Yenisafak; Feb–4 (Thu)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့မည် ဆိုပါက တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံမှုနှင့် အခြားသောသဘောတူညီမှုများအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လအတွင်း ချစ်ကြည်ရေးခရီးသွားရောက်နိုင်ဖွယ်ရှိကြောင်း တူရကီနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မိုဆဒ်မန်မန် (Mosud Manman) က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြား ခဲ့ပါသည်။ ၎င်းအနေဖြင့် သမ္မတ အာဒိုဂန်၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ ဆောက်လုပ်ရေး၊ ပညာရေးကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တူရကီနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ပေးရန်လည်း ၎င်းက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိသော်လည်း လာမည့်နှစ်အနည်းငယ်အတွင်း လက်ရှိပမာဏထက် ၂ ဆတိုးတက်ရန် မျှော်မှန်းထား ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့ပြင် နှစ်နိုင်ငံအကြား မျှော်မှန်းထားရှိသည့် ကုန်သွယ်ရေးပမာဏ ရရှိရေး အတွက် နှစ်ဖက်ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ကူညီပေးရန် မျှော်လင့်ကြောင်းနှင့် ဘင်္ဂါလီများအား နေရပ်သို့ ပြန်လည်ခေါ်ဆောင်ရေးတွင်လည်း တူရကီနိုင်ငံမှ မြန်မာနိုင်ငံအား စည်းရုံးသိမ်းသွင်းပေးစေလိုကြောင်းလည်း ၎င်းက ပြောကြား ခဲ့ပါသည်။ နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးပိုမိုကောင်းမွန်ရေးအတွက် ဘာသာ စကားမတူညီမှုအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန် တူရကီတက္ကသိုလ်အချို့၌ ဘင်္ဂလား (Bangla) ဘာသာစကားကို သင်ကြားပေးစေလိုကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါ သည်။ ဘင်္ဂလားဒေ့ရှ်-တူရကီနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ် အနည်းငယ်မှစ၍ ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment