက်ကိုင်အဖွဲ့များဆိုင်ရာပြဿနာများက အမေရိကန် ပြည်ထောင်စုအား စိတ်ဝင်စားမှုကင်းမဲ့စေသကဲ့သို့ ဥရောပသမဂ္ဂအတွင်း၌လည်း အာဏာ ပြိုင်ဆိုင်မှုများဖြစ်ပေါ်နေခြင်းက လစ်ဗျားနိုင်ငံအတွင်း ရုရှားနှင့် တူရကီ ခြေချခွင့်ရသွား စေခဲ့ကြောင်း ပြင်သစ်သတင်းစာ Le Monde က သုံးသပ်ရေးသားခဲ့ပါသည်။

              ကဒါဖီအလွန် လစ်ဗျားနိုင်ငံအား အခြားနိုင်ငံများအနေဖြင့် ထောက်ခံအားပေးမှုနှင့် ကူညီပံ့ပိုးမှုပြုရန်ပျက်ကွက်ခဲ့ခြင်းကြောင့် လစ်ဗျားနိုင်ငံတွင် ရုရှားနိုင်ငံနှင့် တူရကီနိုင်ငံ တို့၏လှုပ်ရှားမှုများ ကြီးထွားလာရခြင်းဖြစ်ကြောင်းလည်း Le Monde က ရေးသား ဖော်ပြခဲ့ပါသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကအသိအမှတ်ပြုလက်ခံထားသည့် GNA အစိုးရ၏ တပ်ဖွဲ့များကို ကူညီပံ့ပိုးရန်နှင့် လေ့ကျင့်ပေးရန်အတွက် တူရကီတပ်ဖွဲ့ဝင် များကို လစ်ဗျားနိုင်ငံသို့စေလွှတ်ထားပါသည်။ လစ်ဗျားနိုင်ငံအတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အမြန်ဆုံးလုပ်ဆောင်နိုင်ခြင်းမရှိပါက ပရမ်းပတာအခြေအနေများနှင့် ရင်ဆိုင်နေရမည်ဖြစ်ကြောင်း တူရကီသမ္မတက သတိပေးပြောကြားခဲ့ပါသည်။ လစ်ဗျား နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အားလုံး ဇန်နဝါရီလ ၁၂ ရက်မှစ၍ အပစ်အခတ် ရပ်စဲမှုပြုလုပ်ရန် ရုရှားနှင့် တူရကီ နှစ်နိုင်ငံလုံးက ပူးတွဲတိုက်တွန်းပန်ကြားမှုပြုလုပ် ထားကြောင်း သိရှိရပါသည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင် ရေးအတွက် နားလည်မှုစာချွန်လွှာ ၁၈ ခုအား တူရကီနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ ကြောင်း

 

၁၁။        သိပ္ပံနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင် ရေးအတွက် နားလည်မှုစာချွန်လွှာ ၁၈ ခုအား တူရကီနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ ကြောင်း အီရန်မဟာဗျူဟာမြောက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစင်တာအကြီးအကဲ ဆိုရီနာဆတ်တာရီ (Sorena Sattari) က ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက် များအား ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ၎င်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံသို့သွားရောက်စဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းလည်း ဆတ်တာရီက ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်များအရ နှစ်နိုင်ငံအကြား နည်းပညာကဏ္ဍတွင် အပြန်အလှန်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အသိဉာဏ်ကိုအခြေခံသည့် ထုတ်ကုန်များအတွက် စျေးကွက် ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လစ်ဗျားနိုင်ငံအတွင်းရှိ တူရကီတပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းသွားရန် အစီအစဉ်မရှိကြောင်းနှင့် ကုလသမဂ္ဂကအသိအမှတ်ပြုထားသည့် လစ်ဗျားအစိုးရအား ဆက်လက်ထောက်ပံ့ပေးသွားမည်

 

၁၀။        လစ်ဗျားနိုင်ငံအတွင်းရှိ တူရကီတပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းသွားရန် အစီအစဉ်မရှိကြောင်းနှင့် ကုလသမဂ္ဂကအသိအမှတ်ပြုထားသည့် လစ်ဗျားအစိုးရအား  ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Edrogan) က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသို့ ရောက်ရှိ လျက်ရှိသည့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့်တွေ့ဆုံစဉ် အာဒိုဂန်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်အနေဖြင့် လစ်ဗျားနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အခြေအနေများအားစိုးရိမ် လျက်ရှိပြီး အဆိုပါနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲမှုရရှိရေးအတွက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် လစ်ဗျားနိုင်ငံ၌  ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံအရှေ့ပိုင်းတွင် ဇန်နဝါရီလ ၂၅ ရက်၌ ပြင်းအား ၆.၈ မဂ္ဂနီကျု ရှိသည့် အင်အားပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့

 

၉။           တူရကီနိုင်ငံအရှေ့ပိုင်းတွင် ဇန်နဝါရီလ ၂၅ ရက်၌ ပြင်းအား ၆.၈ မဂ္ဂနီကျု ရှိသည့် အင်အားပြင်းထန်သည့်  ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း  တူရကီသဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့ပါသည်။ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက် အအုံများပြိုကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း အရာရှိ တစ်ဦးက ဇန်နဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါငလျင်ကြောင့်           လူ ၁,၅၅၆ ဦးဒဏ်ရရှိခဲ့ပြီး အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့ပါသည်။ ငလျင်ဒဏ်ဘေးသင့် ဒေသများ၌ အပူချိန် ၂၃ ဒီဂရီဖာရင်ဟိုက်အထိလျော့ကျခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများ အတွက် အရေးပေါ်ရွက်ဖျင်တဲ ၉,၅၀၀ နှင့် အစားအသောက်များထောက်ပံ့ပေးခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Friday, January 24, 2020

ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် နေတိုးအဖွဲ့တွင် တပ်ဆင်အသုံးပြုရန် သင့်လျော်မှုရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့

 

၅။           ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် နေတိုးအဖွဲ့တွင် တပ်ဆင်အသုံးပြုရန် သင့်လျော်မှုရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်နှင့် F-45 တိုက်လေယာဉ်များသည် သဟဇာတဖြစ်ခြင်းမရှိကြောင်း ပြောဆိုနေမှု များနှင့်ပတ်သက်၍ မိမိအနေဖြင့် နေတိုးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျွမ်းကျင် ပညာရှင်များစုဖွဲ့၍ လေ့လာသုံးသပ်မှုများပြုလုပ်သွားရန် အဆိုပြုလိုကြောင်းနှင့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်သည် နေတိုးအဖွဲ့နှင့် စစ်မဟာမိတ်အဖွဲ့အစည်း စနစ်ကို မည်သည့်ခြိမ်းခြောက်မှုအန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်စေမည်မဟုတ်ကြောင်းကို အခိုင်အမာယုံကြည်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့၌ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ အပစ်အခတ် ရပ်စဲရေးကိုလိုက်နာရန် တူရကီနိုင်ငံက မျှော်လင့်

 

၄။           ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ အပစ်အခတ် ရပ်စဲရေးကိုလိုက်နာရန် တူရကီနိုင်ငံက မျှော်လင့်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလပ်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇန်နဝါရီလ ၂၂ ရက်တွင် ပြောကြား ခဲ့ပါသည်။ သူပုန်များထိန်းချုပ်ထားသော အိုင်ဒဲလစ်စီရင်စုတွင် အစိုးရတပ်ဖွဲ့ဝင်များ၏ အရပ်သားများအပေါ်ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ် ဖြစ်ကြောင်း ကာဗူဆိုဂလူက ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း မိန့်ခွန်းပြောကြားစဉ်ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီအနေဖြင့် ရုရှားအထောက်အပံ့ပေးထားသော ဆီးရီးယားအစိုးရတပ်ဖွဲ့များ၏ ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် အိုင်ဒဲလစ်စီရင်မှ ဆီးရီးယားပြည်သူ ၃၀၀,၀၀၀ ခန့်သည် တူရကီနယ်စပ်ရှိ စစ်မဲ့ဇုန်များသို့ ထွက်ပြေး တိမ်းရှောင်နေရမှုအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Wednesday, January 22, 2020

‌ ရုရှားသည် S-400 ဒုံးကျည်စနစ်အတွက် တူရကီသို့ ဒုံးကျည်အစင်း ၁၂၀ ပေးပို့ခဲ့ခြင်း

 


TASS; Jan-21(Tue)

              ရုရှားနိုင်ငံသည် တူရကီနိုင်ငံသို့ S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ၂ ခုနှင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်အစင်း ၁၂၀ ကျော်ပေးပို့ခဲ့ ကြောင်း Tass သတင်းဌာနက ဇန်နဝါရီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ပေးပို့မှုတွင် အထောက်အကူပြုပစ္စည်းများနှင့် အပိုပစ္စည်းများလည်းပါဝင်ပြီး နည်းပညာ လွှဲပြောင်းမှုပါဝင်ခြင်းမရှိကြောင်း ရုရှားသတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့ပါ သည်။ ရုရှားနှင့် တူရကီတို့သည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိသည့် S-400 ဒုံးကျည်စနစ်များပေးပို့ရေးဆိုင်ရာ သဘောတူညီမှုအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီမှု အရ ရုရှားသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် S-400 ဒုံးကျည်စနစ်များအား ပထမ အသုတ်အဖြစ် တူရကီနိုင်ငံသို့ လေကြောင်းမှပေးပို့ခဲ့ပါသည်။

              ရုရှားနှင့် တူရကီတို့သည့် လွှဲပြောင်းပေးအပ်မှုဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် တူရကီနိုင်ငံ အန်ကာရာ (Ankara) မြို့၌ လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်အရ လပေါင်း ၂၀ သက်တမ်းရှိသည့် ပြုပြင်ထိန်းသိမ်းရေးအာမခံရရှိမည်ဖြစ်ပါသည်။ တူရကီအနေဖြင့် S-400 စနစ်များမှတစ်ဆင့်ရရှိလာသည့် အတွေ့အကြုံများအား ကိုယ်ပိုင်ဒုံးကျည် စနစ်များထုတ်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်း၏ ညွှန်ကြားရေးမှူး အစ္စမေးလ်ဒီမာ (Ismail Demir) က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီအနေဖြင့် S-400 စနစ်တပ်ဆင်မှုနှင့် လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းစနစ် များအား ယခုနှစ် ဧပြီလ၊ သို့မဟုတ် မေလတွင် စတင်အသုံးပြုသွားနိုင်မည် ဖြစ်သည်ဟု တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က လွန်ခဲ့သောသီတင်းပတ်အတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အီရန်နိုင်ငံနှင့်အတူ စက်မှုကဏ္ဍနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီစက်မှုနှင့်နည်းပညာဝန်ကြီးက ပြောကြားခဲ့ခြင်း

 

၁၀။        အီရန်နိုင်ငံနှင့်အတူ စက်မှုကဏ္ဍနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီစက်မှုနှင့်နည်းပညာဝန်ကြီး မိုစတာဖာ ဗားနက်ခ် (Mostafa Varnak) က ပြောကြားခဲ့ပါသည်။ တူရကီစက်မှုနှင့် နည်းပညာ ဝန်ကြီး မိုစတာဖာနှင့် အီရန်သိပ္ပံနှင့် နည်းပညာရေးရာဌာန၏ ဒုတိယဥက္ကဋ္ဌ ဆူရန်နာ ဆက်တာရီ(Sourena Sattari) တို့သည် ဇန်နဝါရီလ ၂၁ ရက်၌ တွေ့ဆုံစဉ်​အထက်ပါ အတိုင်းပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ချမ်းသာကြွယ်ဝမှုကိုဖြစ်ပေါ်စေကြောင်းနှင့် စက်မှုလုပ်ငန်း၊ နည်းပညာနှင့် သိပ္ပံကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရာတွင် လည်း အထောက်အကူဖြစ်စေကြာင်း အဆိုပါတွေ့ဆုံမှုအတွင်း  စက်မှုနှင့် နည်းပညာ ဝန်ကြီး မိုစတာဖာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Tuesday, January 21, 2020

တူရကီသည် လစ်ဗျားအရေးကိစ္စ၌ ပိုမိုပါဝင်သွားနိုင်ရန် မျှော်မှန်းလျက်ရှိခြင်း


Xinhua; Jan-20 (Mon)

              ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များသည် ဇန်နဝါရီလ ၁၉ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်(Berlin) မြို့တော်၌ လစ်ဗျားငြိမ်းချမ်းရေးဆွေးနွေးပွဲညီလာခံကို ကျင်းပပြုလုပ် ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲ၌ ကမ္ဘာ့ခေါင်းဆောင်များသည် လစ်ဗျားငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်ပကြားဝင်စွက်ဖက်မှုကိုကန့်သတ်ရန် သဘောတူညီခဲ့ပြီး လစ်ဗျား နိုင်ငံသို့ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုကိုရပ်တန့်ရန်နှင့် ကုလသမဂ္ဂမှချမှတ်ထားသည့် လက်နက်ကုန်သွယ်ရေးတားမြစ်ချက်များပါဝင်သော သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ပါသည်။ သို့သော် အဆိုပါညီလာခံ၌ ကုလသမဂ္ဂကျောထောက်နောက်ခံပြု လစ်ဗျား အစိုးရအဖွဲ့(Government of National Accord-GNA) နှင့် လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan National Army-LNA) တို့အကြား ရေရှည်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။ တူရကီနိုင်ငံအနေဖြင့် GNA နှင့် LNA အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးအတွက် လက်တွေ့လုပ်ဆောင်လျက်ရှိပြီး လစ်ဗျား နိုင်ငံ၏ငြိမ်းချမ်းရေးတွင် တူရကီနိုင်ငံပါဝင်ခြင်းသည် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် များပိုမိုရရှိလာစေရန်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က အဆိုပါညီလာခံအတွင်း ပြောကြားခဲ့ပါသည်။

          ဘာလင်မြို့တွင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲပြီးနောက် တူရကီနိုင်ငံက ၎င်းတို့အနေဖြင့် လစ်ဗျားနိုင်ငံ၏ငြိမ်းချမ်းရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ရန် ဆုံးဖြတ်ထားခြင်းဖြစ် ကြောင်း ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လစ်ဗျားငြိမ်းချမ်းရေးဆွေးနွေးပွဲ ညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တူရကီသမ္မတ အာဒိုဂန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့ သီးခြားတွေ့ဆုံခဲ့ကြပြီး တူရကီနိုင်ငံအနေဖြင့် လစ်ဗျား၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အဓိကအရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နိုင်ရေး နှင့်ပတ်သက်၍ ရုရှားအား တောင်းဆိုခဲ့ပါသည်။ တူရကီနိုင်ငံသည် လက်တွေ့ကျသော နည်းလမ်းနှင့် သံတမန်ရေးနည်းလမ်းတို့အားအသုံးပြု၍ လစ်ဗျားနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အပစ်အခတ်ရပ်စဲ ခြင်းနှင့် နိုင်ငံရေးဆိုင်ရာအဖြေရှာခြင်းတို့ကြောင့် ဘာလင်ညီလာခံဖြစ်ပေါ်လာရခြင်းဖြစ် ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။