Thursday, December 22, 2022

တူကီယဲနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များသည် လက်ရှိ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင် အဓိကအရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက် ရှိခြင်း

တူကီယဲနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များသည် လက်ရှိ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင် အဓိကအရေးပါသည့် အခန်းကဏ္ဍမှပါဝင်လျက် ရှိသည်ဟု NATO အဖွဲ့၏ အရေးပေါ်လုံခြုံရေးစိန်ခေါ်မှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေးဗစ်ဗန်ဝဲလ် (David van Weel) က Anadolu Agency သတင်း ဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်ဟု Dailysabah သတင်းဌာနက ဒီဇင်ဘာလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် တူကီယဲနိုင်ငံ၏ Bayraktar TB2 သည် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများအတွက် စံနမူနာကောင်းတစ်ခုဖြစ် ကြောင်းလည်း ဗန်ဝဲလ်က ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသည် တူကီယဲနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များကို ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ စတင် ဖြစ်ပွားကတည်းက အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

Tuesday, December 20, 2022

အဇာဘိုင်ဂျန်နှင့် တူကီယဲလေတပ်ကိုယ်စားလှယ်များအကြား ၂၀၂၂ ခုနှစ် (၁၃)ကြိမ်မြောက် ဆွေးနွေးပွဲကို နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အညီကျင်းပခဲ့ခြင်း

အဇာဘိုင်ဂျန်နှင့် တူကီယဲလေတပ်ကိုယ်စားလှယ်များအကြား ၂၀၂၂ ခုနှစ် (၁၃)ကြိမ်မြောက် ဆွေးနွေးပွဲကို နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အညီကျင်းပခဲ့ကြောင်း Trend သတင်းဌာနက ဒီဇင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များသည် နှစ်နိုင်ငံလေတပ်အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အတွေ့အကြုံဖလှယ်ရေး၏ အရေးပါမှုနှင့်ပတ်သက်၍လည်း အသေးစိတ် အမြင်ချင်းဖလှယ် ခဲ့ကြပါသည်။ ထို့ပြင် တူကီယဲကိုယ်စားလှယ်အဖွဲ့သည် အဇာဘိုင်ဂျန်လေတပ်စခန်း များသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လစ်သူရေးနီးယားသည် အမေရိကန်ဒေါ်လာ ၄၉၅ သန်းတန်ဖိုးရှိ အမေရိကန်ထုတ် HIMARS စနစ် ၈ ခု ဝယ်ယူသွားမည်ဆိုခြင်း

The Defense Post; Dec-20(Tue)

လစ်သူရေးနီးယားအစိုးရသည် လျင်မြန်စွာလှုပ်ရှားစစ်ကစားနိုင်သည့် ယာဉ်တင် ဒုံးစနစ် (High Mobility Artillery Rocket System-HIMARS) ၈ ခု ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၄၉၅ သန်းတန်ဖိုးရှိ သဘောတူညီမှုတစ်ရပ်ကို အမေရိကန်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း The Defense Post သတင်းဌာနက ဒီဇင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် HIMARS စနစ်များကို လာမည့် ၂၀၂၅ ခုနှစ်တွင် စတင်လက်ခံရရှိမည်ဖြစ်ပါသည်။ ထို့ပြင် အဆိုပါသဘောတူစာချုပ်အရ အမေရိကန်အနေဖြင့် လစ်သူရေးနီးယားစစ်ဘက်၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေး Lockheed Martin ကုမ္ပဏီထုတ် M142 ဒုံးပစ်လောင်ချာများနှင့်အတူ ခဲယမ်းမီးကျောက်များကို ပေးပို့သွားမည်ဖြစ်ပါသည်။ HIMARS စနစ်တွင် အကွာအဝေး ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အထိ ပစ်ခတ်နိုင်စွမ်းရှိသည့် Army Tactical Missile System ကဲ့သို့ တိုက်ခိုက်ရေးပဲ့ထိန်းဒုံးကျည်များ ပါဝင်ပါသည်။ HIMARS စနစ်များကို ကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာသင်တန်းများအတွက် အမေရိကန်နှင့် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီး အာဗီဒက်စ် အန်နျူဆော့စ်ကက်စ် (Arvydas Anusauskas) က ထုတ်ဖော်ပြောကြားထားပါသည်။

အယ်လ်ဘေးနီးယားသည် တူကီယဲနိုင်ငံမှ Bayraktar ဒရုန်း ၃ စင်းကို ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်

Al Arabiya English; Dec-20 (Tue)

အယ်လ်ဘေးနီးယားနိုင်ငံသည် နိုင်ငံ၏လုံခြုံရေးကို ခြိမ်းခြောက်လာပါက အသင့်တုံ့ပြန်ဆောင်ရွက်နိုင်ရန် တူကီယဲထုတ် Bayraktar ဒရုန်း ၃ စင်းကို ဝယ်ယူ ခဲ့ကြောင်း Al Arabiya English သတင်းဌာနက ဖော်ပြခဲ့ပါသည်။ သို့သော်လည်း ၎င်းဒရုန်းများ ရောက်ရှိလာပါက ရဲတပ်ဖွဲ့အား အထောက်အကူပြုနိုင်ရန် အသုံးပြုသွားမည် ဖြစ်ကြောင်း အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) က ဒီဇင်ဘာလ ၂၀ ရက်တွင် အယ်လ်ဘေးနီးယားမြို့တော် တီရာနာ (Tirana) ၌ တူကီယဲကာကွယ်ရေး ကုမ္ပဏီ Baykar မှ ကိုယ်စားလှယ်များနှင့်ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဝန်ကြီးချုပ် အဒီရာမာသည် ဒရုန်းများကို စစ်ပွဲတွင် အသုံးပြုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါဒရုန်းများအား မည်သည့် အချိန်တွင် လက်ခံရရှိမည်ဖြစ်ကြောင်းနှင့် ဒရုန်းထပ်မံဝယ်ယူနိုင်မည့် အလားအလာ ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိကြောင်း သတင်းဌာနက‌ ဖော်ပြခဲ့ပါသည်။

Monday, December 19, 2022

S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား ယူကရိန်းသို့ပေးပို့ခြင်းမပြုရန် ရုရှားက ဂရိနိုင်ငံအား သတိပေးပြောကြားခဲ့ခြင်း

Euractiv;Dec-19(Mon)

ရုရှားနိုင်ငံထုတ် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်း နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းမပြုရန် ခရိုင်းမီးယားဒေသဆိုင်ရာ ရုရှားအမြဲတမ်း ကိုယ်စားလှယ် ဂျော်ဂျီမူရာတော့ဗ် (Georgy Muratov) က ဂရိနိုင်ငံအား သတိပေး ပြောကြားခဲ့ပြီး ၎င်းကိစ္စသည် ရုရှားအပေါ် ရန်လိုသည့် ဆင်ခြင်တုံတရားကင်းမဲ့သော လုပ်ရပ်တစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Euractiv သတင်းဌာနက ဒီဇင်ဘာလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ RIA Novosti နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုအတွင်း ဂရိနိုင်ငံ၏လုပ်ရပ်သည် ရုရှား အပေါ် အကြောင်းမဲ့ရန်ငြိုးထားမှုကိုပြသရုံသာမက ဂရိလူထု၏ယူဆချက်သည်လည်း ပြင်းထန်နေသည့်အတွက်ကြောင့် အမျိုးသားအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များသည် အန္တရာယ်ရှိသည့် အခြေအနေတစ်ခုဖြစ်စေနိုင်ကြောင်း မူရာတော့ဗ်က အလေးထား ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စွမ်းအင်အကျပ်အတည်းအားဖြေလျှော့ရန် စွမ်းအင်ဈေးနှုန်းကန့်သတ်ချက်အား သဘောတူညီခဲ့ကြခြင်း

Aljazeera;Dec-19(Mon)

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများသည် စွမ်းအင်အကျပ်အတည်း အားဖြေလျှော့နိုင်ရေးအတွက် အရေးပေါ်ဆောင်ရွက်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရက်သတ္တပတ်ကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် စွမ်းအင်ဈေးနှုန်းကန့်သတ်ချက် အား သဘောတူညီခဲ့ကြကြောင်း ဥရောပကောင်စီအလှည့်ကျဥက္ကဋ္ဌ ချက်သမ္မတနိုင်ငံက ပြောကြားခဲ့ပါသည်။ အဆိုပါဈေးနှုန်းကန့်သတ်ချက်သည် ရုရှားနိုင်ငံမှ ဥရောပသို့ ဓာတ်ငွေ့တင်ပို့မှုများ ဖြတ်တောက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသော စွမ်းအင်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုအဆမတန်မြင့်တက်လာခြင်းတို့ကို လျှော့ချနိုင်ရန် ဥရောပသမဂ္ဂ၏ နောက်ဆုံးကြိုးပမ်းမှုတစ်ခုဖြစ်ပါသည်။ ဝန်ကြီးများသည် ဥရောပစံချိန်စံညွှန်း အဖြစ်ကျင့်သုံးသည့် Dutch Title Transfer Facility (TFF) ကုန်သွယ်မှုဗဟိုချက်၏ စာချုပ်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်၍ ၃ ရက်တာအတွက် လျှပ်စစ်ဓာတ်အား ၁ မဂ္ဂါဝပ်နာရီလျှင် ယူရို ၁၈၀ (အမေရိကန်ဒေါ်လာ ၁၉၁ ဒေါ်လာ) ထက် ကျော်လွန်ရောင်းချပါက ဈေးနှုန်းကန့်သတ်သွားရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပါသည်။

Saturday, December 17, 2022

ဂရိလွှတ်တော်သည် ၂၀၂၃ ခုနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်ကို ဒီဇင်ဘာလ ၁၇ ရက်တွင် အတည်ပြုခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၁.၈ ရာခိုင်နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၅ ရာခိုင်နှုန်းအထိရှိလာရန် မျှော်မှန်းထားခြင်း

ဂရိလွှတ်တော်သည် ၂၀၂၃ ခုနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်ကို ဒီဇင်ဘာလ ၁၇ ရက်တွင် အတည်ပြုခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၁.၈ ရာခိုင်နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၅ ရာခိုင်နှုန်းအထိရှိလာရန် မျှော်မှန်းထားကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၁၈ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါ အသုံးစရိတ်အတွက် လွှတ်တော်၌မဲခွဲဆုံးဖြတ်ရာ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးအနက် ၁၅၆ ဦးမှ အတည်ပြု ထောက်ခံခဲ့ကြပါသည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသော စွမ်းအင်အကျပ်အတည်းပြဿနာ များကြောင့် အောက်တိုဘာလတွင် ကနဦးခန့်မှန်းချက် ၂.၁ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်း အသီးသီး ပြန်လည်ပြင်ဆင်ခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် လစ်သူရေးနီးယား အမျိုးသား ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း

ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီး ရော်နယ်အက်စ်မောထရီ (Ronald S. Moultrie) နှင့် လစ်သူရေးနီးယား အမျိုးသား ကာကွယ်ရေးဝန်ကြီး အာဗီဒါအန်းနက်ဆာစကတ်စ် (Arvydas Anusauskas) တို့သည် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့နိုင်ခြေကို ထည့်သွင်းစဉ်းစားရန် သဘောတူညီခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန် ခဲ့သည်ဟု TASS သတင်းဌာနက ဒီဇင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ခေါင်းဆောင် များအား အပြန်အလှန်အကျိုးရှိစေမည့် အချက်အလက်များကို အသိပေးနိုင်ရန်အတွက် ထောက်လှမ်းရေးမျှဝေခြင်း၏အရေးပါပုံကို ၎င်းတို့က ဆွေးနွေးခဲ့ပါသည်။ အမေရိကန် ဒုတိယကာကွယ်ရေးဝန်ကြီးသည် လစ်သူရေးနီးယားနိုင်ငံအား မဟာဗျူဟာမြောက် ထောက်လှမ်းရေးမိတ်ဖက်ဟု ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် အာတိတ်ဒေသလုံခြုံရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးမားသောစွမ်းရည်ပြိုင်ဆိုင်မှုနှင့် နယ်နိမိတ်ဖြတ်ကျော်မှု ဆိုင်ရာ ပြဿနာများကဲ့သို့သော အနာဂတ်ထောက်လှမ်းရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာခေါင်းစဉ်များကို စူးစမ်းလေ့လာရန်သဘောတူခဲ့ကြောင်း သိရှိရပါသည်။

Thursday, December 15, 2022

ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းနိုင်ငံအတွက် ယူရို ၁၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံ) တန်ဖိုးရှိ အကူအညီပေးရေးအစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့ခြင်း

ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းနိုင်ငံအတွက် ယူရို ၁၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၉ ဘီလီယံ) တန်ဖိုးရှိ အကူအညီပေးရေးအစီအစဉ်တစ်ရပ်ကို ဒီဇင်ဘာလ ၁၅ ရက်တွင် အတည်ပြုခဲ့ကြောင်း The National News သတင်းဌာနက ဒီဇင်ဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဥရောပခေါင်းဆောင်များသည် ဒီဇင်ဘာလ ၁၅ ရက်တွင် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်၍ ရုရှားနိုင်ငံအပေါ် (၉)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအသစ်ကို ထပ်မံ ချမှတ်သွားမည့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း

ဥရောပခေါင်းဆောင်များသည် ဒီဇင်ဘာလ ၁၅ ရက်တွင် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်၍ ရုရှားနိုင်ငံအပေါ် (၉)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအသစ်ကို ထပ်မံ ချမှတ်သွားမည့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ဥရောပခေါင်းဆောင်များသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကိုအဆုံးသတ်ရန်နှင့် ယူကရိန်းနိုင်ငံမှ ရုရှားတပ်ဖွဲ့ဝင်များ ပြန်လည် ရုပ်သိမ်းသွားရန်အတွက် ရုရှားနိုင်ငံအပေါ် စုပေါင်း၍ ဖိအားများထပ်မံတိုးမြှင့်နိုင်ရေး မည်သို့လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြကြောင်းလည်း ဥရောပ ကောင်စီ၏ နောက်ဆုံးကြေညာချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

ဒေသတွင်း၌ တင်းမာမှုများမြင့်တက်လျက်ရှိပြီး အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကိုဆိုဗိုမြောက်ပိုင်းသို့ ဆားဘီးယားလုံခြုံရေးတပ်ဖွဲ့ဝင် များတပ်ဖြန့်ချထားရန် ကိုဆိုဗိုဆိုင်ရာ NATO ဦးဆောင်သော ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်ထံ တရားဝင်တောင်းဆိုစာတင်သွင်းရန် ဆားဘီးယားအစိုးရက ဆုံးဖြတ်ခဲ့ခြင်း

ဒေသတွင်း၌ တင်းမာမှုများမြင့်တက်လျက်ရှိပြီး အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ကိုဆိုဗိုမြောက်ပိုင်းသို့ ဆားဘီးယားလုံခြုံရေးတပ်ဖွဲ့ဝင် များတပ်ဖြန့်ချထားရန် ကိုဆိုဗိုဆိုင်ရာ NATO ဦးဆောင်သော ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်ထံ တရားဝင်တောင်းဆိုစာတင်သွင်းရန် ဆားဘီးယားအစိုးရက ဒီဇင်ဘာလ ၁၅ ရက်တွင် ဆုံးဖြတ်ခဲ့ပါသည်။ KFOR ထံ ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksnadar Vucic) က အီးမေးလ်ဖြင့်လည်းကောင်း၊ ဆားဘီးယားစစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မီလန်မိုဂျ်ဆီလိုဗစ် (Milan Mojsilovic) က စာဖြင့်ပေးပို့၍လည်းကောင်း ဒီဇင်ဘာလ ၁၆ ရက်တွင် တောင်းဆိုသွားမည်ဖြစ်ပါသည်။ ဆားဘီးယားသည် ကိုဆိုဗို၌ စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ဦးအထိ တပ်ဖြန့်ချထားနိုင်ရေးအတွက် ထိုကဲ့သို့ တောင်းဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၁၂၄၄ အရလည်း ကိုဆိုဗို၌ ဆားဘီးယားလုံခြုံရေးတပ်ဖွဲ့ဝင် ၁,၀၀၀ ဦးအထိ တပ်ဖြန့် ချထားရန် အခွင့်အရေးရှိကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂသည် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံအား အဖွဲ့ဝင်ကိုယ်စားလှယ်လောင်းနိုင်ငံအဖြစ် သဘောတူညီခဲ့ခြင်း

The National News;Dec-16(Fri)

ဥရောပသမဂ္ဂခေါင်းဆောင်များသည် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံအား အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ရေးအတွက် ကမ်းလှမ်းမှုကို ဒီဇင်ဘာလ ၁၅ ရက်တွင် သဘောတူခွင့်ပြုခဲ့ကြောင်း The National News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဥရောပခေါင်းဆောင်များသည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ဒီဇင်ဘာလ ၁၃ ရက်တွင်ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေး၌ အထက်ပါအတိုင်း အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်လောင်းအဖြစ်ခွင့်ပြုရန် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။

ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကို လက်တွေ့လုပ်ဆောင်ရန် အာမေးနီးယားနိုင်ငံအား တူကီယဲနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ခြင်း

TRTWORLD; Dec-15 (Thu)

တူကီယဲနှင့် အာမေးနီးယားနိုင်ငံတို့မှ အထူးကိုယ်စားလှယ်များအကြား ပုံမှန် ဆွေးနွေးညှိနှိုင်းမှုများအတွင်း သဘောတူညီခဲ့သည့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံ များကို အာမေးနီးယားနိုင်ငံအနေဖြင့် လက်တွေ့လုပ်ဆောင်ရန် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ(Melvet Cavusoglu) က တိုက်တွန်းခဲ့ကြောင်း TRTWORLD သတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

ကုလသမဂ္ဂသည် တူကီကဲနိုင်ငံက တင်သွင်းခဲ့သည့် “အမှိုက်စွန့်ပစ်မှုကင်းစင်ရေး အစီအစဉ် (Zero-Waste Initiative)” နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား အတည်ပြုခဲ့ခြင်း

ကုလသမဂ္ဂသည် တူကီကဲနိုင်ငံက တင်သွင်းခဲ့သည့် “အမှိုက်စွန့်ပစ်မှုကင်းစင်ရေး အစီအစဉ် (Zero-Waste Initiative)” နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား ဒီဇင်ဘာလ ၁၄ ရက်တွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရာတွင် အမှိုက်စွန့်ပစ်မှုကင်းစင်ခြင်း၏ အရေးပါမှုများကို မီးမောင်းထိုးပြနိုင်ရန်ရည်ရွယ်၍ တူကီယဲသမ္မတ၏ ဇနီးဖြစ်သူ အီမီနီအာဒိုဂန် (Emine Erdogan) က အဆိုပါ အမှိုက် စွန့်ပစ်မှုကင်းစင်ရေးအစီအစဉ်အား စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအတည်ပြုသည့် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသည် မတ်လ ၃၀ ရက်ကို နိုင်ငံတကာအမှိုက်စွန့်ပစ်မှုကင်းစင်ရေးနေ့ (International Day of Zero Waste) အဖြစ် ကြေညာကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် အဆိုပါဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် အမှိုက်စွန့်ပစ်မှုကင်းစင်ရေးအား အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ၃ နှစ် သက်တမ်းရှိသည့် အကြံပေးဘုတ်အဖွဲ့တစ်ရပ်ကို ဖွဲ့စည်း ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂ (EU) သည် အရှေ့တောင်အာရှဒေသအတွင်း အခြေခံအဆောက်အအုံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကတိပြုခဲ့ခြင်း

ဥရောပသမဂ္ဂ (EU) သည် အရှေ့တောင်အာရှဒေသအတွင်း အခြေခံအဆောက်အအုံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၇ ခုနှစ်နောက်ဆုံးထား၍ အမေရိကန်ဒေါ်လာ ၁၀.၆ ဘီလီယံရင်းနှီးမြှပ်နှံသွားရန် ကတိပြုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ EU သည် စွမ်းအင်၊ ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်၊ ပညာရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တန်ဖိုးကွင်းဆက်ရေရှည်တည်တံ့ခိုင်မာစေရေး စသည့်ကဏ္ဍ တို့၌ အထူးပြုရင်းနှီးမြှပ်နှံသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ EU-အာဆီယံအထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲကို EU အခြေစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဒီဇင်ဘာလ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

Wednesday, December 14, 2022

ဆားဘီးယားသမ္မတသည် ကိုဆိုဗိုဒေသတွင်းတင်းမာမှုအခြေအနေများလျှော့ချရန် ဥရောပသမဂ္ဂနှင့် အမေရိကန် အထူးသံတမန်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

Anadolu Agency;Dec-15(Thu)

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic ) သည် ဆားဘီးယား- ဥရောပသမဂ္ဂအထူးသံတမန် မီရိုစလပ်လာဂျက် ( Miroslav Lajcak) နှင့် အမေရိကန် အထူးသံတမန် ဂတ်ဘရီရယ်အက်စ်ကိုဘာ ( Gabriel Escobar) တို့ကို ဆားဘီးယားနိုင်ငံ၊ မြို့တော်ဘယ်ဂရိတ် (Belgrade) ၌ ဒီဇင် ဘာလ ၁၄ ရက်တွင် တွေ့ဆုံကာ ကိုဆိုဗို မြောက်ပိုင်းဒေသအတွင်းတင်းမာမှု အခြေအနေလျှော့ချရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာန ကဖော်ပြခဲ့ပါသည်။

ဥရောပသမဂ္ဂက ဟန်ဂေရီနိုင်ငံသို့ ထောက်ပံ့မည့်အစီအစဉ်အား ဆိုင်းငံ့ခဲ့ခြင်း

ဥရောပသမဂ္ဂက ဟန်ဂေရီနိုင်ငံအား ထောက်ပံ့ပေးသွားရန် စီစဉ်ထားသည့် ယူရို ၆.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ) အား ဆိုင်းငံ့သွားရန် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ဒီဇင်ဘာလ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံအနေဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ တွင် အားနည်းချက်များရှိနေခြင်းကြောင့် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ပြောကြားထားပါသည်။ ဟန်ဂေရီအစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် နီးကပ်သည့်ဆက်ဆံရေး တည်ဆောက်ထားသူဖြစ်ကြောင်း သိရှိရ ပါသည်။

အက်စတိုးနီးယားနိုင်ငံပိုင် Operail မီးရထားပို့ဆောင်ရေးကုမ္ပဏီအနေဖြင့် ရုရှားနှင့် ဘီလာရုဇ်နိုင်ငံတို့မှ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို လာမည့် ၂၀၂၃ ခုနှစ် တွင် ရပ်ဆိုင်းသွားမည်ဆိုခြင်း

အက်စတိုးနီးယားနိုင်ငံပိုင် Operail မီးရထားပို့ဆောင်ရေးကုမ္ပဏီအနေဖြင့် ရုရှားနှင့် ဘီလာရုဇ်နိုင်ငံတို့မှ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို လာမည့် ၂၀၂၃ ခုနှစ် တွင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အက်စတိုးနီးယား၏ စီးပွားရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ရည်ညွှန်း၍ နိုင်ငံပိုင်ရုပ်မြင်သံကြားအစီအစဉ်တစ်ခုက ဒီဇင်ဘာလ ၁၃ ရက်တွင် ကြေညာခဲ့ပါသည်။ အဆိုပါမီးရထားပို့ဆောင်ရေးကုမ္ပဏီသည် ရုရှားနှင့် ဘီလာရုဇ်နိုင်ငံတို့နှင့် စီးပွားရေးဆက်ဆံမှုဆိုင်ရာ ကျင့်ဝတ်များကို အကဲဖြတ်ပြီး လိုအပ်လျှင် တဖြည်းဖြည်းချင်းစွန့်လွှတ်သွားရန် စီးပွားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုလည်း အကြံပြုထားကြောင်း သိရှိရပါသည်။

ဂရိသည် ကုမ္ပဏီ ၆ ခုအား ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ခြင်း

ဂရိရဲတပ်ဖွဲ့သည် ဂရိနိုင်ငံ၊ အေသင် (Athens) ရှိ Predator အမည်ရှိ သူလျှို Software ရောင်းချသည့် Intellexa နှင့် Krikel နည်းပညာကုမ္ပဏီများအပါအဝင် ကုမ္ပဏီ ၆ ခုအား ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ကြောင်း ဂရိနိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်၌ ဖော်ပြခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးများ၊ စစ်ဘက်မှ ဗိုလ်ချုပ်ကြီးများ၊ စီးပွားရေးသမားများနှင့် သတင်းထောက်များသည် Predator သူလျှို Software ၏ စောင့်ကြည့်မှုခံရလျက်ရှိကြောင်း ဂရိနိုင်ငံပိုင် Documento သတင်းဌာနက ဒီဇင်ဘာလ ၁၁ ရက်တွင် ဖော်ပြခဲ့ပြီးနောက် ဂရိရဲတပ်ဖွဲ့ဝင်များက အထက်ပါအတိုင်း စီးနင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ Predator သူလျှို Software အား ဂရိနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်းအများအပြားတွင် ကျယ်ပြန့်စွာအသုံးပြုလျက် ရှိကြောင်း သိရှိရပါသည်။

Tuesday, December 13, 2022

NATO အဖွဲ့ဝင်နိုင်ငံများ၏ဝေဟင်၌ ကင်းလှည့်ရာတွင် ကနေဒါတိုက်လေယာဉ်များကို စေလွှတ်တော့မည်မဟုတ်ဆိုခြင်း

Globalnews.ca;Dec-14(Wed)

ကနေဒါနိုင်ငံသည် ရုရှား၏ ကျူးကျော်လာနိုင်မှုကိုကာကွယ်ရန်အတွက် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများ၏ ဝေဟင်အတွင်း ကင်းလှည့်ရန် CF-18s တိုက်လေယာဉ်များကို လာမည့်နှစ်မှစ၍ စေလွှတ်သွားတော့မည် မဟုတ်ကြောင်း Globalnews သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။

ဥရောပသမဂ္ဂ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၏ တရားဝင်ပူးတွဲထုတ်ပြန်ချက်တွင် ထိုင်ဝမ် ဟူသောအသုံးကို ဖယ်ရှားခဲ့ခြင်း

SCMP; Dec-14 (Wed)

ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအကြား ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တော်၌ ပြုလုပ်ခဲ့သော အကြိုအစည်းအဝေး တစ်ခုတွင် “ထိုင်ဝမ်” ဟူသောအသုံးကို တရားဝင်ပူးတွဲကြေညာချက်တစ်ရပ်မှ ဖယ်ရှား ခဲ့ကြောင်း South China Morning Post သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဘော့စနီးယားနိုင်ငံအား EU အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း

Dailysabah; Dec-13(Tue)

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများသည် ဘော်လ်ကန်ဒေသတွင်းနိုင်ငံဖြစ်သည့် ဘော့စနီးယားအား EU အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဒီဇင်ဘာလ ၁၃ ရက်တွင် သဘောတူညီခဲ့ပါသည်။

EU စွမ်းအင်ဝန်ကြီးများသည် ဓာတ်ငွေ့ဈေးနှုန်းကန့်သတ်ရေးအတွက် အပြီးသတ် သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်မှုမရှိခဲ့ခြင်း

The National News; Dec-14(Wed)

ဥရောပ၏စွမ်းအင်အကျပ်အတည်းကို ကုစားနိုင်ရေးအတွက် လအတော်ကြာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်တွင် ဘရပ်ဆဲလ် (Brussels) မြို့၌ ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (EU) စွမ်းအင်ဝန်ကြီးများအစည်းအဝေးအတွင်း EU ၏ သဘာဝဓာတ်ငွေ့ဈေးနှုန်းကန့်သတ်ရေးဆိုင်ရာ အပြီးသတ်သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း The National News က ဖော်ပြခဲ့ပါသည်။

တူကီယဲသည် နည်းပညာမြင့် ကာကွယ်ရေးပစ္စည်းများကို NATO အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ခြင်း

Trend; Dec-13 (Tue)

တူကီယဲနိုင်ငံသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၄၈ သန်းတန်ဖိုးရှိ ကာကွယ်ရေး ပစ္စည်းများကို တင်ပို့ရောင်းချထားပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်အထိ တင်ပို့ရောင်းချသွားရန်စီစဉ်ထားသည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ကြောင်း Trend သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲ၏ UlAQ အမည်ရှိ မောင်းသူမဲ့ရေယာဉ်သစ်အားထုတ်ဖော်ပြသခဲ့ခြင်း

The Defense Post; Dec-13 (Tue)

တူကီယဲကာကွယ်ရေးစက်မှုလုပ်ငန်းအေဂျင်စီ (SSB) သည် UlAQ အမည်ရှိ မောင်းသူမဲ့ရေယာဉ်သစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း The Defense Post သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်တွင်ဖော်ပြခဲ့ပါသည်။

တရုတ်နှင့်ဟန်ဂေရီနိုင်ငံတို့သည် ရပ်ဝန်းနှင့်လမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း

Xinhua; Dec-14(Wed)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) တို့သည် ဗီဒီယိုကွန်းဖရင့်မှတစ်ဆင့် နှစ်နိုင်ငံအစိုးရ များအကြား ရပ်ဝန်းနှင့်လမ်းကြောင်းပူးပေါင်းဆောင်ရွက်မှု (Belt and Road Cooperation) ကော်မတီတစ်ရပ် တည်ထောင်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင်ဖော်ပြခဲ့ပါသည်။

ဂရိနှင့် ဗြိတိန်တို့သည် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလာစေရန် လုပ်ဆောင်လျက်ရှိခြင်း

Ekathimerini;Dec-11(Sun)

ဂရိနှင့် ဗြိတိန်နိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တရားဝင်ကြေညာချက်တစ်စောင်အား လာမည့်လများအတွင်း လက်မှတ်ရေးထိုးသွား မည်ဟု ဥရောပလွှတ်တော် လက်ထောက်အတွင်းဝန် လီယိုဒိုဟာတီ (Leo Doherty) က ဂရိလွှတ်တော်အမတ် မီလ်တီယာဒစ်စ်ဗာဗစ်စီရက်တစ်စ်(Miltiadis Varvitsiotis) နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်စဉ်အတွင်း ပြောကြားခဲ့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်တွင် Ekathimerini သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ဥရောပသမဂ္ဂ၏ စစ်လက်နက်ပစ္စည်းပမာဏကို ကုန်ခမ်းသွားစေခြင်း

ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးပို့နေရခြင်းကြောင့် ဥရောပသမဂ္ဂ၏ စစ်လက်နက်ပစ္စည်းပမာဏကို ကုန်ခမ်းသွားစေခဲ့ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲဖြစ်သူ ဂျိုးဇက်ဘော်ရယ်လ် (Josep Borrel) က ပြောကြား ခဲ့ပါသည်။ သို့သော် ယူကရိန်းစစ်ပွဲသည် ဥရောပသမဂ္ဂနိုင်ငံများအား စစ်ရေးစွမ်းပကား များနှင့်စပ်လျဉ်း၍ အချက်ပေးလှုပ်နှိုးမှုဖြစ်စေခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂ၏ စစ်လက်နက်ပစ္စည်းကိရိယာများအား လျော့နည်းသွားစေသည်ကို တွေ့ရှိရပါကြောင်း ဘော်ရယ်လ်က ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူကီယဲသမ္မတနှင့် ရုရှား သမ္မတတို့ တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် ဒီဇင်ဘာလ ၁၁ ရက်က တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် တူကီယဲ-ရုရှားဆက်ဆံရေး၊ ပင်လယ်နက်မှတစ်ဆင့်ကောက်ပဲသီးနှံများ တင်ပို့မှုအခြေအနေ၊ တူကီယဲ-ဆီးရီးယား နယ်စပ်တစ်လျှောက် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး လုပ်ဆောင်နေမှု များနှင့်စပ်လျဉ်း၍ ထည့်သွင်းပြောဆိုခဲ့ကြောင်း တူကီယဲသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် လက်ရှိရရှိထားသည့် ကောက်ပဲသီးနှံ သဘောတူညီချက် (Grain Deal) တွင် အခြားသောစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ထပ်မံ ထည့်သွင်းခွင့်ပြုသွားရေးနှင့်စပ်လျဉ်း၍လည်း သမ္မတနှစ်ဦးအကြား အလေးအနက်ထား ဆွေးနွေးပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Monday, December 12, 2022

တူကီယဲသမ္မတနှင့် ယူကရိန်သမ္မတတို့ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) တို့သည် ဒီဇင်ဘာလ ၁၁ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ခဲ့ကြပြီး ယူကရိန်း-ရုရှားပဋိပက္ခ၊ ကောက်ပဲသီးနှံသဘော တူညီချက်၏ နယ်ပယ်ချဲ့ထွင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြ ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ယူကရိန်းပြည်သူများ ဆောင်းရာသီတွင်ရင်ဆိုင်ကြုံတွေ့ ရမည့် အခက်အခဲများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွမ်းပေးရေးနှင့်စပ်လျဉ်း၍ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားရန်နှင့် ကောက်ပဲသီးနှံ သဘောတူညီချက်တွင် အခြားသောစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများပါဝင်ရေး အတွက် ချဲ့ထွင်သွားနိုင်သည့်အခြေအနေများကို အာဒိုဂန်က ဇီလန်စကီးကို ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

ဂရိနိုင်ငံအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတက ခြိမ်းခြောက်ပြောကြားခဲ့ခြင်း

Greekherald;Dec-12(Mon)

တူကီယဲနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုသည် ဂရိနိုင်ငံအား ထိတ်လန့်မှုဖြစ်စေနိုင် ကြောင်းနှင့် ဂရိနိုင်ငံအနေဖြင့် အေဂျီယန် (Aegean) ပင်လယ်ရှိကျွန်းစုများ၌ စစ်လက်နက် ပစ္စည်းတပ်ဆင်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လျစ်လျူရှု၍ ငြိမ်သက်စွာ ရပ်ကြည့်နေမည်မဟုတ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဒီဇင်ဘာလ ၁၁ ရက်တွင် ခြိမ်းခြောက်ပြောကြားခဲ့ပါသည်။

တူကီယဲ၊ အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့၏ ခေါင်းဆောင်များအကြား ပထမဆုံး အကြိမ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တူကီယဲ၊ အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့၏ ခေါင်းဆောင်များအကြား ပထမဆုံး အကြိမ် ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဒီဇင်ဘာလ ၁၃ ရက်တွင် တာ့ခ်မင်နစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ သမ္မတအာဒိုဂန်၊ အဇာဘိုင်ဂျန်သမ္မတ အီဟန် အလီရက် (Ilham Aliyev) နှင့် တာ့ခ်မင်နစ္စတန်သမ္မတ ဆာဒါဘာဒီမူဟာမီဒိုး (Serdar Berdimuhamedov) တို့သည် တာ့ခ်မင်နစ္စတန်နိုင်ငံ၊ အဝါဇာ (Awaza) မြို့တွင် တွေ့ဆုံကာ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး စသည့်ကဏ္ဍမျိုးစုံ၌ ၃ နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်လုပ်ဆောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှု များကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Sunday, December 11, 2022

ဥရောပကော်မရှင်သည် တူကီယဲနိုင်ငံ၏ နယ်စပ်ထိန်းချုပ်ရေးအစီအစဉ် ခိုင်မာအားကောင်းလာစေရန်အတွက် အကူအညီပေးအပ်သွားမည်ဆိုခြင်း

Anadolu Agency; Dec-12(Mon)

ဥရောပကော်မရှင်သည် တူကီယဲနိုင်ငံ၏ နယ်စပ်ထိန်းချုပ်ရေးအစီအစဉ် ခိုင်မာအားကောင်းလာစေရန်နှင့် ဒုက္ခသည်များအတွက် အကူအညီများပေးအပ်ရန် ယူရို သန်း ၂၂၀ (အမေရိကန်ဒေါ်လာ ၂၃၂ သန်း) တန်ဖိုးရှိသည့် အကူအညီများ ပေးအပ် သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၂ ရက်တွင် အတည်ပြုပြောကြားခဲ့ပါသည်။ ၎င်းအကူအညီများသည် တူကီယဲနိုင်ငံသို့ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဝင်ရောက်မှုရပ်တန့်ရေးနှင့် ဂရိကျွန်းစုများမှ ရွှေ့ပြောင်းဒုက္ခသည်များ နေရပ်ပြန်လည် စေလွှတ်ရေးအပါအဝင် ဒုက္ခသည်အရေးနှင့်ပတ်သက်၍ တူကီယဲနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင်သွားမည့် ဥရောပသမဂ္ဂ၏ ကတိကဝတ်အား ပြသခြင်းဖြစ်ကြောင်း ဥရောပကော်မရှင်မှ တာဝန်ရှိသူ အိုလီဗာဗာဟေလီ (Oliver Varhelyi) က ပြောကြား ခဲ့ပါသည်။ 
ဥရောပကော်မရှင်အနေဖြင့် တူကီယဲနိုင်ငံ၏ အရှေ့ဘက်နယ်စပ်မှ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဝင်ရောက်မှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် တူကီယဲနိုင်ငံသို့ ခေတ်မီထောက်လှမ်းရေးကိရိယာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် တူကီယဲနိုင်ငံသို့ ပေးအပ်ခဲ့သည့် ဥရောပသမဂ္ဂ၏ အကူအညီ စုစုပေါင်းသည် ယူရို ၁.၂၃၅ ဘီလီယံခန့်ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါအကူအညီများသည် ဒုက္ခသည်များ၏ အခြေခံလိုအပ်ချက်များအတွက် ကုန်ကျစရိတ်များ ကာမိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာစေရန်၊ ဒုက္ခသည်အဖွဲ့အစည်းများအား ငွေသားအကူအညီများပေးအပ်ရန်နှင့် တူကီယဲအရှေ့ဘက်နယ်စပ်ထိန်းချုပ်မှု ခိုင်မာ အားကောင်းလာစေရန်တို့အတွက် ခွဲဝေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် တူကီယဲနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၄ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၃.၆ သန်းနီးပါးသည် ဆီးရီးယား နိုင်ငံသားများဖြစ်ကြောင်း သိရှိရပါသည်။

ဆလိုဗက်ကီးယားသည် ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ်များ ပေးပို့သွားမည်ဆိုခြင်း

AEROTIME; Dec-12(Mon)

ဆလိုဗက်ကီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ MiG-29 ဂျက်တိုက်လေယာဉ်များ ပေးပို့ရန် အသင့်ပြင်ဆင်ထားသည်ဟု ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီး ရက်စ်တစ် လတ်ကာချာ (Rastislav Kacher) က ပြောကြားခဲ့ကြောင်း AEROTIME သတင်းဌာနမှ ဒီဇင်ဘာလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါပေးပို့ရေးအစီအစဉ်သည် NATO နှင့် ယူကရိန်းတို့အကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၎င်း ဂျက်လေယာဉ်များအား မကြာမီကာလတွင် ယူကရိန်းသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။ ယခုအစီအစဉ်နှင့်ပတ်သက်၍ ထိခိုက်မှုမရှိစေရန် လျှို့ဝှက်ဆောင်ရွက်ရ မည်ဖြစ်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီး (Zelensky) နှင့်လည်း ကောင်းမွန်သော အမြင်ချင်းဖလှယ်မှုများ ပြုလုပ်လျက်ရှိကြောင်း ကာချာက ပြောကြားခဲ့ပါသည်။

ဆလိုဗက်ကီးယားနိုင်ငံမှ ယူကရိန်းသို့ စစ်ရေးဆိုင်ရာကူညီထောက်ပံ့ပေးရေး အစီအစဉ်တွင် MiG-29 တိုက်လေယာဉ်များအတွက် ဒုံးကျည်ထောင်ပေါင်းများစွာအပြင် ခဲယမ်းကျည်မျိုးစုံပါဝင်ကြောင်း ကာချာက ပြောကြားခဲ့ပါသည်။ ယူကရိန်းအပေါ် ရုရှား၏ စစ်ရေးအရတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်များ ပေးပို့ခြင်းသည် အငြင်းပွားဖွယ်ရာကိစ္စတစ်ခု အဖြစ် တည်ရှိလျက်ရှိပါသည်။ ယူကရိန်းသို့ အနောက်နိုင်ငံထုတ် တိုက်လေယာဉ် များအား ထောက်ပံ့ပေးရေး အဆိုပြုချက်များစွာရှိခဲ့သော်လည်း ယူကရိန်းလေသူရဲများ သည် MiG-29 နှင့် Su-27 ကဲ့သို့သော ဆိုဗီယက်ခေတ်ဂျက်တိုက်လေယာဉ်များဖြင့်သာ ရင်းနှီးကျွမ်းဝင်မှုရှိနေခြင်း ဖြစ်ပါသည်။ ယူကရိန်း၏ Mig-29 တိုက်လေယာဉ်များ စစ်ဆင်နိုင်ရေးအတွက် အမည်မဖော်လိုသည့် NATO အဖွဲ့ဝင်နိုင်ငံများထံမှ စစ်လက်နက် ပစ္စည်းဆိုင်ရာ အပိုပစ္စည်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လက်ခံရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အမေရိကန်နှင့် အက်စ်တိုးနီးယားတို့သည် ဘောလ်တစ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးတည်ရှိမှုကို တိုးမြှင့်သွားမည်ဆိုခြင်း

The Defence Post; Dec-12(Mon)

အမေရိကန်သည် ဘောလ်တစ်ဒေသတွင် နေတိုးအဖွဲ့၏ စစ်ရေးတည်ရှိမှုကို ပံ့ပိုးရန်အတွက် အက်စ်တိုးနီးယားသို့ အလှည့်ကျတပ်ဖွဲ့များ ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီး ဟန်နိုပက်ဖ်ကာ (Hanna Pevkur) က အတည်ပြုပြောကြားခဲ့သည်ဟု The Defence Post သတင်းဌာနက ဒီဇင်ဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်၊ အက်စ်တိုးနီးယားနှင့် မဟာမိတ်တပ်ဖွဲ့ဝင် များအကြား စစ်ရေးလုပ်ဆောင်မှုများကို မြှင့်တင်ရန်အတွက် ဘောလ်တစ်ဒေသ တစ်ဝိုက်တွင် အလှည့်ကျတပ်ဖြန့်ချထားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) က မက်ဒရစ်ထိပ်သီးအစည်းအဝေး၌ ကြေညာခဲ့ပြီးနောက်ပိုင်း အထက်ပါအတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းအတည်ပြုချက်သည် အက်စ်တိုးနီးယားနှင့် ဘောလ်တစ်ဒေသတစ်ဝိုက်တွင် အမေရိကန်၏ အလှည့်ကျတပ်ဖြန့်ချထားမှုအား သိသိသာသာတိုးမြှင့့််ပေးနိုင်မည့်အပြင် ဒေသတွင်းလုံခြုံရေးအတွက် အမေရိကန်မှထားရှိသော ကတိကဝတ်များနှင့် နေတိုး အဖွဲ့၏ တည်ရှိမှုတိုးမြှင့်လာခြင်းကိုလည်း ကြီးမားစွာပြသနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

အမေရိကန်အစိုးရအနေဖြင့် လျင်မြန်စွာလှုပ်ရှားစစ်ကစားနိုင်သော ယာဉ်တင်ဒုံး လက်နက်စနစ်(High Mobility Artillery Rocket Systems-HIMARS) များအား အက်စ်တိုးနီးယားစစ်ဘက်တပ်ဖွဲ့ဝင်များ ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် အမေရိကန် စစ်ဘက်တပ်ဖွဲ့ဝင်များစေလွှတ်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားစေမည်ဖြစ်ပါသည်။ အက်စ်တိုးနီးယားနိုင်ငံအနေဖြင့်လည်း ၎င်းနိုင်ငံအတွက် ကိုယ်ပိုင် HIMARS လက်နက် စနစ်များကို လာမည့် ၂၀၂၅ ခုနှစ်တွင် လက်ခံရရှိရန် မျှော်မှန်းထားလျက်ရှိကြောင်း ပက်ဖ်ကာက ပြောကြားခဲ့ပါသည်။ အက်စ်တိုးနီးယားနိုင်ငံသည် ယခုလအစောပိုင်းတွင် အမေရိကန်ထံမှ HIMARS လက်နက်စနစ် ၆ ခုအား ဝယ်ယူသွားရန် အမေရိကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသော သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

အမေရိကန်ဦးဆောင်သော NATO အဖွဲ့သည် အရှေ့ဥရောပတွင် ၂၀၁၄ ခုနှစ် အထိ တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရှိခဲ့ခြင်းမရှိသော်လည်း ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံမှ သိမ်းပိုက်ပြီးနောက်ပိုင်း ဘော်လ်တစ်ဒေသနှင့် ပိုလန်နိုင်ငံတို့တွင် NATO တပ်ဖွဲ့ ၄ ဖွဲ့ကို အလှည့်ကျတပ်ဖြန့်ချထားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါသည်။ အမေရိကန် အနေဖြင့်လည်း ဘောလ်တစ်နိုင်ငံများဖြစ်သည့် အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံတို့တွင် NATO အဖွဲ့၏ စစ်ရေးတည်ရှိမှုများ တိုးမြှင့်ရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။ NATO တပ်ဖွဲ့ဝင်များအနေဖြင့် ဘောလ်တစ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှုများကို ယခင်ထက် ပိုမိုတိုးမြှင့်ပြုလုပ်လျက်ရှိသည့်အပြင် စစ်ရေး လေ့ကျင့်မှုအတွင်း၌လည်း တိုက်ခိုက်ရေးစွမ်းဆောင်မှုမြင့်မားသည့် ရေတပ်သင်္ဘော အုပ်စုများကိုသာမက မဟာဗျူဟာမြောက် ပျံသန်းရေးတပ်ဖွဲ့ကိုပါ အသုံးပြုလေ့ကျင့် ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ လက်ရှိတွင်လည်း ဘောလ်တစ်ဒေသတွင်း စစ်ရေး တည်ရှိမှုများ တိုးမြှင့်လုပ်ဆောင်လာသည့်အပြင် အမေရိကန်နိုင်ငံထုတ် လက်နက်စနစ်များ ဖြစ်သည့် HIMAS ကဲ့သို့သော စွမ်းအားမြှင့်လက်နက်များ အသုံးပြုနိုင်စေရေးအတွက် ၎င်းတပ်ဖွဲ့ဝင်များနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် စီစဉ်လျက် ရှိပါသည်။ ဘောလ်တစ်နိုင်ငံများသည်လည်း စစ်ရေးအရ တစ်စတစ်စအင်အားကြီးထွားလာသည့် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကဲ့သို့ ပြုလုပ်လာမည့်အပေါ် စိုးရိမ်ခြင်းများ ရှိနေ ခြင်းကြောင့် အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ၏ စစ်ရေးတိုးချဲ့မှုများနှင့် စစ်လက်နက်ပစ္စည်းများ လက်ခံရရှိရန် လိုလားလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ အမေရိကန်၏ လုပ်ရပ်များသည် ဒေသအတွင်း ရန်လိုမှုများကိုသာ ဖန်တီး လုပ်ဆောင်မှုအသွင် ဖြစ်ပေါ်နေလျက်ရှိပြီး စစ်ရေးအရ အင်အားကြီးမားလာလျက်ရှိသည့် ရုရှားနိုင်ငံအား ထိန်းချုပ်ရေးအတွက် အရှေ့ဥရောပရှိ ဘောလ်တစ်နိုင်ငံများအပါအဝင် အခြား NATO အဖွဲ့ဝင်နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အစွမ်းကုန် ဆက်လက်လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Saturday, December 10, 2022

တူကီယဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ကတိပြုခဲ့ကြခြင်း

Anadolus Agency;Dec-11(Sun)

တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး ရမ်တိန်လမ်မရာ (Ramtane Lamamra) တို့သည် အယ်လ်ဂျီးရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် တူကီယဲ-အယ်လ်ဂျီးရီးယား ပူးတွဲစီမံကိန်း အဖွဲ့အစည်းအဝေး (Turkish-Algerian Joint Planning Group) ၌ တွေ့ဆုံခဲ့ကြောင်း Anadolus Agency သတင်းဌာနက ဒီဇင်ဘာလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း ခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်း ၎င်းသတင်းဌာနက ဆက်လက် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကာကွယ်ရေး၊ ရေကြောင်းသွားလာမှု၊ ငါးဖမ်းလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

တူကီယဲနိုင်ငံရှိ ကုမ္ပဏီ ၁၄၀၀ ကျော်ခန့်သည် အယ်လ်ဂျီးရီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း မက်ဗလက်ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့အကြား စွမ်းအင်နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း မက်ဗလက်ကာဗူဆိုဂလူက အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် တူကီယဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့သည် မကြာမီကာလတွင် နှစ်နိုင်ငံအကြား လူမှုဆက်ဆံရေးကို မြှင့်တင်ရန်အတွက် ယဉ်ကျေးမှု စင်တာများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကိုဆိုဗိုမြောက်ပိုင်း၌ ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားနိုင်ရေး KFOR အကြီးအကဲထံ တောင်းဆိုသွားမည်ဟု ဆားဘီးယားသမ္မတက ပြောကြားခဲ့ခြင်း

Aljazeera;Dec-11(Sun)

ကိုဆိုဗိုမြောက်ပိုင်း၌ ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များအား တပ်ဖြန့်ချ ထားခွင့်ပြုရန် KFOR အမည်ရှိ NATO ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့ထံ တောင်းဆိုသွား မည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) က ဒီဇင်ဘာလ ၁၀ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါသည်။ ဆားဘီးယား နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမှတ်(၁၂၄၄)အရ ကိုဆိုဗိုတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁,၀၀၀ ဦးအထိ တပ်ဖြန့်ချထားခွင့်ရှိပြီး ၎င်းဆုံးဖြတ်ချက်နှင့်အညီ ကိုဆိုဗိုနှင့် မက်တိုဟီဂျာ (Metohija) တို့တွင် အထက်ပါအတိုင်း တပ်ဖြန့်ချထားခွင့်ပြုရန် KFOR အကြီးအကဲထံသို့ ဒီဇင်ဘာလ ၁၂ ရက်၊ သို့မဟုတ် ၁၃ ရက်တွင် တောင်းဆိုလွှာပေးပို့ သွားမည်ဖြစ်ကြောင်းလည်း သမ္မတ ဗူစစ်က ထည့်သွင်းပြောကြားခဲ့ပါသည်။

တူကီယဲစစ်ဘက်သည် အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းရှိ အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်အကြမ်းဖက်သမား ၁၆ ဦးထက်မနည်းအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်း

တူကီယဲစစ်ဘက်သည် အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်အကြမ်းဖက်သမား ၁၆ ဦးထက်မနည်းအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဝဘ်ဆိုက်က ဒီဇင်ဘာလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲစစ်ဘက်သည် တူကီယဲနယ်စပ်အနီး အီရတ်နိုင်ငံမြောက်ပိုင်းရှိ မက်တီနာ (Metina)၊ ဇပ် (Zap) နှင့် အဗတ်ဆင်ဘတ်ယန် (Avasin-Basyan) ဒေသတွင် ခိုအောင်းနေသော ကာ့ဒ်အကြမ်းဖက်အဖွဲ့အား ပစ်မှတ်ထား၍ ပြီးခဲ့သော ဧပြီလမှစတင်ပြီး Claw-Lock စစ်ဆင်ရေးအား စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းစစ်ဆင်ရေး သည် ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ခဲ့သော Claw-Tiger နှင့် Claw-Eagle စစ်ဆင်ရေး ပြီးနောက် ထပ်မံစတင်ခဲ့သော တတိယမြောက်စစ်ဆင်ရေးဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲသည် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် ရုရှားသမ္မတ၊ ယူကရိန်းသမ္မတတို့နှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ခြင်း

တူကီယဲနိုင်ငံသည် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် ကြိုးပမ်းသည့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) တို့နှင့် ဒီဇင်ဘာလ ၁၁ ရက်တွင် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဒီဇင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများ ဆက်လက်တင်ပို့နိုင်ရန်အတွက် ယခုနွေရာသီတွင် သက်တမ်းတိုး နိုင်ခဲ့သော ကောက်ပဲသီးနှံတင်ပို့ရေးဆိုင်ရာသဘောတူညီချက်ကိုလည်း ပိုမိုခိုင်မာစေလို ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခဖြစ်ပွား ခဲ့သည့်အချိန်မှစ၍ စည်းမျဉ်းများနှင့်အညီ သံတမန်ရေးဆိုင်ရာကြားဝင်ဖျန်ဖြေမှုများကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Thursday, December 8, 2022

ကိုဆိုဗိုမြောက်ပိုင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်တပ်ဖြန့်ချထားလျက်ရှိခြင်း

Anadolu Agency; Dec-9(Fri)

ကိုဆိုဗိုအစိုးရနှင့် ဆာ့ဘ်လူမျိုးစုတို့အကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ကိုဆိုဗိုမြောက်ပိုင်းသို့ ရဲတပ်ဖွဲ့ဝင်များ ပိုမိုတပ်ဖြန့်ချထားလျက်ရှိကြောင်း ကိုဆိုဗို ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုရဲတပ်ဖွဲ့၏ ဆာ့ဘ်မဟုတ်သော တပ်ဖွဲ့များသည် အယ်ဘေးနီးယားလူမျိုးများနှင့် ဘော့စနီးယားလူမျိုးများ၏ လုံခြုံရေး သေချာမှုရှိစေရန်အတွက် မီထရိုဗီကာ (Mitrovica) မြို့၏ မြောက်ပိုင်းဒေသများသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြပါသည်။ ယခုသီတင်းပတ်တွင် ကိုဆိုဗိုအတွင်းရှိ လူမျိုးပေါင်းစုံနေထိုင်ရာနေရာများ၌ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အပြင် ဆာ့ဘ်လူမျိုးစုမဟုတ်သူများအနေဖြင့်လည်း ခြိမ်းခြောက် မှုများခံစားခဲ့ရသောကြောင့် လုံခြုံရေးအစီအမံများ ပြုလုပ်ထားပြီး ယခုအခါ အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ရှီလာဆီကလာ (Xhelal Svecla) က ကြေညာ ခဲ့ပါသည်။ ကိုဆိုဗိုရဲတပ်ဖွဲ့သည် လုံခြုံရေးနှင့် တည်ငြိမ်မှုကိုထိန်းသိမ်းရန် တာဝန်ရှိသည် ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။

မကြာသေးမီရက်များအတွင်း နိုင်ငံမြောက်ပိုင်းရှိ ရဲအရာရှိများနှင့် ပြည်သူများ အကြား လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံသား အားလုံး၏ လုံခြုံရေးကို အထောက်အပံ့ဖြစ်စေရန် ရဲတပ်ဖွဲ့ဝင်များတိုးမြှင့်ချထားရန် လိုအပ်သည်ဟု ယူဆထားကြောင်းလည်း ဆီကလာက ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ နေထိုင်ကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံသားအားလုံးအတွက် ခွဲခြားမှုမရှိသည့်စည်းမျဉ်းစည်းကမ်းနှင့် လုံခြုံရေးဆိုင်ရာ ကတိကဝတ်များရှိခြင်းကြောင့် ကိုဆိုဗိုရဲတပ်ဖွဲ့နှင့် တည်ငြိမ်အေးချမ်းစွာ ပူးပေါင်း ဆောင်ရွက်ကြရန်လည်း ၎င်းက နိုင်ငံသားအားလုံးကို တောင်းဆိုခဲ့ပါသည်။ စစ်ဝတ်စုံ အပြည့်နှင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဝင် ၃၀၀ ဦးမှ ၃၅၀ ဦးအကြားသည် သံချပ်ကာယာဉ်များဖြင့် ကိုဆိုဗိုမြောက်ပိုင်းသို့ရောက်ရှိလာခဲ့ကြောင်း ကိုဆိုဗိုဆိုင်ရာဆားဘီးယားအစိုးရ ကော်မရှင်နာ အကြီးအကဲ ပီတာပတ်ကိုဗစ် (Petar Petkovic) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။ Brussels သဘောတူညီချက်အရ ကိုဆိုဗိုရဲတပ်ဖွဲ့များသည် မြောက်ဘက်ပိုင်းတွင် တပ်ဖြန့်ချထားခွင့်မရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဘူလ်ဂေးရီးယားသမ္မတ သည် တူကီယဲ သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

ဘူလ်ဂေးရီးယားနိုင်ငံသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) နှင့် တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဒီဇင်ဘာလ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ၎င်းတို့သည် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးစသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးသွား မည်ဖြစ်ကြောင်း တူကီယဲဆက်သွယ်ရေးညွှန်ကြားရေးမှူးဦးစီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

Wednesday, December 7, 2022

တူကီယဲနှင့် ဖင်လန်ကာကွယ်‌ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Trend; Dec-8(Thu)

တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် ဖင်လန် ကာကွယ်ရေးဝန်ကြီး အန်တီကိုင်ကိုနန် (Antti Kaikkonen) တို့သည် မြို့တော် အန်ကာရာ (Ankara) ၌ ဒီဇင်ဘာလ ၈ ရက်တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး သုံးနိုင်ငံနားလည်မှုစာချွန်လွှာနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း Trend သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ဖင်လန်ကာကွယ်ရေးဝန်ကြီးအား တူကီယဲ စစ်ဘက်ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ ပြီးနောက် ကာကွယ်ရေးဝန်ကြီးနှစ်ဦး၏ ဆွေးနွေးမှုအပြင် နှစ်နိုင်ငံကိုယ်စားလှယ်များ အကြား တွေ့ဆုံဆွေးနွေးမှုလည်း ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှု၏ အသေးစိတ်အချက်အလက် များအား ပြောကြားရာတွင် နှစ်နိုင်ငံဆက်ဆံရေးများ အထူးသဖြင့် အကြမ်းဖက်မှုတန်ပြန် တိုက်ခိုက်ရေး၊ ကုန်စည်တင်ပို့မှုခွင့်ပြုချက်အပေါ် ကန့်သတ်ချက်များအား ဖယ်ရှားပေး ရေးတို့အား ဆွေးနွေးခဲ့ကြပြီး အကျိုးရှိ၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုဖြစ်ကြောင်း အကာက ပြောကြားခဲ့ပါသည်။

ထို့နောက် စပိန်နိုင်ငံ၊ မြို့တော်မက်ဒရစ် (Madrid) ၌ ဇွန်လ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် NATO ထိပ်သီးဆွေးနွေးပွဲမှရရှိခဲ့သော တူကီယဲ၊ ဖင်လန်နှင့်ဆွီဒင် သုံးနိုင်ငံ သဘောတူစာချုပ်မူကြမ်းနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးခဲ့သည့် ကတိကဝတ်များအား အပြည့်အဝဖော်ဆောင်ရန်မျှော်မှန်းကြောင်း အကာက ပြောကြားခဲ့ပါသည်။ သဘောတူ စာချုပ်မူကြမ်းအပေါ် ဖင်လန်နိုင်ငံမှထောက်ခံသည့် ထုတ်ပြန်ချက်များပေးအပ်ခဲ့သော်လည်း ခိုင်မာသည့်ခြေလှမ်းများဖြစ်လာစေရန် မျှော်မှန်းထားကြောင်း၊ ကတိကဝတ်များအား အမြန်ဆုံးအကောင်အထည်‌ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက ဖင်လန်အား NATO မဟာမိတ် နိုင်ငံအဖြစ်ပါဝင်လာစေရန် လိုလားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဖင်လန် အနေဖြင့်လည်း NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုအပေါ် တူကီယဲမှအသိအမှတ်ပြုရန် အချိန်မည်မျှကြာမည်ကို မခန့်မှန်းနိုင်သော်လည်း အမြန်ဆုံးလက်ခံပေးရန် လိုလား ကြောင်း ဖင်လန်ကာကွယ်ရေးဝန်ကြီး အန်တီကိုင်ကိုနန်က ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

ဂရိနိုင်ငံသည် တူကီယဲလူနည်းစုအခွင့်အရေးများကို ချိုးဖောက်လျက်ရှိသည်ဟု တူကီယဲက ပြောကြားခဲ့ခြင်း

Anadolu Agency; Dec-8(Thu)

ဂရိနိုင်ငံအနေဖြင့် Western Thrace ဒေသ၌ နေထိုင်လျက်ရှိသည့် တူကီယဲ အသိုက်အဝန်းအား လူနည်းစုမျိုးနွယ်တစ်ခုအဖြစ် သတ်မှတ်မှုမရှိခြင်းသည် နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဒီဇင်ဘာလ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံသည် နိုင်ငံတကာသဘောတူစာချုပ်ဖြစ်သည့် Lausanne စာချုပ်အပါအဝင် တူကီယဲလူနည်းစုများ၏အခြေခံလူ့အခွင့်အရေးများကို အဆက်မပြတ်ချိုးဖောက်လျက် ရှိကြောင်းနှင့် တူကီယဲနိုင်ငံအနေဖြင့်လည်း Westeran Thrace ဒေသရှိ တူကီယဲ လူနည်းစုများကို အထီးကျန်စွာထားရှိစေမည်မဟုတ်ကြောင်း ကာဗူဆိုဂလူက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ တူကီယဲလူနည်းစုများနေထိုင်သော Western Thrae ဒေသ၏အကြံပေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ဂရိနိုင်ငံအရှေ့မြောက်ဘက်နှင့် တူကီယဲနယ်စပ်တွင်တည်ရှိသည့် Western Thrace ဒေသသည် မွတ်စလင်တူကီယဲလူနည်းစု ၁၅၀,၀၀၀ ဝန်းကျင်ခန့် နေထိုင်ရာ ဒေသဖြစ်ပါသည်။ အဆိုပါဒေသ၌ ၎င်းတို့ကျောင်းများနှင့် ပရဟိတလှူဒါန်းမှုအစီအစဉ် များတွင် “Turk”၊ သို့မဟုတ် “Turkish” ဟူသော စကားလုံးများအသုံးပြုခြင်းကို တားမြစ်ထားသည့်အပြင် ၎င်းတို့၏ ဘာသာရေးကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ခြင်းအား တားမြစ်မှုများအပါအဝင် ဂရိနိုင်ငံက ၎င်းတို့လူနည်းစုများအပေါ် ခွဲခြားဆက်ဆံသည့် အကြောင်းအရာများကိုလည်း ကာဗူဆိုဂလူက ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ Western Thrace ဒေသရှိ တူကီယဲလူနည်းစုအခွင့်အရေးများကို ၁၉၂၃ ခုနှစ် တွင် သဘောတူညီခဲ့သည့် Lausanne စာချုပ်အရ အာမခံပေးထားခဲ့သော်လည်း ဂရိနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာဥရောပတရားရုံး (European Court of Human Rights) ၏ စည်းမျဉ်းများကိုလိုက်နာရန် ငြင်းဆိုမှုများနှင့်အတူ ဆယ်စုနှစ်များစွာကြာလာသည်နှင့် အမျှ အခြေအနေများက ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲသည် ဂရိနိုင်ငံရှိ တူကီယဲ လူနည်းစုများ၏ အခြေခံရပိုင်ခွင့်များနှင့် လွတ်လပ်မှုဆုံးရှုံးရခြင်းများအတွက် ဂရိနိုင်ငံ အပေါ် ကာလရှည်ကြာ ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဆလိုဗက်ကီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ များ ပိုမိုပေးအပ်သွားရန်အတည်ပြုခဲ့ခြင်း

ဆလိုဗက်ကီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ အကူအညီ များ ပိုမိုပေးအပ်သွားရန်အတည်ပြုခဲ့ပြီး ခဲယမ်းမီးကျောက်မျိုးစုံနှင့် ဆောင်းရာသီသုံးပစ္စည်း ကိရိယာများကိုအဓိကထား၍ ထောက်ပံ့သွားရန်စီစဉ်လျက်ရှိကြောင်း ဆလိုဗက်ကီးယား နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီစလာကာဆာ (Rastislav Kacer) က ဒီဇင်ဘာလ ၈ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု English.NV သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba) နှင့် တွေ့ဆုံခဲ့ပြီးနောက် ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် ရုရှား၏ကျူးကျော် တိုက်ခိုက်မှုကို ခုခံကာကွယ်ရာတွင် ယူကရိန်းနိုင်ငံအပေါ်ပံ့ပိုးကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကာဆာက အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် ဆလိုဗက်ကီးယား နိုင်ငံသည် ၎င်း၏လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ယူကရိန်းသို့လှူဒါန်းခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်းလည်း သိရှိရပါသည်။

ရိုမေးနီးယားနိုင်ငံအား ရှင်ဂန် (Schengen) ဧရိယာမှ ဖယ်ကြဉ်ထားသည့် ဩစတြီးယားအစိုးရ၏ သဘောထား ရပ်တည်ချက်ကိုပယ်ချကြောင်း ရိုမေးနီးယားပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့်ပတ်သက်၍ ဩစတြီးယား နိုင်ငံရင်ဆိုင်နေရသော ပြဿနာများကို နားလည်သော်လည်း ရိုမေးနီးယားနိုင်ငံအား ရှင်ဂန် (Schengen) ဧရိယာမှ ဖယ်ကြဉ်ထားသည့် ဩစတြီးယားအစိုးရ၏ သဘောထား ရပ်တည်ချက်ကိုပယ်ချကြောင်း ရိုမေးနီးယားပြည်ထဲရေးဝန်ကြီး လူစီယန်ဘိုး (Lucian Bode) က ပြောကြားခဲ့သည်ဟု Aandolu Agency သတင်းဌာနက ဒီဇင်ဘာလ ၈ ရက် တွင် ဖော်ပြခဲ့ပါသည်။ ရိုမေးနီးယားသည် ရွှေ့ပြောင်းအခြေချသူများဝင်ရောက်ရာ အနောက်ဘော်လ်ကန် (Western Balkan) လမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခုဖြစ် ကြောင်း ဩစတြီးယားနိုင်ငံကစွပ်စွဲကာ နိုင်ငံဖြတ်ကျော်ခရီးသွားလာခွင့်အတွက် EU မှ နိုင်ငံကူးလက်မှတ်ကင်းလွတ်ခွင့်ပြုထားသည့် ရှင်ဂန်ဧရိယာသို့ ရိုမေးနီးယားဝင်ရောက်ခွင့်ကို တားဆီးပိတ်ပင်နေခြင်းပင်ဖြစ်ပါသည်။ ရိုမေးနီးယား၏ပူးပေါင်းပါဝင်မှုသည် မည်သည့် နိုင်ငံအတွက်မျှ အန္တရာယ်ရှိစေမည်မဟုတ်သည့်အပြင် ရှင်ဂန်အသိုက်အဝန်းကိုသာ ပိုမို ခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း လူစီယန်ဘိုးက ပြောကြားထားသည်ဟု သိရှိရ ပါသည်။

တူကီယဲသည် အမေရိကန် F-16 တိုက်လေယာဉ်များရောင်းချမှုကို အမြန်ဆုံး အပြီးသတ်ဆောင်ရွက်ရန် ပြောကြားခဲ့ခြင်း

Xinhua;Dec-8(Thu)

တူကီယဲနိုင်ငံသို့ အမေရိကန် F-16 တိုက်လေယာဉ်များရောင်းချမှုကို တတ်နိုင်သမျှ အမြန်ဆုံးအပြီးသတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဒီဇင်ဘာလ ၇ ရက်တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကာဗူဆိုဂလူ သည် ၎င်းနိုင်ငံသို့ရောက်ရှိနေသော မော်လ်ဒိုဗာနိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပပေါင်းစည်းရေး ဝန်ကြီးဖြစ်သူ နီချူပေါ့စ်ဆူ (Nicu Popescu) နှင့် တူကီယဲနိုင်ငံ၊ အက်စတန်ဘူလ် (Istanbul) မြို့တွင်ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခု၌တွေ့ဆုံစဉ် အထက်ပါ ကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းပြောဆိုချက်သည် တူကီယဲအား F-16 တိုက်လေယာဉ်များရောင်းချခြင်းနှင့်ပတ်သက်၍ ကာကွယ်ရေးအသုံးစရိတ် နောက်ဆုံးစာပိုဒ်ပါ ကန့်သတ်တားမြစ်ချက်များထားရှိမှုအား ဖယ်ရှားပေးရန်အတွက် အမေရိကန်လွှတ်တော်၏ နောက်ဆုံးသဘောတူညီချက်အပေါ် တုံ့ပြန်ပြောဆိုခဲ့ခြင်း လည်းဖြစ်ပါသည်။

တူကီယဲသည် ၎င်း၏လေတပ်အား F-16 ဂျက်တိုက်လေယာဉ် ၄၀ စီးဖြင့် ခိုင်မာအားကောင်းလာစေရန် ရည်မှန်းထားသော်လည်း ၎င်းဂျက်တိုက်လေယာဉ်များကို အခြားနိုင်ငံလေပိုင်နက်သို့ ကျော်လွန်ပျံသန်းခွင့်အား တားမြစ်ပိတ်ပင်ခြင်းအပါအဝင် မည်သို့သောကန့်သတ်ချက်ထားရှိမှုမျိုးကိုမဆို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ထားပြီး ဖြစ်ပါသည်။ ထိုကဲ့သို့သော ကန့်သတ်ချက်များပါရှိနေခြင်းသည် ၎င်းဂျက်တိုက်လေယာဉ် များဝယ်ယူရခြင်း၏ အကျိုးရလဒ်ကို ပျက်ပြယ်စေမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အမေရိကန်အနေဖြင့် F-16 ဝယ်ယူရေးသဘောတူညီချက်ကို လိုက်နာရန်ပျက်ကွက်ပါက ရုရှားအပါအဝင် အခြားရွေးချယ်စရာနိုင်ငံများကို ထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း တူကီယဲက အစောပိုင်းကာလတွင် ပြောကြားခဲ့ပါသည်။ တူကီယဲသည် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များဝယ်ယူ ခဲ့ပြီးနောက် အမေရိကန်က တူကီယဲသို့ လက်နက်ရောင်းချမှုကို ရပ်တန့်ထားခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

Tuesday, December 6, 2022

တူကီယဲသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ နှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးတို့သည် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

တူကီယဲသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်ကလ်လင် (Ibrahim Kalin) နှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးတို့သည် ဒီဇင်ဘာလ ၇ ရက်တွင် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တူကီယဲသမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့သည် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ရုရှား-ယူကရိန်းပဋိပက္ခနှင့် အရှေ့မြေထဲပင်လယ်၌ လက်ရှိဖြစ်ပွားနေသည့်အခြေအနေ များ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားသော ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့သည် ဆွေးနွေးမှုအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နိုင်ရေးလည်း သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

အယ်လ်ဘေးနီးယားသည် ရေပိုင်နက်အငြင်းပွားမှုကို နိုင်ငံတကာခုံရုံးတွင် လက်ခံ ဖြေရှင်းလိမ့်မည်ဟု ယုံကြည်ကြောင်း ဂရိဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်း


Anadolu Agency;Dec-7(Wed)

အယ်လ်ဘေးနီးယားနိုင်ငံအနေဖြင့် ဂရိနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့အကြား ဖြစ်ပေါ်နေသည့် အထူးသီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone-EEZ) အငြင်းပွားမှုများကို နိုင်ငံတကာတရားရုံး (International Court of Justice ICJ) ထံ လျှောက်ထားဖြေရှင်းရေးအတွက် သဘောတူမည်ဟုယူဆကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဒီဇင်ဘာလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံ အကြား ရေကြောင်းပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ တရားရေးဆိုင်ရာရှုပ်ထွေးမှု များစွာရှိနေခဲ့သော်လည်း မကြာသေးမီလများအတွင်း သိသာထင်ရှားသည့် တိုးတက်မှု များဖြစ်ပေါ်ခဲ့ကြောင်း ဂရိနိုင်ငံထုတ် Kathimerini နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့ပါ သည်။ အယ်လ်ဘေးနီးယားနိုင်ငံ၊ မြို့တော်တီရာနာ (Tirana) ၌ ဒီဇင်ဘာလ ၆ ရက် တွင်ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ-အနောက်ဘော်လ်ကန် ထိပ်သီးအစည်းအဝေးတွင် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) နှင့် အပြန်အလှန်ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီးနောက်တွင် ဂရိဝန်ကြီးချုပ်၏ အဆိုပါမှတ်ချက်ပေးပြောကြားမှု ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။

Monday, December 5, 2022

အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများအား ပိုလန်နိုင်ငံသို့ ရောင်းချပေးရန် အမေရိကန်အစိုးရက အတည်ပြုခဲ့ခြင်း



AP News; Dec-6(Tue)

ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများ မြင့်တက် လျက်ရှိစဉ် NATO အဖွဲ့ဝင် ပိုလန်နိုင်ငံအား အမေရိကန်ဒေါ်လာ ၃.၇၅ ဘီလီယံတန်ဖိုးရှိ အဆင့်မြင့် Abrams တင့်ကားများ၊ တိုက်ခိုက်ရေးယာဉ်များနှင့် အခြားသောစစ်လက်နက် ပစ္စည်းအမြောက်အမြားရောင်းချပေးသွားမည့်အစီအစဉ်အား အမေရိကန်အစိုးရက ဒီဇင်ဘာလ ၆ ရက်တွင် အတည်ပြုခဲ့ပါသည်။ ထို့ပြင် M1A1 Abrams တိုက်ပွဲဝင်တင့်ကား ၁၁၆ စီး အပါအဝင် ထောင်ပေါင်းများစွာသော ခဲယမ်းမီးကျောက်များအား ပိုလန်နိုင်ငံသို့ ရောင်းချ ပေးသွားရန် ခွင့်ပြုပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထား ပါသည်။

ဖင်လန်နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံအပေါ် ချမှတ်ထားသည့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Al Arabiya; Dec-6(Tue)

ဖင်လန်နိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေး တူကီယဲနိုင်ငံ၏ ထောက်ပံ့မှု ရရှိရန်အတွက် ၎င်းတို့နိုင်ငံအပေါ်ချမှတ်ထားသည့် လက်နက်ရောင်းချမှု ပိတ်ပင်ထား ခြင်းကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူ ဆိုဂလူ (Mevlut Cavusoglu) က ဒီဇင်ဘာလ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေး တစ်ရပ်ဆောင်ရွက်ခဲ့ပြီးနောက် NATO အဖွဲ့သို့ဝင်ရောက်ရန် တောင်းဆိုလာခဲ့ခြင်းဖြစ် ပါသည်။ သို့သော်လည်း ၎င်းတို့၏ ကာ့ဒ်စစ်သွေးကြွများအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့် တူကီယဲအပေါ်ချမှတ်ထားသည့် လက်နက်ရောင်းချမှုပိတ်ပင်ခြင်းကို ဖယ်ရှားခြင်းအပါအဝင် တောင်းဆိုချက်အများအပြားကို မလိုက်လျောမီအချိန်အထိ ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်မှုကို ထောက်ခံရန် တူကီယဲနိုင်ငံက ငြင်းဆိုလျက်ရှိပါသည်။

ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးသည် တူကီယဲနိုင်ငံသို့ သွားရောက်မည်ဖြစ်ခြင်း

ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဘော့ဒန်အူရက်စ်ကူ (Bogdan Aurescu) သည် တူကီယဲနိုင်ငံသို့ ဒီဇင်ဘာလ ၆ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း အူရက်စ်ကူအနေဖြင့် တူကီယဲ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံဆက်ဆံမှုတိုးမြှင့်ရေးတွင် အပြန်အလှန် ကတိကဝတ်များထားရှိမှုကို အခြေခံဆောင်ရွက်မည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးတက်လာမှုအခြေအနေများအပြင် နိုင်ငံတကာရေးရာနှင့် ဒေသတွင်းအရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sunday, December 4, 2022

အီတလီနှင့် တူကီယဲကာကွယ်ရေးဝန်ကြီးတို့ သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်း

အီတလီကာကွယ်ရေးဝန်ကြီး ဂွီဒိုခရိုဆက်တို (Guido Crosetto) နှင့် တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) တို့သည် ဒီဇင်ဘာလ ၁ ရက်တွင် ၎င်းတို့နှစ်နိုင်ငံအကြား ဒေသတွင်းကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ် များ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြ ကြောင်း Daily Sabah သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား စစ်ဘက် ဆက်ဆံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း အားဖြင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျာမယ်လိုနီ (Giorgia Meloni) တို့အကြား သဘောတူ ထားရှိသည့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးမူဘောင်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဟူလူဆီအကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲနှင့် အဇာဘိုင်ဂျန်တို့သည် ပူတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် စတင်ပြုလုပ်ခဲ့ခြင်း

တူကီယဲနှင့် အဇာဘိုင်ဂျန်နိုင်ငံမှစစ်ဘက်တပ်ဖွဲ့ဝင်များသည် အဇာဘိုင်ဂျန်နိုင်ငံ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို စတင်ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Mehrnews သတင်းဝဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် အရ တူကီယဲနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များသည် အဇာဘိုင်ဂျန်နိုင်ငံ၏ မြို့တော်များဖြစ်သည့် ဗားကူး (Baku)၊ အက်စတာရာ (Astara)၊ ဂျာဘရာရီ (Jabrayil) နှင့် အီမီရှလီ (Imishli) မြို့ များတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် စုဝေးခဲ့ကြပါသည်။ ထို့ပြင် အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် မြေပြင်တပ်ဖွဲ့များ၊ လေတပ်ဆိုင်ရာတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များ၊ ထောက်လှမ်းရေးတပ်ဖွဲ့များ၊ ဒုံးတပ်ဖွဲ့များနှင့် အမြောက်တပ်ဖွဲ့များပါဝင်သည့် မစ်ရှင် အမျိုးမျိုးကို လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Saturday, December 3, 2022

တူကီယဲနိုင်ငံတောင်ပိုင်း နယ်စပ်တစ်လျှောက်၌ အကြမ်းဖက်မှုများလုပ်ဆောင်ခြင်းကို ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Trend;Dec-3(Sat)

တူကီယဲနိုင်ငံ၏တောင်ပိုင်း နယ်စပ်တစ်လျှောက်တွင် အကြမ်းဖက်အဖွဲ့များ အခြေချနေထိုင်ခြင်းနှင့် အကြမ်းဖက်မှုများလုပ်ဆောင်းခြင်းများကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု Trend သတင်းဌာနမှ ဒီဇင်ဘာလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။

အက်စတိုးနီးယားနိုင်ငံသည် အမေရိကန်နိုင်ငံမှဘက်စုံသုံးဒုံးကျည်စနစ် ၆ ခုဝယ်ယူရန် ဆောင်ရွက်ခဲ့ခြင်း

အက်စတိုးနီးယားနိုင်ငံသည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသည့် HIMARS အမျိုးအစား ဘက်စုံသုံးဒုံးကျည်စနစ် ၆ ခုဝယ်ယူရန် သဘော တူညီခဲ့ကြောင်း အက်စတိုးနီးယား ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုများဆိုင်ရာအေဂျင်စီက ဒီဇင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။

အီတလီကာကွယ်ရေးဝန်ကြီး ဂွီဒိုခရိုဆက်တို (Guido Crosetto) နှင့် တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) တို့သည် ဒီဇင်ဘာလ ၁ ရက်တွင် ၎င်းတို့နှစ်နိုင်ငံအကြား ဒေသတွင်းကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ် များ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြ ကြောင်း Daily Sabah သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား စစ်ဘက် ဆက်ဆံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း အားဖြင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျာမယ်လိုနီ (Giorgia Meloni) တို့အကြား သဘောတူ ထားရှိသည့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးမူဘောင်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဟူလူဆီအကာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

anadolu Agency; Dec-4 (Sun)

တူကီယဲသည် ၎င်း၏မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း ဆီးရီးယားရှိ ၎င်း၏လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်ကိုမျှမတောင်းခံခဲ့ကြောင်း တူကီယဲသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကယ်လင် (Ibrahim Kalin) က ဒီဇင်ဘာလ ၄ ရက်တွင် Al Jazeera ရုပ်သံသတင်း ဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် တူကီယဲနိုင်ငံအတွက်သာမက အီရတ်၊ ဂျော်ဒန်နှင့် ဥရောပ နိုင်ငံများအပါအဝင် အခြားသောနိုင်ငံများအတွက်လည်း ခြိမ်းခြောက်မှုနှင့် မသေချာ မရေရာမှုများရှိနေဆဲဖြစ်သည့် အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။

Friday, December 2, 2022

တူကီယဲနိုင်ငံတောင်ပိုင်း နယ်စပ်တစ်လျှောက်၌ အကြမ်းဖက်မှုများလုပ်ဆောင်ခြင်းကို ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Trend;Dec-3(Sat)

တူကီယဲနိုင်ငံ၏တောင်ပိုင်း နယ်စပ်တစ်လျှောက်တွင် အကြမ်းဖက်အဖွဲ့များ အခြေချနေထိုင်ခြင်းနှင့် အကြမ်းဖက်မှုများလုပ်ဆောင်းခြင်းများကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု Trend သတင်းဌာနမှ ဒီဇင်ဘာလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။

Thursday, December 1, 2022

ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားလွှတ်တော်သည် အောက်လွှတ်တော်ဥက္ကဋ္ဌအား ရွေးချယ်ခန့်အပ်ခဲ့ခြင်း

ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားနိုင်ငံ၏ လွှတ်တော်သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အောက်လွှတ်တော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးသော အသက် ၅၈ နှစ် အရွယ်ရှိ ဒင်းနစ်ဇဗစ်ဒစ် (Denis Zvizdic) အား အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒီဇင်ဘာလ ၁ ရက်တွင် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ တစ်ချိန်တည်းတွင်ပင် အောက်လွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌ(၁)အဖြစ် မာရင်ကိုကာဗာရာ (Marinko Cavara) နှင့် ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် နေဗော့ဆာရက်ဒ်မန်နိုဗစ် (Nebojsa Radmanovic) တို့အား အသီးသီးရွေးချယ်ခန့်အပ် ခဲ့ပါသည်။ ကာဗာရာသည် ခရိုအေးရှန်းဒီမိုကရက်တစ်ပြည်ထောင်စုပါတီ (HDZ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရက်ဒ်မန်နိုဗစ်သည် ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားနိုင်ငံ၏ အပြင်းထန်ဆုံး ဆာ့ဘ်နိုင်ငံရေးပါတီဖြစ်သည့် (Alliance of Independent Social Democrats -SNSD) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

ဆားဘီးယားအစိုးရသည် ရုရှားလိုလားသည့် ပြည်ထဲရေးဝန်ကြီးဟောင်းအား ထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း

Euronews; Dec-2(Fri)

ဆားဘီးယားပြည်ထဲရေးဝန်ကြီးဟောင်း အလက်ဇန္ဒားဗူလင် (Aleksander Vulin) အား ထောက်လှမ်းရေးအေဂျင်စီ BIA ၏ ညွှန်ကြားရေးမှူးသစ်အဖြစ် ခန့်အပ်ခဲ့ ကြောင်း ဆားဘီးယားအစိုးရက နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဗူလင်သည် ဆားဘီးယားအစိုးရအကြီးအကဲများအကြားတွင် ရုရှားလိုလားသူအဖြစ် မှတ်ယူခံရသူတစ်ဦးဖြစ်ပါသည်။

ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂ-အနောက်ဘောလ်ကန်ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်သွားမည်မဟုတ်ခြင်း

European Western Balkans; Dec-2(Fri)

ကိုဆိုဗိုအစိုးရအဖွဲ့တွင် ဆားဘီးယန်းလူနည်းစုပါတီ (Serbain List) ဝင် မဟုတ်သူတစ်ဦးအား ဝန်ကြီးခန့်အပ်မှုအပေါ် ဥရောပသမဂ္ဂ၏တုံ့ပြန်ချက်သည် ရှက်ဖွယ်ကောင်းသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်းနှင့် ဆားဘီးယားနိုင်ငံအနေဖြင့် ဒီဇင်ဘာလ ၆ ရက်တွင် အယ်လ်ဘေးနီးယားမြို့တော် တီရာနာ (Tirana) ၌ ကျင်းပ ပြုလုပ်မည့် ဥရောပသမဂ္ဂ-အနောက်ဘောလ်ကန် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ကိုယ်စားလှယ်များစေလွှတ်သွားမည်မဟုတ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစစ် (Aleksandar Vucic) က ပြောကြားခဲ့ပါသည်။

မော်လ်ဒိုဗာလွှတ်တော်သည် နိုင်ငံတော်အရေးပေါ်အခြေအနေအား (၅) ကြိမ်မြောက် ထပ်မံသက်တမ်းတိုးမြှင့်ရန်ဆုံးဖြတ်ခဲ့ခြင်း

Xinhua; Dec-2(Fri)

မော်လ်ဒိုဗာလွှတ်တော်သည် ဒီဇင်ဘာလ ၆ ရက်မှစတင်၍ နိုင်ငံတော် အရေးပေါ်အခြေအနေကို ရက်ပေါင်း ၆၀ ထပ်မံသက်တမ်းတိုးမြှင့်ရန် ဒီဇင်ဘာလ ၁ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်းနှင့် အဆိုပါသက်တမ်းတိုးမြှင့်မှုသည် (၅)ကြိမ်မြောက်ဖြစ် ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။