Tuesday, February 28, 2023

ဆားဘီးယား၏ EU အဖွဲ့ဝင်ဖြစ်မှုသည် ဒေသတွင်းလုံခြုံရေးကို အာမခံနိုင်မည်ဆိုခြင်း

 TASS; Feb-28(Tue)


ဥရောပသမဂ္ဂ (EU) သို့ ဆားဘီးယားနိုင်ငံဝင်ရောက်မှုသည် ဒေသတစ်ဝန်း လုံခြုံရေးအာမခံချက်ကို ခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်းနှင့် အနောက်ဘော်လ်ကန် (Western Balkan) ဒေသနိုင်ငံများသည် EU ၏ ငြိမ်းချမ်းရေးအစီအစဉ်များ၏ အစိတ်အပိုင်းအဖြစ် ပါဝင်သင့်ကြောင်း ဆားဘီးယားဝန်ကြီးချုပ် အန်နာဘာနာဘစ် (Ana Brnabic) က ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ EU အဖွဲ့သို့ ဆားဘီးယားနိုင်ငံ ဆောလျင်စွာဝင်ရောက်နိုင်မှုသည် EU နိုင်ငံများအကြား အပြန်အလှန်နားလည်မှုနှင့် ရေရှည်ငြိမ်းချမ်းရေးတို့ကို အာမခံပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် EU သည် ဆားဘီးယားနိုင်ငံအတွင်း အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ကိုဆိုဗိုပြဿနာကိုဖြေရှင်းရာတွင် EU ၏ ပါဝင် ဆောင်ရွက်မှုရလဒ်များသည် ဥရောပသမဂ္ဂ၏ဂုဏ်သတင်းကို တိုက်ရိုက်လွှမ်းမိုးစေမည် ဖြစ်ကြောင်းလည်း ဘာနာဘစ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ EU အဖွဲ့သို့ ဆားဘီးယား နိုင်ငံဝင်ရောက်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းမှု ရှိစေရေးတို့ကို တိုးမြှင့်လုပ်ဆောင်ရန်အရေးကြီးသကဲ့သို့ ဆားဘီးယား-ကိုဆိုဗို ဆွေးနွေးမှု သည်လည်း ဦးစားပေးကိစ္စရပ်တစ်ခုဖြစ်သည်ဟု ၎င်းက ပြောကြားထားပါသည်။

ဆားဘီးယား-ကိုဆိုဗိုဆွေးနွေးမှုများတွင် ကိုဆိုဗိုရှိဆာ့ဘ်လူမျိုးစုများအတွက် အုပ်ချုပ်ရေးအသိုက်အဝန်းတစ်ခု ထူထောင်ရေးကိစ္စရပ်ပါဝင်သင့်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောကြားထားပါသည်။ ဆာ့ဘ်လူမျိုးစုအုပ်ချုပ်ရေးအသိုက်အဝန်းတစ်ခု ထူထောင်ရန်ရည်ရွယ်၍ ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ဘရပ်ဆဲလ်သဘောတူညီချက်များကို ရရှိခဲ့ကြပါသည်။ ကိုဆိုဗိုအစိုးရအနေဖြင့် အဆိုပါသဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိ သော်လည်း ဆားဘီးယားအစိုးရအနေဖြင့် အပြည့်အဝလိုက်ပါလုပ်ဆောင်ခဲ့ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားထားပါသည်။ ဆားဘီးယားသမ္မတနှင့် ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင် ကာတီ (Albin Kurti) တို့သည် ဥရောပသမဂ္ဂနိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက် ဘော်ရယ် (Josep Borrell) ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဟန်ဂေရီနှင့် အီဂျစ်တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

 REMIX; Feb-28(Tue)


ဟန်ဂေရီနှင့် အီဂျစ်အစိုးရတို့သည် ရွှေ့ပြောင်းနေထိုင်မှု၊ ပညာရေးနှင့် နျူကလီးယား စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များအတွက် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက် များကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာစေရန်အတွက်လည်း သဘောတူညီခဲ့ပါသည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orbán) နှင့် အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah el-Sisi) တို့ တက်ရောက်ခဲ့သော အီဂျစ်နိုင်ငံ၊ မြို့တော်ကိုင်ရိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း နှစ်နိုင်ငံသဘောတူညီချက်များကို ထုတ်ပြန် ကြေညာခဲ့ပါသည်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး၊ ဟန်ဂေရီ ပညာသင်ဆုအစီအစဉ်များ ပိုမိုမြှင့်တင်ရေးနှင့် အဆင့်မြင့်ပညာရေး၊ စီးပွားရေးနှင့် စွမ်းအင်ထောက်ပံ့မှုစသည့် ကဏ္ဍများတွင် သဘောတူညီချက်များ ချမှတ်နိုင်ခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Péter Szijjártó) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထို့ပြင် အဓိကစက်မှုလုပ်ငန်းများသက်ဆိုင်သည့် ကိစ္စရပ်များကို ပိုမိုချဲ့ထွင် လုပ်ဆောင်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်တို့အတွက် ဟန်ဂေရီ ကိုယ်စားလှယ်အဖွဲ့တွင် ဟန်ဂေရီစီးပွားရေးလုပ်ငန်းရှင် ၂၀ ကျော်ပါဝင်ကြောင်း ပီတာဆီဂျာတိုက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ လက်ရှိတွင် နှစ်နိုင်ငံအကြား ၎င်းတို့၏ ပြည်တွင်းနျူကလီးယားစွမ်းအင်ထွက်ရှိမှုကိုတိုးမြှင့်ရန် ကတိပြုထားပြီး နျူကလီးယား ဆိုင်ရာ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါနယ်ပယ်တွင် လေ့ကျင့်သင်ကြားမှုနှင့် နည်းပညာဆိုင်ရာ သုတေသနတွေ့ရှိချက် များကို နှစ်နိုင်ငံအကြား မျှဝေရန်အတွက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။ သဘောတူညီချက်များ၏ အဓိကအကျိုး ရလဒ်မှာ ၂၀၂၆ ခုနှစ်တွင် ဟန်ဂေရီ၏ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုကဏ္ဍတွင် အီဂျစ်နိုင်ငံမှလည်း ပူးပေါင်းပါဝင်လာနိုင်မည်ဖြစ်ပြီး ဟန်ဂေရီကုမ္ပဏီများသည်လည်း အနာဂတ်တွင် စူးအက်တူးမြောင်းစီးပွားရေးဇုန် (SCZONE) ကို အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးသည် အန်ကာရာစက်မှုလုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော သီရိလင်္ကာသံအမတ်ကြီးသည် အန်ကာရာစက်မှုလုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌနှင့် မတ်လ ၁ ရက်တွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ်အတွင်း သံအမတ်ကြီးအား စက်မှုလုပ်ငန်းရှင်များအဖွဲ့၏ အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ကာကွယ်ရေး၊ သတ္ထုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်မီးလုပ်ငန်း နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။ သီရိလင်္ကာသံအမတ်ကြီးကလည်း သီရိလင်္ကာနိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်ရေး အခွင့်အလမ်းများအဖြစ် သတ္ထုတူးဖော်ရေး၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ ရိုးရာထုတ်ကုန် များလုပ်ငန်း၊ ခေတ်မီကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲအစိုးရအနေဖြင့် ရွေးကောက်ပွဲများကို မေလ ၁၄ ရက်တွင်ကျင်းပရန် စီစဉ်ထားခြင်း

တူကီယဲနိုင်ငံတောင်ပိုင်း၌ ဖေဖော်ဝါရီလ ၆ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင် ဖြစ်စဉ်နှစ်ခုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်သော်လည်း တူကီယဲအစိုးရအနေဖြင့် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို မေလ ၁၄ ရက်တွင်ကျင်းပရန် စီစဉ်ထားကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မတ်လ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဆားဘီးယားသမ္မတသည် ကိုဆိုဗို၏ ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ်ဝင်ရောက်မှုကို ကန့်ကွက်သွားရန် ဆုံးဖြတ်ထားသည်ဆိုခြုင်း

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) သည် ကိုဆိုဗို၏ ကုလသမဂ္ဂသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်မှုကို ကန့်ကွက်သွားရန် ဆုံးဖြတ်ထားကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က မတ်လ ၁ ရက်တွင် ပြောကြား ခဲ့ပါသည်။ ကိုဆိုဗိုနှင့် ဆားဘီးယားခေါင်းဆောင်တို့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက် တွေ့ဆုံမှုအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်ရေး နှင့်ပတ်သက်၍ အဆိုပြုလွှာတစ်စောင်ကို လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့ကြ ကြောင်း EU က ကြေညာခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ကန့်ကွက်ခြင်းသည် EU မှ အဆိုပြု ထားသော အပိုဒ် ၄ ကို ပြတ်ပြတ်သားသား ဖောက်ဖျက်ခြင်းဖြစ်ကြောင်းနှင့် နှစ်ဖက် အနေဖြင့် သစ္စာရှိရှိ ညှိနှိုင်းမှသာလျှင် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆားဘီးယားသည် ကိုဆိုဗိုဆိုင်ရာ ဥရောပရေးဆွဲသော အစီအစဉ်တွင်ပါရှိသော အကြောင်းအရာ များစွာကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေသော်လည်း အပြန်အလှန်အသိအမှတ် ပြုမှု၊ သို့မဟုတ် ကုလသမဂ္ဂတွင် ကိုဆိုဗိုအဖွဲ့ဝင်ဖြစ်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှု မပြုလုပ် ရသေးခြင်းတို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု သမ္မတ ဘူစစ်က တုံ့ပြန်ပြောကြား ထားကြောင်း သိရှိရပါသည်။

မော်ရိုကိုနှင့် ဩစတြီးယားတို့သည် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ နိုင်ရန်နှင့် မိတ်ဖက်ဆံရေးမြှင့်တင်နိုင်ရန် မဟာဗျူဟာမြောက် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ခြင်း

မော်ရိုကိုနှင့် ဩစတြီးယားနိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ နိုင်ရန်နှင့် မိတ်ဖက်ဆံရေးမြှင့်တင်နိုင်ရန်အတွက် မဟာဗျူဟာမြောက် ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Xinhua သတင်းဌာနက မတ်လ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၂၄၀ ပြည့် အထိမ်းအမှတ် အဖြစ် ဩစတြီးယားဝန်ကြီးချုပ် ကာလ်နီဟမ်မာ (Karl Nehammer) သည် မော်ရိုကို နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိခဲ့ပြီး မော်ရိုကိုဝန်ကြီးချုပ် အဇစ်အခန်နော့ချ် (Aziz Akhannouch) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာကိစ္စရပ်များနှင့် လူကုန်ကူးမှုတို့ကို အတူတကွတိုက်ဖျက်ရန်၊ လုံခြုံရေးနှင့် တရားမဝင်ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နယ်ပယ်များတွင် ခိုင်မာအားကောင်း သည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂရိနိုင်ငံမြောက်ပိုင်းတွင် ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့တိုက်မိခဲ့ရာ မီးလောင်မှုများဖြစ်ပွားပြီး ခရီးသည် ဒါဇင်နှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ခြင်း

ဂရိနိုင်ငံမြောက်ပိုင်းတွင် မတ်လ ၁ ရက်အစောပိုင်းက ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့တိုက်မိခဲ့ရာ မီးလောင်မှုများဖြစ်ပွားပြီး ခရီးသည် ဒါဇင်နှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့အရာရှိများ၏ ပြောကြားချက်များကို ကိုးကား၍ nzherald သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ခရီးသည်များကို ကူညီကယ်ဆယ်ရန် အတွက် လူနာတင်ယာဉ်များ နီးစပ်ရာဒေသများမှ ရောက်ရှိလာကြပြီး စစ်ဘက်တပ်ဖွဲ့ များကိုလည်း အကူအညီတောင်းခံထားကြောင်း၊ ကူညီကယ်ဆယ်သူများမှာ မီးခိုးများ ကြားမှ အပျက်အစီးအပိုင်းအစများကိုဖယ်ထုတ်၍ ပိတ်မိနေသူများကို ကယ်ဆယ်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါဒေသရှိ ဆေးရုံနှစ်ခုကိုလည်း အရေးပေါ်တာဝန် ထမ်းဆောင်နိုင်ရန် အသင့်ပြင်ဆင်ထားရှိကြောင်း သိရှိရပါသည်။

ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရန်အတွက် ဥရောပသမဂ္ဂဦးဆောင်သည့် ဆွေးနွေးမှုကို အမေရိကန်က ကြိုဆိုထောက်ခံခဲ့ခြင်း

ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား ဆက်ဆံရေးဆိုင်ရာများ ပုံမှန်ပြန်ဖြစ်စေရန် အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ ဘရပ်ဆဲလ်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂဦးဆောင်သည့် နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးမှုကို အမေရိကန်က ကြိုဆိုထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက မတ်လ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံနယ်စပ်ပြဿနာကြောင့် တင်းမာမှုများ မြင့်တက်လာပြီးနောက် ပေါင်းစည်းရေးလုပ်ငန်းစဉ်တိုးတက်စေရန်အတွက် နှစ်နိုင်ငံအကြား ပြဿနာများကို ဖြေရှင်းနိုင်သည့် သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးအတွက် ဥရောပ သမဂ္ဂမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယား နိုင်ငံထံမှ လွတ်လပ်ရေးကြေညာခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် တူကီယဲအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက အသိအမှတ်ပြုခဲ့ကြကြောင်း သိရှိရပါသည်။

Tuesday, February 21, 2023

ဂရိနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန် နိုင်ငံခြားရေးတို့တွေ့ဆုံခဲ့ခြင်း

ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) တို့သည် ဂရိနိုင်ငံ၌ ဖေဖော်ဝါရီလ ၂၁ ရက်တွင်ပြုလုပ်သည့် (၄)ကြိမ်မြောက် ဂရိ-အမေရိကန်မဟာဗျူဟာ မြောက်ဆွေးနွေးပွဲ (Greece-US Strategic Dialogue) သို့ တက်ရောက်ဆွေးနွေးခဲ့ကြ ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ကာကွယ်ရေးကဏ္ဍ၊ တူကီယဲနိုင်ငံနှင့်ဆက်ဆံရေး၊ ယူကရိန်းပဋိပက္ခနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဂရိ နှင့် အမေရိကန်နိုင်ငံတို့အကြား ဆက်ဆံရေးသည် အမြင့်ဆုံးအဆင့်သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့က ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်ဟု သိရှိရပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများတွင် မှတ်ပုံတင်ထားသည့် ယာဉ်များနှင့် ဥရောပ လွတ်လပ်စွာ ကုန်သွယ်ရေးအသင်း (EFTA) မှလွဲ၍ ပိုလန်နယ်စပ်စစ်ဆေးရေးဂိတ် ကူကူးရစ်ခ် (Kukuryki) တွင် ကုန်တင်ကားကြီးများ၏ သွားလာမှုကို ကန့်သတ်သွား မည်ဆိုခြင်း

 အီးယူအဖွဲ့ဝင်နိုင်ငံများတွင် မှတ်ပုံတင်ထားသည့် ယာဉ်များနှင့် ဥရောပ လွတ်လပ်စွာ ကုန်သွယ်ရေးအသင်း (EFTA) မှလွဲ၍ ပိုလန်နယ်စပ်စစ်ဆေးရေးဂိတ် ကူကူးရစ်ခ် (Kukuryki) တွင် ကုန်တင်ကားကြီးများ၏ သွားလာမှုကို ကန့်သတ်သွား မည်ဟု ပိုလန်က ပြောကြားခဲ့ကြောင်း BELTA သတင်းဌာနက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါကန့်သတ်မှုအား ပိုလန်နယ်စပ် စစ်ဆေးရေးအဖွဲ့မှ ဘီလာရုဇ် နိုင်ငံသို့ အကြောင်းကြားထားပြီး ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၁၀၀ နာရီမှစတင်၍ ကန့်သတ် သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် EFTA နှင့် EU အဖွဲ့ဝင်နိုင်ငံများတွင် မှတ်ပုံမတင်ထားသော ကုန်တင်ကားများသည် ပိုလန်-ဘီလာရုဇ်နယ်စပ်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ဘီလာရုဇ်ပြည်နယ်ရှိ နယ်ခြားကော်မတီအနေဖြင့်လည်း ယာဉ်မောင်းများသည် နယ်စပ် ဖြတ်ကျော်ရန်စီစဉ်သည့်အခါ သက်ဆိုင်ရာအချက်အလက်များကို ယူဆောင်လာကြရန် အကြံပြုထားကြောင်း သိရှိရပါသည်။

Monday, February 20, 2023

NATO အဖွဲ့သည် တူကီယဲသို့ ယာယီဆောက်လုပ်နေထိုင်နိုင်သည့်နေအိမ်များ ပို့ဆောင်ခဲ့ခြင်း

 Anadolu Agency;Feb-20(Mon)

            NATO အဖွဲ့သည် တူကီယဲနိုင်ငံရှိ မြေငလျင်ဒဏ်ခံစားနေရသောဒေသများသို့ ယာယီဆောက်လုပ်နေထိုင်နိုင်သည့် နေအိမ်အလုံးပေါင်း ၆၀၀ ကျော်အပါအဝင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ NATO အဖွဲ့သည် တူကီယဲနိုင်ငံအတွက် ယာယီနေအိမ်အလုံးပေါင်း ၁,၀၀၀ ကျော် ပေးပို့သွားမည်ဖြစ်ပြီး ကနဦးပို့ဆောင်သည့် အဆိုပါယာယီနေအိမ် ၆၀၀ ကျော်ကို သယ်ဆောင်လာသော ရေယာဉ်သည် အီတလီ နိုင်ငံ၊ တာရန်တို (Taranto) ဆိပ်ကမ်းမှ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းတွင် ထွက်ခွာ ခဲ့ကြောင်း NATO အဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထောက်ပံ့မှုသည် မြေငလျင်ဒဏ် ကြောင့် ထိခိုက်ခံစားနေရသည့် တူကီယဲပြည်သူ ၄,၀၀၀ ခန့်အတွက် ယာယီနေအိမ် များအဖြစ် ဆောက်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။

            အဆိုပါယာယီနေအိမ်များအား လာမည့်သီတင်းပတ်တွင် တူကီယဲနိုင်ငံ၊ အစ်ကန်ဒီရန် (Iskenderun) ဆိပ်ကမ်းသို့ ရောက်ရှိလိမ့်မည်ဟု မျှော်မှန်းထားလျက်ရှိ ပါသည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံမှ တူကီယဲနိုင်ငံသို့ မိုးကာတဲများပေးပို့မည့် မဟာ ဗျူဟာမြောက် လေကြောင်းသယ်ယူပို့ဆောင်မှုအစီအစဉ်တွင်လည်း ပူးပေါင်းပါဝင်လျက် ရှိကြောင်း NATO အဖွဲ့က ပြောကြားခဲ့ပါသည်။ NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) ၏ ဖေဖော်ဝါရီလ ၁၆ ရက်တွင် သွားရောက် ခဲ့သည့် တူကီယဲခရီးစဉ်အတွင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါအစီအစဉ်များထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၆ ရက်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင် ၂ ခုကြောင့် တူကီယဲပြည်သူပေါင်း ၄၁,၀၂၀ ခန့် သေဆုံးခဲ့ပြီး လက်ရှိအချိန်တွင် တူကီယဲနိုင်ငံတွင် မြေငလျင်ဒဏ်ခံစားနေရသည့် ပြည်သူ ၁၃ သန်းကျော်အထိရှိနေကြောင်း သိရှိရပါသည်။

Sunday, February 19, 2023

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် တူကီယဲနိုင်ငံသို့သွားရောက်ခဲ့ခြင်း

 ငလျင်ဘေးဒဏ်ကြောင့် လူပေါင်းသောင်းနှင့်ချီကာ သေဆုံးခဲ့ရသည့် တူကီယဲနိုင်ငံသို့ အကူအညီပေးအပ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) သည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် တူကီယဲနိုင်ငံသို့သွားရောက်ခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်အနေဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့်လည်း တွေ့ဆုံသွားရန် စီစဉ် ထားရှိပါသည်။ အမေရိကန်နိုင်ငံသည် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် တူကီယဲနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၈၅ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတသည်လစ်ဗျားဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘိုင်ဘတ်ရှ် (Abdul Hamid Dbeibeh) နှင့် တူကီယဲနိုင်ငံ၊ မြို့တော် အစ္စတန်ဘူလ် (Istanbul) တွင် တံခါးပိတ် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တူကီယဲနိုင်ငံပိုင် Yeni Safak သတင်းဌာနက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ကိစ္စရပ်များကိုမူ တူကီယဲအစိုးရအနေဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ တူကီယဲနိုင်ငံတွင် ဖေဖော်ဝါရီလ ရက်၌ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့၏တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


အမေရိကန်သမ္မတ၏ ပိုလန်ခရီးစဉ်အတွင်း ပိုလန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေးအတွက် ဆွေးနွေးသွားမည်ဆိုခြင်း

 Yahoo;Feb-19(Sun)

            ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့သည် ပိုလန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေးနှင့် အမြဲတမ်းတပ်စွဲထားရှိရေးကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ် ကြောင်း မိုရာဝီခ်ကီက ပြောကြားခဲ့သည်ဟု Yahoo သတင်းဌာနက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ ပိုလန်နိုင်ငံသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း အထက်ပါအတိုင်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ခရီးစဉ်အတွင်း ဘိုင်ဒင်သည် ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) အပါအဝင် အရှေ့ဥရောပမဟာမိတ်များနှင့် တွေ့ဆုံ၍ ယူကရိန်းအရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။

            အမေရိကန်သည် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် စတင်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မတိုင်မီကတည်းကပင် ပိုလန်နိုင်ငံတွင် ၎င်း၏တပ်ဖွဲ့ဝင်များကို တိုးမြှင့်တပ်ဖြန့်ချထားခဲ့ရာ လက်ရှိတွင် ပိုလန်နိုင်ငံ၌ အလှည့်ကျ တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင် ၁၁,၀၀၀ ဦးခန့်ရှိကြောင်း CBS သတင်းဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Yahoo သတင်းဌာနက ဖော်ပြထားပါသည်။ အမေရိကန် သည် ရုရှားနိုင်ငံ၏ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ပိုလန်နိုင်ငံတွင် အခြေချ စစ်ဌာနချုပ်အသစ်တစ်ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

            ရုရှား-ယူကရိန်းပဋိပက္ခမစတင်မီအချိန်ကတည်းကပင် အမေရိကန်ဦးဆောင်သော NATO အဖွဲ့သည် ဥရောပဒေသ၌ တပ်ဖွဲ့ဝင်အမြောက်အမြားကို တပ်ဖြန့်ချထားခဲ့ပြီး ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ဥရောပဒေသ၌ တပ်ဖွဲ့ဝင်များကို တိုးမြှင့်တပ်ဖြန့်ချထားခဲ့ကြောင်း တွေ့ရှိရပါသည်။  ထို့ပြင် အမေရိကန်သည် ရုရှား၏ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်နိုင်စေရန်နှင့် ပိုလန်၏စစ်ရေးစွမ်းရည်ကို ခိုင်မာအားကောင်းလာစေရန်အတွက်ရည်ရွယ်၍ ပိုလန်နိုင်ငံ အတွက် ပြည်ပစစ်ဘက်ဆိုင်ရာရန်ပုံငွေ (Foreign Military Financing-FMF) အဖြစ် အမေရိကန်ဒေါ်လာ ၂၈၈.၆ သန်းကို အမေရိကန်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ ကြောင်း ပိုလန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လက်ရှိတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှား-ယူကရိန်း  ပဋိပက္ခနှင့်ပတ်သက်၍ ပထဝီအနေအထားအရ စိုးရိမ်ဖွယ်ရာရှိသည့် ပိုလန်နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်ပါသည်။ ၎င်းခရီးစဉ် အတွင်း သမ္မတ ဘိုင်ဒင်သည် ပိုလန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်များတိုးမြှင့်ချထားရေးနှင့် အမြဲတမ်းတပ်စွဲထားရှိရေးကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ သမ္မတ ဘိုင်ဒင်၏ ပိုလန်ခရီးစဉ်မှတစ်ဆင့် ပိုလန်နှင့် အမေရိကန်တို့အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လာသည်နှင့်အမျှ ပိုလန်နိုင်ငံ သည် ရုရှားနိုင်ငံ၏ စစ်ရေးအရခြိမ်းခြောက်မှုများကို ပိုမိုရင်ဆိုင်သွားရနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


Saturday, February 18, 2023

တူကီယဲနိုင်ငံ၌ ငလျင်ကပ်ဘေးဖြစ်ပေါ်ပြီးနောက်ပိုင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၌ နိုင်ငံပေါင်း ၈၈ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၁,၀၀၀ ဦးကျော် ပူးပေါင်း ပါဝင်ခဲ့ခြင်း

တူကီယဲနိုင်ငံ၌ ငလျင်ကပ်ဘေးဖြစ်ပေါ်ပြီးနောက်ပိုင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၌ နိုင်ငံပေါင်း ၈၈ နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၁,၀၀၀ ဦးကျော် ပူးပေါင်း ပါဝင်ခဲ့ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဖော်ပြထား ပါသည်။ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့၏ လုပ်ငန်း တာဝန်များပြီးဆုံး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၁၀၂ နိုင်ငံမှလည်း ကူညီထောက်ပံ့မှုများပေးအပ်ရေးအတွက် ကမ်းလှမ်းထားရှိကြောင်း ကိုလည်း ကာဗူဆိုဂလူက ဆက်လက်ပြောကြားခဲ့ပါသည်။ နောက်ဆုံးမြေပြင်သတင်း များအရ တူကီယဲနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် ငလျင်ကပ်ဘေးများကြောင့် လူပေါင်း ၄၀,၀၀၀ ဦး နီးပါးသေဆုံးခဲ့ပြီး ၁၀၅,၀၀၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ ပါသည်။

ဟန်ဂေရီနိုင်ငံသည် ယခုနှစ်နှောင်းပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံထံမှ သဘာဝ ဓာတ်ငွေ့ ၁ ဘီလီယံကုဗမီတာမှ ၂ ဘီလီယံကုဗမီတာအထိ တင်သွင်းရန်ဆောင်ရွက် လျက်ရှိခြင်း

 ဟန်ဂေရီနိုင်ငံသည် ယခုနှစ်နှောင်းပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံထံမှ သဘာဝ ဓာတ်ငွေ့ ၁ ဘီလီယံကုဗမီတာမှ ၂ ဘီလီယံကုဗမီတာအထိ တင်သွင်းရန်ဆောင်ရွက် လျက်ရှိကြောင်း ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာစီဂျာတို (Peter Szijjártó) က ထုတ်ပြန်ခဲ့ကြောင်း TASS သတင်းဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။  အဇာဘိုင်ဂျန်နိုင်ငံထံမှ ဓာတ်ငွေ့ထောက်ပံ့မှုရရှိရန်အတွက် ဒေသတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဟန်ဂေရီနိုင်ငံအနေဖြင့် အဆိုပါဆောင်ရွက်ချက်တွင် ဥရောပ သမဂ္ဂ၏ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုအပေါ် အလေးထားကြောင်းကိုလည်း စီဂျာတိုက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Friday, February 17, 2023

ဂရိနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် အေဂျီယံပင်လယ်ရှိ ဂရိနိုင်ငံပိုင် အဲလက်ဇန်ဒရိုပိုလီစ် (Alexandroupolis) ဆိပ်ကမ်းမှ ရေနံစိမ်းများကို ဘူလ်ဂေးရီးယား နိုင်ငံ၊ ဘူဂစ်မြို့ (Burgas) ရှိ ပင်လယ်နက်ဆိပ်ကမ်းသို့ ပို့ဆောင်ရန်အတွက် ပိုက်လိုင်း စီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်သွားမည်ဆိုခြင်း

ဂရိနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် အေဂျီယံပင်လယ်ရှိ ဂရိနိုင်ငံပိုင် အဲလက်ဇန်ဒရိုပိုလီစ် (Alexandroupolis) ဆိပ်ကမ်းမှ ရေနံစိမ်းများကို ဘူလ်ဂေးရီးယား နိုင်ငံ၊ ဘူဂစ်မြို့ (Burgas) ရှိ ပင်လယ်နက်ဆိပ်ကမ်းသို့ ပို့ဆောင်ရန်အတွက် ပိုက်လိုင်း စီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဂရိ ဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြားခဲ့ သည်ဟု Al Arabiya သတင်းဌာနက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘူလ်ဂေးရီးယားအနေဖြင့် ပင်လယ်နက်ရှိ ၎င်းတို့၏တစ်ခုတည်းသော ရေနံချက်စက်ရုံ အတွက် ရုရှားထံမှ ရေနံစိမ်းရယူခြင်းကင်းဝေးစေရန် ကီလိုမီတာ ၃၀၀ ရှည်လျားသော ဘော်လကန်ဒေသအား ဖြတ်ကျော်၍ ရေနံပိုက်လိုင်းကို တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ဂရိလျှပ်စစ်စွမ်းအင်ထုတ်လုပ်သူများအနေဖြင့် ဘူလ်ဂေးရီးယားတွင် ၎င်းတို့၏ ဓာတ်ငွေ့များအား သိုလှောင်နိုင်ရေးအတွက်လည်း သဘောတူညီမှုများရရှိခဲ့ကြောင်း မစ်ဆိုတားကစ်က ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

Thursday, February 16, 2023

NATO အထွေထွေအတွင်းရေးမှူးချုပ်သည် ဆွီဒင်နှင့် ဖင်လန်တို့အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ ဖယ်ရှားပေးသွားရန် တူကီယဲနိုင်ငံအား တိုက်တွန်းပြောကြားခဲ့ခြင်း

 Euro News; Feb-16(Thu)

            ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့အနေဖြင့် တူကီယဲနိုင်ငံ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် တူကီယဲနိုင်ငံအနေဖြင့် ၎င်းတို့ အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများအား ဖယ်ရှားပေးသွားရန် NATO အထွေထွေ အတွင်းရေးမှူးချုပ် ဂျင်န်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က တိုက်တွန်းပြောကြား ခဲ့သည်ဟု Euro News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂျင်န်စတိုတန်ဘာ့ဂ် အနေဖြင့် ၎င်းနှစ်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးအတွက် အတည်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်မှုအဖြစ် တူကီယဲနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ ရောက်ရှိနေခြင်းဖြစ်ပါသည်။ ထို့ပြင် နော်ဒစ်ဒေသတွင်းနှစ်နိုင်ငံဖြစ်သော ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အနေဖြင့်လည်း ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ၎င်းတို့ ကာလရှည်ကျင့်သုံးခဲ့သော ဘက်မလိုက် မူဝါဒအား စွန့်လွှတ်ကာ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်ဟု သတင်းဌာနက ဖော်ပြထားပါသည်။

            လက်ရှိတွင် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးနှင့် စပ်လျဉ်း၍ NATO အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိသည့်အနက် အဖွဲ့ဝင် ၂၈ နိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးထားပြီး တူကီယဲနှင့် ဟန်ဂေရီနိုင်ငံတို့သာ အတည်ပြုလက်မှတ် ရေးထိုးရန် ကျန်ရှိပါသည်။ သို့သော်လည်း ဆွီဒင်နိုင်ငံအနေဖြင့် မကြာသေးမီ သီတင်းပတ်များအတွင်းက နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုများအတွက် ကုရ်အန်ကျမ်းအား လူသိရှင်ကြား မီးရှို့ဖျက်ဆီးခြင်းကို ခွင့်ပြုခဲ့ခြင်းကြောင့် တူကီယဲ နိုင်ငံ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ အလားတူ ၎င်းနိုင်ငံအတွင်း၌ တူကီယဲနိုင်ငံမှ အကြမ်းဖက်အုပ်စုဟု သတ်မှတ်ထားသော ကာ့ဒ်သူပုန်များအပေါ် ကိုင်တွယ်ထိန်းချုပ်မှုများနှင့်စပ်လျဉ်း၍လည်း တူကီယဲနိုင်ငံ၏ ပြစ်တင်မှုများနှင့် ရင်ဆိုင် ရလျက်ရှိပါသည်။ ထို့ပြင် ဖင်လန်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးနှင့် စပ်လျဉ်း၍လည်း တူကီယဲနှင့် ဖင်လန်နိုင်ငံတို့အကြား ပြဿနာအနည်းငယ်ရှိသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ယခုလအစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Wednesday, February 15, 2023

ဆားဘီးယားနှင့်ကိုဆိုဗိုတို့အနေဖြင့် နှစ်ဖက်ဆက်ဆံရေး အပြည့်အဝပြန်လည် တည်ဆောက်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ တတ်နိုင်သမျှအမြန်ဆုံးစတင်ရန် လိုအပ် ကြောင်း ဆလိုဗေးနီးယားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ခြင်း

ဆားဘီးယားနှင့်ကိုဆိုဗိုတို့အနေဖြင့် နှစ်ဖက်ဆက်ဆံရေး အပြည့်အဝပြန်လည် တည်ဆောက်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ တတ်နိုင်သမျှအမြန်ဆုံးစတင်ရန် လိုအပ် ကြောင်း ဆလိုဗေးနီးယားနိုင်ငံခြားရေးဝန်ကြီး တန်ဂျာဖာဂျွန် (Tanja Fajon) က ဇန်နဝါရီလ ၁၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ ၎င်းသည် ကိုဆိုဗိုနိုင်ငံခြားရေး ဝန်ကြီး ဒိုနီကာဂျာဗယ်လာဆာဝါဇ် (Donika Gervalla-Schwarz) နှင့် ကိုဆိုဗိုမြို့တော် ပရစ်ရှ်တီနာ (Pristina) ၌ ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အထက်ပါ အတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။ ဆလိုဗေးနီးယားနိုင်ငံအနေဖြင့် စွမ်းအင်၊ ရေအရင်း အမြစ်နှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာကဏ္ဍများတွင် ကိုဆိုဗိုနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မော်လ်ဒိုဗာဝန်ကြီးချုပ်လောင်း ဒိုရင်ရီဆင်သည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော ၎င်း၏အစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် လွှတ်တော်၌မဲခွဲဆုံးဖြတ်ရန် တင်သွင်းသွားမည်ဆိုခြင်း

မော်လ်ဒိုဗာဝန်ကြီးချုပ်လောင်း ဒိုရင်ရီဆင် (Dorin Recean) သည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော ၎င်း၏အစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် လွှတ်တော်၌မဲခွဲဆုံးဖြတ်ရန် တင်သွင်းသွားမည်ဖြစ်ပါသည်။ ရီဆင်သည် စွမ်းအင်၊ အခြေခံအဆောက်အအုံသစ်နှင့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် တရားရေးဝန်ကြီးဌာနဝန်ကြီးများကိုသာ ဝန်ကြီးအသစ်များဖြင့် အဆိုပြုခန့်အပ်ခဲ့သော် လည်း ကျန်ဝန်ကြီးဌာနများတွင် ယခင်ဝန်ကြီးများကိုသာ ဆက်လက်တာဝန်ပေးသွား မည်ဖြစ်ပါသည်။ သမ္မတရုံးခန်းအတွင်း အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးနောက် ယခင် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ နာတာလီယာဂါဗရီလီတာ (Natalia Gavrilita) သည် ၎င်း၏ ရာထူးမှနုတ်ထွက်မှုအား ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Tuesday, February 14, 2023

ပိုလန်နိုင်ငံတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၅ ဦးအား Leopard-2 တင့်ကားများ အသုံးပြုနိုင်ရေးအတွက် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့ခြင်း

ပိုလန်နိုင်ငံတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၅ ဦးအား Leopard-2 တင့်ကားများ အသုံးပြုနိုင်ရေးအတွက် လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့ကြောင်း Xinhua သတင်း ဌာနက ဖေဖော်ဝါရီလ ၁၄ ရက်တွင်ဖော်ပြခဲ့ပါသည်။ နည်းပညာဆိုင်ရာ ဝန်ထမ်း များနှင့် တင့်ကားပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဝင်များအပါအဝင် တင့်ကားတပ်ဖွဲ့ဝင် ၂၁ ဦး သည် ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါစစ်ရေးလေ့ကျင့်ရေးဆောင်ရွက်မှုကို စတင်ခဲ့ ကြောင်း အမှတ်(၁၀) သံချပ်ကာတပ်မဟာ၏ လေ့ကျင့်ရေးဆိုင်ရာအကြီးအကဲ ခရစ်တော့ဖ် စီရယ်ဇကီ (Krzysztof Sieradzki) ကပြောကြားခဲ့ပါသည်။ ယူကရိန်းတပ်ဖွဲ့ဝင်များကို ပိုလန်နိုင်ငံ၏ Leopard-2 တင့်ကားများနှင့် ကနေဒါမှ ထောက်ပံ့ပေးသည့် ပုံစံတူ တင့်ကားများအားအသုံးပြု၍ တစ်နေ့လျှင် ၁၀ နာရီမှ ၁၂ နာရီကြား လေ့ကျင့်ပေးလျက် ရှိပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

Monday, February 13, 2023

ဂရိနှင့် အမေရိကန်တပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်လျက်ရှိခြင်း

 Anadolu Agency; Feb-13(Mon)

            ဂရိနှင့် အမေရိကန်တပ်ဖွဲ့များသည် ဂရိရှိ Western Thrace ဒေသ၌ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၂၄ ရက်အထိ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင် လျက်ရှိပါသည်။ Thracian Cooperation-23 ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် လေကြောင်းချီတပ်ဖွဲ့၊ သံချပ်ကာတပ်ဖွဲ့နှင့် အမေရိကန်အမှတ် (၁၀၁) လေကြောင်းချီတပ်မမှ တပ်ဖွဲ့များအပါအဝင် ဂရိတပ်မဟာအသီးသီးမှ တပ်ဖွဲ့များ၏ ပါဝင်မှုဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂရိစစ်ဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဂရိလွှတ်တော်အမတ်များသည် အမေရိကန်-ဂရိ အပြန်အလှန် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (US-Greece Mutual Defence Cooperation Agreement-MDCA) ကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်တွင် အတည်ပြု ခဲ့ပါသည်။

            သဘောတူညီချက်အရ အမေရိကန်သည် ဂရိနိုင်ငံအလယ်ပိုင်း ဗိုလို့စ် (Volos) ပြည်နယ်ရှိ Georgula စစ်အခြေစိုက်စခန်းရှိ အဆောက်အအုံများ၊ Litochoro လေ့ကျင့်ရေး ကွင်းနှင့် အလက်ဇန္ဒားဗိုလီမြို့ (Alexandroupoli) အရှေိ့မြောက်ရှိ စစ်ဘက် အဆောက်အအုံများကို အသုံးပြုခွင့်ပေးထားပါသည်။ MDCA ကို ၁၉၉၀ ပြည့်နှစ်တွင် ပထမဆုံးလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးသက်တမ်းတိုးခဲ့ခြင်းဖြစ် ပါသည်။ အဆိုပါသဘောတူညီချက်သည် အစောပိုင်းတွင် နှစ်စဉ်သက်တမ်းတိုးခဲ့သော် လည်း နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်၍ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးသည် ဘီလာရုဇ်သို့ သွားရောက်ခဲ့ခြင်း

 Kyivpost; Feb-13 (Mon)

            ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဘီလာရုဇ်နိုင်ငံ၏ မြို့တော် မင့်ခ် (Minsk) သို့ သွားရောက် ခဲ့ကြောင်း Kyivpost သတင်းဌာနက ဖော်ပြခဲ့ပါသည်။ NATO အဖွဲ့ဝင်ဟန်ဂေရီနိုင်ငံ အနေဖြင့် ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန် တိုက်တွန်း ခဲ့ပါသည်။ နိုင်ငံတကာအသိုက်အဝန်းမှ အဖွဲ့ဝင်အားလုံးအနေဖြင့် ငြိမ်းချမ်းရေးကို တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ရန်နှင့် စစ်ရေးပဋိပက္ခကိုရှည်ကြာစေမည့်၊ သို့မဟုတ် ပြင်းထန်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် လုပ်ဆောင်သင့်သည်ဟု ပီတာက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခတွင် NATO အဖွဲ့ဝင်ဖြစ်သော ဟန်ဂေရီနိုင်ငံအနေဖြင့် ရုရှား၏ကျူးကျော်မှုကိုသာ ရှုတ်ချခဲ့ပြီး သမ္မတပူတင်ကို နာမည်တပ်၍ ဝေဖန်ပြောကြားမှုမရှိသဖြင့် မရေရာသည့် ရပ်တည်ချက်ဖြင့် လျှောက်လမ်းလျက်ရှိကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။

            ပဋိပက္ခမဖြစ်မီက သမ္မတ ပူတင်၊ ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (Alexander Lukashenko) တို့နှင့် နီးကပ်သောဆက်ဆံရေးရှိခဲ့သည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုမည့်အစား ယူကရိန်းထံသို့ လက်နက်များပေးပို့ရန်ကိုသာ ငြင်းဆို ခဲ့သူဖြစ်ပါသည်။ ရုရှား၏ မဟာမိတ်ဘီလာရုဇ်သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ၎င်း၏နယ်မြေများကို ရုရှားအား အသုံးပြုခွင့်ပေးခဲ့ပါသည်။ ယခုခရီးစဉ်နှင့်ပတ်သက်၍ မေးခွန်းများစွာ ဖြစ်ပေါ်လာနိုင် သော်လည်း ဟန်ဂေရီသည် ယူကရိန်းစစ်ရေးပဋိပက္ခချုပ်ငြိမ်းရေးအတွက် ကြားဝင်ဖျန်ဖြေ ပေးနိုင်ရန် လမ်းကြောင်းဖွင့်ပေးခြင်းဖြစ်ကြောင်း ပီတာဆီဂျာတိုက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဆီးရီးယားနိုင်ငံက တူကီယဲနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့နိုင်ရန်အတွက် နယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဆိုခြင်း

 The National news; Feb-13(Mon)

            ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ် အာဆတ် (Bashar Al Assad) က တူကီယဲနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့နိုင်ရန် အတွက် ဆီးရီးယားနှင့် တူကီယဲနိုင်ငံကြားရှိ  နယ်စပ်ဂိတ် ၃ ခုအား ၃လကြာ ပြန်လည် ဖွင့်လှစ်ပေးသွားရန် သဘောတူညီခဲ့ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တူကီယဲနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရန်အတွက် ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်မှ တူကီယဲနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်သည့် ဘတ်အယ်လ်ဟာဝါ (Bab Al Hawa)၊ ဘတ်အယ်လ်ဆာလမ် (Bab Al Salam) နှင့် အယ်လ်ရာအီ (Al Ra'ee) နယ်စပ်ဂိတ်များ ကိုလည်း မကြာမီအချိန်အတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အာဆတ်က ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီးနောက် အာဆတ်အနေဖြင့် အထက်ပါအတိုင်း သဘောတူညီမှုပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ဘက်ဆန်ဆာဘတ်ချ် (Bassam Sabbagh) က ပြောကြားထားပါသည်။

            တူကီယဲအစိုးရအနေဖြင့်လည်း ဆီးရီးယားနှင့် ၎င်းတို့နိုင်ငံအကြားရှိ နယ်စပ် ဂိတ်များအား ပြန်လည်ဖွင့်လှစ်ရန်အတွက် အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တူကီယဲသံအမတ်ကြီး ဖယ်ရီဒင်ဆန်နီလီယိုဂူလ် (Feridun Sinirlioglu) က ပြောကြားထားပါသည်။ ၎င်းကဲ့သို့ ဆီးရီးယားနှင့် တူကီယဲနိုင်ငံအကြား နယ်စပ်ဂိတ် များအား ပြန်လည်ဖွင့်လှစ်ပေးခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွယ်ကူလျင်မြန်စွာဖြင့် ပေးပို့သွားနိုင်မည်ဖြစ်သည့်အပြင် ပိုမိုလွယ်ကူစွာဖြင့် ခရီးသွားလာနိုင်မည်ဖြစ်ကြောင်းနှင့် နယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်ပေးရန် သဘောတူညီခဲ့သည့် သမ္မတ အာဆတ်၏ ဆုံးဖြတ်ချက်အားလည်း ကြိုဆိုထောက်ခံ ကြောင်း  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres ) က ပြောကြားခဲ့သည်ဟု  သိရှိရပါသည်။

ဆိုက်ပရပ်စ်သမ္မတရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာခဲ့ခြင်း

 Vaildaily; Feb-13(Mon)

            ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးဟောင်း နီကိုခရစ္စတိုဒိုလီဒီး (Nikos Christodoulides) သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော သမ္မတ ရွေးကောက်ပွဲ၌ ဆိုက်ပရပ်စ်၏ သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း Vaildaily သတင်းဌာနက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။  တရားဝင် ရွေးကောက်ပွဲရလဒ်များအရ နီကိုခရစ္စတိုဒိုလီဒီးသည် ထောက်ခံမဲ ၅၁.၉ ရာခိုင်နှုန်းနှင့် ၎င်း၏ပြိုင်ဘက် အန်ဒရေးမက်ဗ်ရိုရေနစ် (Andreas Mavroyiannis) သည် ထောက်ခံမဲ ၄၈.၁ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ အသက် ၄၉ နှစ်အရွယ် နီကိုခရစ္စတိုဒိုလီဒီးသည် ဆိုက်ပရပ်စ်တွင် လူမျိုးရေးကွဲပြားမှုများအတွက် ပေါင်းစည်းရေးအင်အားတည်ဆောက်ရန်၊ ပါတီများအကြား ကွဲပြားခြားနားမှုနှင့် နိုင်ငံရေးသဘောထားကွဲပြားမှုများကို ရှောင်ရန် စသည့်ကိစ္စရပ်များကို ပြောကြား၍ ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့ရာ မဲဆန္ဒရှင်အများစုက ၎င်း၏မဲဆွယ်မှုအား ကြိုက်နှစ်သက်၍ ၎င်းအား ထောက်ခံမဲအမြောက်အမြား ပေးခဲ့ ပါသည်။

            စီးပွားရေးနှင့်ပတ်သက်၍ နီကိုခရစ္စတိုဒိုလီဒီး၏ ထိပ်တန်းဦးစားပေးမှာ နိုင်ငံ၏ လူမှုလုံခြုံမှုကို မထိခိုက်စေဘဲ ဘဏ္ဍာရေးစည်းကမ်းကို ထိန်းသိမ်းရန်နှင့် ခွင့်ပြုချက် မရှိဘဲ ရွှေ့ပြောင်းနေထိုင်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်တို့ဖြစ်ကြောင်း၊ ဥရောပတိုက်၌ စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ဆိုက်ပရပ်စ်တောင်ဘက် ကမ်းရိုးတန်းမှ အသစ်တွေ့ရှိထားသော သဘာဝဓာတ်ငွေ့သိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်လုပ်ဆောင်သွားရန် ၎င်းကရည်မှန်းထားကြောင်း မဲဆွယ်စဉ်အတွင်း ပြောကြား ခဲ့ပါသည်။ နီကိုခရစ္စတိုဒိုလီဒီးသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ၎င်း၏ သမ္မတသက်တမ်းအတွင်း ခွဲထွက်တူကီယဲဆိုက်ပရပ်စ်များနှင့် ရပ်တန့်လျက်ရှိသော ပြန်လည်ပေါင်းစည်းရေးဆွေးနွေးပွဲများကို ပြန်လည်အသက်သွင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရာထူးနေရာထက်ဝက်ခန့်ကို အမျိုးသမီးများဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းတို့ကို လုပ်ဆောင် သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

            နီကိုခရစ္စတိုဒိုလီဒီးသည် ယခင်က နိုင်ငံခြားရေး၀န်ကြီးအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံရေးလောကသို့ မဝင်ရောက်မီက ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း သံတမန်တစ်ဦး ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကျော့ သမ္မတရွေးကောက်ပွဲအတွင်း ထောက်ခံမဲ ၃၂.၀၄ ရာခိုင်နှုန်းဖြင့် မဲအများဆုံး အနိုင်ရရှိခဲ့ပါသည်။ ၎င်းသည် ဆိုက်ပရပ်စ်တွင် လူမျိုးရေးကွဲပြားမှုများအတွက် ပေါင်းစည်းရေးအင်အား တည်ဆောက် ရန်နှင့် ပါတီကွဲပြားမှုနှင့် နိုင်ငံရေးသဘောတရားကွဲပြားမှုများကိုရှောင်ရန် စသည့် ကိစ္စရပ်များကို ပြောကြား၍ ရွေးကောက်ပွဲတွင် မဲဆွယ်ခဲ့ရာ မဲဆန္ဒရှင်အများအပြား သည် ၎င်း၏ မဲဆွယ်မှုအား ကြိုက်နှစ်သက်၍ ထောက်ခံမဲ အမြောက်အမြား ပေးခဲ့ပါ သည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ၌ ထောက်ခံမဲ ၅၁.၉ ရာခိုင်နှုန်းရရှိခဲ့၍ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပါသည်။  ရွေးကောက်ခံယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်လောင်း အန်ဒရေးမက်ဗ်ရို ရေနစ်သည် နီကိုခရစ္စတိုဒိုလီဒီး၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုအပေါ် ဝမ်းမြောက် ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း နီကိုခရစ္စတိုဒိုလီဒီးအား ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ နီကိုခရစ္စတိုဒိုလီဒီးသမ္မတအဖြစ် တာဝန်ထမ်းဆောင် စဉ်ကာလအတွင်း တူကီယဲ ဆိုက်ပရပ်စ်၊ တူကီယဲတို့နှင့် ဆက်ဆံရေးမှာ အပြုသဘော ဆောင်သည့်ပုံရိပ်များ ရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


အဇာဘိုင်ဂျန်နှင့် တူကီယဲနိုင်ငံကြားအခွန်နှစ်ထပ်စည်းကြပ်မှုမှရှောင်ရှား‌ရေး သဘောတူညီချက်အသစ်ကို ဆွေးနွေးခဲ့ကြခြင်း

                                                         Report News Agency; Feb-13(Mon)

          အဇာဘိုင်ဂျန်နှင့် တူကီယဲနှစ်နိုင်ငံအကြား ဝင်ငွေခွန်နှစ်ထပ်ကောက်ခံမှုနှင့် အခွန်ရှောင်မှုများအားတားဆီးခြင်းဆိုင်ရာ သဘောတူညီချက်မူကြမ်းသစ်အတွက် ဆွေးနွေး ညှိနှိုင်းမှုများကို တူကီယဲနိုင်ငံ၊ အန်ကာရာမြို့၌ ပြုလုပ်ခဲ့ကြောင်း အဇာဘိုင်ဂျန်စီးပွားရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော်အခွန်ဝန်ဆောင်မှုဌာန၏ အစီရင်ခံစာအားကိုးကား၍ Report News Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အခွန် ဌာနမှ ကျွမ်းကျင်သူများ၊ အဇာဘိုင်ဂျန်နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ် များနှင့် တူကီယဲအခွန်ဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးမှုများ အတွင်း တူကီယဲနိုင်ငံနှင့် သဘောတူညီချက်အသစ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ခြင်း သည် နှစ်နိုင်ငံစလုံးအတွက် အလွန်ပင်အရေးကြီးကြောင်း နိုင်ငံတော်အခွန်ဝန်ဆောင်မှု ဌာန၏ နိုင်ငံတကာအခွန်နှင့် အခွန်စောင့်ကြည့်ရေးဌာန လက်ထောက်အကြီးအကဲ ဂျိမ်းဟူနင်စမိုင်းလာဖ် (Jeyhun Ismayilov) က အလေးပေးပြောကြားခဲ့ပါသည်။

            အဆိုပါသဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးပါက ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်သာသောအခြေအနေများ ဖန်တီးပေးမည်ဖြစ်ပြီး သတင်းအချက်အလက် ဖလှယ်ခြင်းနှင့် အခွန်ကြွေးများ စုဆောင်းခြင်းတို့တွင် ထိရောက်သော အပြန်အလှန် ဆက်ဆံရေးများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ သုံးရက်ကြာ ဆွေးနွေးမှုရလဒ်အရ အခွန်အကောက်ဆိုင်ရာ သဘောတူညီချက်မူကြမ်းပါ ပြဋ္ဌာန်းချက် အားလုံးအပေါ် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပါသည်။ အပြန်အလှန်နားလည်မှုဖြင့် ချစ်ကြည်ရင်းနှီးစွာကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲများအတွင်း ထင်ရှားသောကိစ္စရပ် များကို အချိန်တိုအတွင်း သဘောတူညီချက်တစ်ရပ်ရရှိရန် ဘဏ်အားလုံးက သဘော တူညီခဲ့ကြကြောင်းသိရှိရပါသည်။

Ref;       Azerbaijan, Turkiye discuss new double taxation avoidance agreement