Sunday, July 31, 2022
ဥရောပသမဂ္ဂသည် ကိုဆိုဗိုနှင့် ဆားဘီးယား နှစ်နိုင်ငံအား ဘရက်ဆဲလ်မြို့တွင် ဆွေးနွေးပွဲပြုလုပ်ရန် ဖိတ်ကြားခဲ့ခြင်း
Saturday, July 30, 2022
ပိုလန်နိုင်ငံသည် ၎င်း၏မြေပြင်တပ်ဖွဲ့များအား NATO အဖွဲ့ဝင်နိုင်ငံများတွင် အင်အားတောင့်တင်းမှုအရှိဆုံးမြေပြင်တပ်ဖွဲ့တစ်ခုအဖြစ် တည်ဆောက်သွားရန် ရည်ရွယ်ထားခြင်း
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံ၏စွမ်းအင်အပေါ် လွန်စွာမှီခို အားထားနေရသောကြောင့် ရုရှားသဘာဝဓာတ်ငွေ့အပေါ် ကုန်သွယ်မှုပိတ်ပင်ခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ဩစတြီးယားဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံ၏စွမ်းအင်အပေါ် လွန်စွာမှီခို အားထားနေရသောကြောင့် ရုရှားသဘာဝဓာတ်ငွေ့အပေါ် ကုန်သွယ်မှုပိတ်ပင်ခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိကြောင်း ဩစတြီးယားဝန်ကြီးချုပ် ကားနီဟန်းမား (Karl Nehammer) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇူလိုင်လ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဩစတြီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Victor Orban) နှင့်တွေ့ဆုံစဉ် နီဟန်းမားက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ပူးတွဲစွမ်းအင်ဝယ်ယူရေးယန္တရားတစ်ခုထူထောင်ရေးကိစ္စတွင် ဥရောပသမဂ္ဂ၏ ဆောင်ရွက်မှုနှေးကွေးနေခြင်းနှင့်ပတ်သက်၍လည်း ဩစတြီးယားဝန်ကြီးချုပ်က ဝေဖန် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ဘုံစွမ်းအင်ဝယ်ယူရေး ယန္တရားတစ်ရပ် ထူထောင်ရေးမှာ ယခင်ကထက် ပိုမိုအရေးပါလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Friday, July 29, 2022
ပိုလန်နိုင်ငံသည် ၎င်း၏မြေပြင်တပ်ဖွဲ့များအား NATO အဖွဲ့ဝင်နိုင်ငံများတွင် အင်အားတောင့်တင်းမှုအရှိဆုံးမြေပြင်တပ်ဖွဲ့တစ်ခုအဖြစ် တည်ဆောက်သွားရန် ရည်ရွယ် လျက်ရှိကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး ကပြောကြားခဲ့ခြင်း
ပိုလန်နိုင်ငံသည် ၎င်း၏မြေပြင်တပ်ဖွဲ့များအား NATO အဖွဲ့ဝင်နိုင်ငံများတွင် အင်အားတောင့်တင်းမှုအရှိဆုံးမြေပြင်တပ်ဖွဲ့တစ်ခုအဖြစ် တည်ဆောက်သွားရန် ရည်ရွယ် လျက်ရှိကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇူလိုင်လ ၂၉ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ပိုလန်နိုင်ငံသည် တောင်ကိုရီးယားလက်နက်များအား ဝယ်ယူမည့်သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် Polish Radio ရုပ်သံဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တောင်ကိုရီးယား နိုင်ငံနှင့်ချုပ်ဆိုခဲ့သည့်သဘောတူစာချုပ်တွင် K2 တင့်ကား ၁၀၀၀ စီး၊ K9 ဟောင်ဝစ်ဇာ အမြောက် ၆၀၀ ကျော်နှင့် FA-50 လေယာဉ်အုပ် ၃ အုပ်ခန့်ဝယ်ယူမည့်အစီအစဉ်များ ပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။
Thursday, July 28, 2022
ဘင်္ဂလားဒေ့ရှ်စစ်ဘက်သည် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူမည်ဆိုခြင်း
The Defence Post;Jul-27(Wed)
ဘင်္ဂလားဒေ့ရှ်စစ်ဘက်သည် တူကီယဲနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့ လေယာဉ်များဝယ်ယူမည့် အစီအစဉ်တစ်ရပ်အား ကြေညာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုက ဇူလိုင်လ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်စစ်ဘက် သည် TB2 မောင်းသူမဲ့လေယာဉ်များဝယ်ယူရန်အတွက် တူကီယဲအခြေစိုက် Bayraktar မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးထားရှိပြီးဖြစ်ပါသည်။ Bayraktar TB2 မောင်းသူမဲ့လေယာဉ်သည် ယူကရိန်းသို့ စစ်ရေးအရကျူးကျော်ဝင်ရောက်လာသည့် ရုရှားစစ်လက်နက်ပစ္စည်းများ ကို ဟန့်တားရာ၌ အောင်မြင်မှုများရရှိခဲ့သည်ဟူသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အထက်ပါကိစ္စဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
သုံးသပ်ချက်
ဘင်္ဂလားဒေ့ရှ်အစိုးရသည် လက်ရှိအချိန်တွင် တပ်မတော်ခေတ်မီတိုးတက်ရေး အစီအစဉ်ဖြစ်သော Force Goal 2030 စီမံကိန်းကိုချမှတ်ကာ တပ်မတော်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်များ လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာ၌ စစ်ရေး အသုံးစရိတ်များအားတိုးမြှင့်သုံးစွဲ၍ စစ်လက်နက်ပစ္စည်းဝယ်ယူခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။ လက်ရှိအချိန်တွင်လည်း ဘင်္ဂလားဒေ့ရှ်စစ်ဘက်သည် တူကီယဲ နိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များဝယ်ယူရန် စီစဉ်လျက်ရှိနေပြီး လေယာဉ်များဝယ်ယူနိုင်ရေးနှင့်ပတ်သက်၍လည်း သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း ဝယ်ယူမည့်အစင်းအရေအတွက်ကိုမူ ပြောကြားထား ခြင်းမရှိသေးပေ။ Bayraktar TB2 မောင်းသူမဲ့လေယာဉ်သည် ယူကရိန်းသို့ စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာသည့် ရုရှားစစ်လက်နက်ပစ္စည်းများကို ဟန့်တားရာ၌ အောင်မြင်မှု များရရှိခဲ့သည်ဟူသောသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်မှ အဆိုပါမောင်းသူမဲ့ လေယာဉ်များအား ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ Bayraktar TB2 မောင်းသူမဲ့ လေယာဉ်သည် အမြင့်ဆုံး ပေ ၂၅,၀၀၀ အမြင့်ထိ လေထဲတွင် ၂၇ နာရီကြာ အဆက်မပြတ် ပျံသန်းနိုင်ခြင်း၊ အလေးချိန် ၁၅၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ခြင်း၊ အကွာအဝေး ၁၅၀ ကီလိုမီတာကျော်ရှိ ပစ်မှတ်များအားဟန့်တားနိုင်ခြင်း၊ ၁ နာရီလျှင် ၂၂၂ ကီလိုမီတာ နှုန်းအထိပျံသန်းနိုင်ခြင်း၊ မဟာဗျူဟာမြောက်ထိုးစစ်ဆင်နိုင်ခြင်း၊ အနီးကပ်လေကြောင်း ပစ်ကူပေးနိုင်ခြင်း၊ ရန်သူ့လေကာများကို ဖျက်ဆီးနိုင်ခြင်းကဲ့သို့သော စွမ်းရည်များရှိပါ သည်။ လက်ရှိအချိန်၌ ၎င်းအား ပိုလန်၊ ယူကရိန်း၊ လစ်ဗျား၊ မော်ရိုကို၊ နိုင်ဂျာ၊ ကာတာ၊ အဇာဘိုင်ဂျန်နှင့် ကာဇက်စတန်နိုင်ငံများ၌ အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်အနေဖြင့် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များဝယ်ယူခြင်းဖြင့် ၎င်းတပ်မတော်၏ကာကွယ်ရေးစွမ်းအား မြှင့်တင်ရာ၌ များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
တူကီယဲအစိုးရသည် ယူကရိန်းမှ ကောက်ပဲသီးနှံပြန်လည်တင်ပို့မှုအတွက် ပူးတွဲညှိနှိုင်းရေးစင်တာအား ဖွင့်လှစ်ခဲ့ခြင်း
တူကီယဲအစိုးရသည် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံပြန်လည်တင်ပို့မှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုအား လေ့လာစောင့်ကြည့်ရန် ပူးတွဲညှိနှိုင်းရေးစင်တာ (Joint Coordination Center) အား ဇူလိုင်လ ၂၇ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါပူးတွဲညှိနှိုင်းရေးစင်တာသည် တူကီယဲနိုင်ငံ၊ Besiktas ခရိုင်ရှိ စစ်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌တည်ရှိပြီး ရုရှား၊ ယူကရိန်း၊ တူကီယဲနိုင်ငံတို့နှင့် ကုလသမဂ္ဂအဖွဲ့ တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၅ ဦးစီဖြင့် စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၂၀ ဦးပါဝင် ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ၎င်းပူးတွဲ ညှိနှိုင်းရေးစင်တာ ဖွင့်လှစ်ခဲ့ခြင်းကြောင့် တူကီယဲနိုင်ငံရှိ ဘော့စဖောရက်စ် (Bosphorus) ရေလက်ကြားနှင့် ပင်လယ်နက်ဒေသတို့မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်များသို့ ကုန်စည်ကူးသန်းနေသော ယူကရိန်းဆိပ်ကမ်းများမှ သင်္ဘောများ၏ ဘေးကင်းလုံခြုံစွာဖြတ်သန်းသွားလာနိုင်မှုကို အာမခံနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ထို့ပြင် ကုန်သင်္ဘောများနောက်သို့ လေ့လာစောင့်ကြည့်ခြင်းနှင့် ၎င်းသင်္ဘော များ၏ ခရီးလမ်းကြောင်းများကို နည်းပညာပိုင်းအရ ဂြိုဟ်တု၊ အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် ခြေရာခံစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ် အတွင်း တူကီယဲ၊ ရုရှား၊ ယူကရိန်းနိုင်ငံတို့နှင့် ကုလသမဂ္ဂအဖွဲ့တို့အကြား ရေးထိုးခဲ့သည့် ပင်လယ်နက်ဒေသမှတစ်ဆင့် ကောက်ပဲသီးနှံပြန်လည်တင်ပို့ရေး သဘောတူညီချက် အရ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ ကုန်ပစ္စည်းတင်ပို့မှုကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်တွင် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့ပါသည်။ ၎င်းသဘောတူညီချက်နှင့်ပတ်သက်၍ ကောင်းမွန် သောအကျိုးရလဒ်ကောင်းများရရှိရန် မျှော်လင့်လျက်ရှိကြောင်း ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်ဒရီရူဒန်ကို (Andrei Rudenko) က ပြောကြားခဲ့ပါသည်။ တူကီယဲ အစိုးရအနေဖြင့်လည်း ကောက်ပဲသီးနှံပြန်လည်တင်ပို့ရေးကဏ္ဍ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု သတင်းအရင်းအမြစ် များ၏ဖော်ပြချက်အရ သိရှိရပါသည်။
Wednesday, July 27, 2022
ဂရိစစ်ဘက်သည် အမေရိကန်နိုင်ငံမှ M117 သံချပ်ကာလုံခြုံရေးယာဉ် ထပ်မံ၍ လက်ခံရရှိခဲ့သည်ဆိုခြင်း
ဂရိစစ်ဘက် (The Hellenic Armed Forces) သည် အမေရိကန်နိုင်ငံမှ M117 သံချပ်ကာလုံခြုံရေးယာဉ် (Armored Safety Vehicle) အစီး ၉၀ ကို ထပ်မံလက်ခံ ရရှိခဲ့ကြောင်း The Defense Post သတင်းဌာနက ဇူလိုင်လ ၂၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အမေရိကန်စစ်ဘက်ဆိုင်ရာ ဆယ်တင်ပစ္စည်းများ ထုခွဲရောင်းချရေးအစီအစဉ် (Excess Defense Articles-EDA) ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဂရိနိုင်ငံက အထက်ပါ အတိုင်း လက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအစီအစဉ်အရ ဂရိစစ်ဘက်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စုစုပေါင်း M117 သံချပ်ကာလုံခြုံရေးယာဉ် အစီး ၁,၂၀၀ ခန့်အား အမေရိကန်နိုင်ငံထံမှ လက်ခံရရှိမည်ဖြစ်ပါသည်။ အမေရိကန်စစ်ဘက်အနေဖြင့် ၎င်း၏ မဟာမိတ်နိုင်ငံများမှ စစ်ဘက်တပ်ဖွဲ့များကို စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်၍ EDA အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
M117 သည် အပေါ့စားသံချပ်ကာယာဉ်အမျိုးအစားဖြစ်ပြီး အလေးချိန် ပေါင် ၃၀,၀၀၀ (၁၃,၆၀၇ ကီလိုဂရမ်) ရှိကာ တိုက်ပွဲဝင်ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင် ၄ ဦး အထိ တင်ဆောင်နိုင်ပါသည်။ အဆိုပါ M117 သံချပ်ကာလုံခြုံရေးယာဉ်တွင် ၄၀ မီလီမီတာ MK-19 အမျိုးအစားဗုံးပစ်လောင်ချာ ၁ လက်နှင့် ၁၂.၇ မီလီမီတာ စက်သေနတ်ကြီး ၁ လက်တို့ကို တွဲဖက်တပ်ဆင်ထားရှိပြီး ရေအနက် ၅ ပေရှိသည့် ရေပြင်ကိုလည်း ဖြတ်သန်းမောင်းနှင်နိုင်ပါသည်။ ဂရိနိုင်ငံသည် အမေရိကန်မှလက်ခံရရှိမည့် M117 သံချပ်ကာယာဉ်များ၏ ပထမအသုတ်အဖြစ် ၄၄ စီးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံသည် ရွေးကောက်ပွဲအသစ်ကျင်းပရမည့်အခြေအနေနှင့် ရင်ဆိုင်နေရလျက်ရှိခြင်း
ဘူလ်ဂေးရီးယားနိုင်ငံမှ ဆိုရှယ်လစ်ပါတီ (Socialist Party) သည် လွှတ်တော် တွင် ထောက်ခံမဲအများစုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသောကြောင့် ညွန့်ပေါင်း အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည့်အစီအစဉ်အား စွန့်လွှတ်ခဲ့ရာ အဆိုပါနိုင်ငံတွင် လာမည့် အောက်တိုဘာလ၌ ရွေးကောက်ပွဲအသစ်ထပ်မံကျင်းပရမည့်အခြေအနေနှင့် ရင်ဆိုင် ကြုံတွေ့နေရလျက်ရှိကြောင်း CGTN သတင်းဌာနက ဇူလိုင်လ ၂၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ဘူလ်ဂေးရီးယားသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) သည် ရွေးကောက်ပွဲ အသစ်မကျင်းပမီကာလအထိ ဘူလ်ဂေးရီးယားအိမ်စောင့်အစိုးရအဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်သွားရမည်ဖြစ်ပါသည်။ ပြီးခဲ့သည့်လအတွင်း၌ ဝန်ကြီးချုပ် ကီရီပတ်ကော့ဗ် (Kiril Petkov) ၏ ညွန့်ပေါင်းအစိုးရအား အယုံအကြည်မရှိအဆိုတင်သွင်းပြီး ဖြုတ်ချ ခဲ့ခြင်းကြောင့် ဆိုရှယ်လစ်ပါတီသည် ညွန့်ပေါင်းအစိုးရသစ်တစ်ရပ်ထပ်မံဖွဲ့စည်းရေး ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။
ဆိုရှယ်လစ်ပါတီသည် အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ရန်နှင့် ဈေးနှုန်းမြင့်တက်မှု နှင့်ကြုံတွေ့နေရသည့် နိုင်ငံ့စီးပွားရေးအား အထောက်အကူဖြစ်စေရန် အစီအမံများ ပါဝင်သည့် ၆ လကြာအစီအစဉ်တစ်ရပ်ကို မိတ်ဖက်ပါတီများနှင့် သဘောတူညီမှုရရှိခဲ့ သော်လည်း ယခင်က မဟာမိတ်ဖြစ်ခဲ့သည့် ITN ပါတီ၏ထောက်ခံမှုကို မရရှိခဲ့ပေ။ သို့ဖြစ်၍ အဆိုပါအစီအစဉ်အားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်ခံခဲ့ရသည့် အပြင် ဝန်ကြီးချုပ် ကီရီပတ်ကော့ဗ်မှာလည်း အယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် ရာထူးမှဖြုတ်ချခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ကာလရှည်ဖြစ်တည်လျက်ရှိသော နိုင်ငံရေး အကျပ်အတည်းများသည် ဘူလ်ဂေးရီးယားနိုင်ငံအတွက် ဥရောပသမဂ္ဂ ပြန်လည် ထူထောင်ရေးရန်ပုံငွေမှ ယူရိုဘီလီယံပေါင်းများစွာအား ထုတ်ယူသုံးစွဲခွင့်ကို အဟန့်အတား ဖြစ်စေသည့်အပြင် ၂၀၂၄ ခုနှစ်တွင် ယူရိုဇုန်သို့ဝင်ရောက်မည့်အလားအလာများကိုလည်း ထိခိုက်သွားနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်စစ်ဘက်သည် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူမည်ဆိုခြင်း
ဘင်္ဂလားဒေ့ရှ်စစ်ဘက်သည် တူကီယဲနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့ လေယာဉ်များဝယ်ယူမည့် အစီအစဉ်တစ်ရပ်အား ကြေညာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုက ဇူလိုင်လ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်စစ်ဘက် သည် TB2 မောင်းသူမဲ့လေယာဉ်များဝယ်ယူရန်အတွက် တူကီယဲအခြေစိုက် Bayraktar မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။ Bayraktar TB2 မောင်းသူမဲ့လေယာဉ်သည် ယူကရိန်း ပဋိပက္ခအတွင်း ရုရှား၏စစ်ဆင်မှုများကိုဟန့်တားရာ၌ အောင်မြင်မှုများရရှိခဲ့သည်ဟူသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်စစ်ဘက်၏ အထက်ပါအတိုင်းဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ Bayraktar TB2 မောင်းသူမဲ့လေယာဉ်များသည် ဒွန်းဘတ် (Donbas) ဒေသသို့ ရုရှားစစ်ဘက်၏ ထိုးဖောက်ဝင်ရောက်မှုအား ထိန်းချုပ်ဟန့်တားရာတွင် လေကြောင်းစွမ်းအားဖြင့် အကူညီပေးခဲ့ခြင်းဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နှင့် တူကီယဲတို့အကြား မောင်းသူမဲ့လေယာဉ်များဝယ်ယူမှုနှင့် ပတ်သက်၍ အတည်ပြုပြောကြားနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ်စစ်ဘက်က TB2 မောင်းသူမဲ့ လေယာဉ်ဝယ်ယူမည့်အရေအတွက်ကိုမူ အသေးစိတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီး မူစတာဖာအိုစမန်တူဖန် (Mustafa Osman Tufan)က ပြောကြားထားပါသည်။ Bayraktar TB2 မောင်းသူမဲ့လေယာဉ်သည် အမြင့်ဆုံးပေ ၂၅,၀၀၀ တွင် ၂၇ နာရီကြာ ပျံသန်းနိုင်ပါသည်။ ထို့ပြင် အများဆုံးသယ်ဆောင် နိုင်သောဝန်မှာ ၁၅၀ ကီလိုဂရမ်ဖြစ်ပြီး ၁ နာရီလျှင် အကွာအဝေး ၂၂၂ ကီလိုမီတာအထိ ပျံသန်းနိုင်ပါသည်။ လက်ရှိတွင် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိကြောင်းနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများ ထပ်မံ ဝယ်ယူရန်အတွက်လည်း ထည့်သွင်းစဉ်းစားထားသင့်ကြောင့် အိုစမန်တူဖန်က အစောပိုင်း တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တူကီယဲနိုင်ငံခြားရေးဝန်ကြီးနှင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း
ဂရိဝန်ကြီးချုပ်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့တွေ့ဆုံခဲ့ခြင်း
တူကီယဲသမ္မတသည် ကာဂျစ်စတန်နိုင်ငံသို့ ၂၀၂၂ ခုနှစ်မကုန်မီ ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ကြောင်း ကာဂျစ်စတန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ခြင်း
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ကာဂျစ်စတန်နိုင်ငံသို့ ၂၀၂၂ ခုနှစ်မကုန်မီ ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ကြောင်း ကာဂျစ်စတန်နိုင်ငံခြားရေးဝန်ကြီး ဂျင်းဘက်ကူလူဘာရပ် (Jeenbek Kulubaev) က ပြောကြားခဲ့သည်ဟု Aki Press သတင်းဌာနက ဇူလိုင်လ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကာဂျစ်စတန်နိုင်ငံအနေဖြင့် သမ္မတ အာဒိုဂန်အား နိုင်ငံသို့လာရောက်ရန် တရားဝင်ဖိတ်ကြား ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ်ကျင်းပ၍ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ကူလူဘာရပ်က ပြောကြားခဲ့ပါသည်။ အာဒိုဂန် အနေဖြင့် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ကာဂျစ်စတန်သို့ လာရောက်ရန်စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Tuesday, July 26, 2022
ဂရိနှင့် ဆော်ဒီအာရေဗျတို့သည် ဒေတာကေဘယ်လ်ကြိုး တည်ဆောက်ရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း
Reuters; Jul-27(Wed)
ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ် (Kyriakos Mitsotakis) နှင့် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed bin Salman) တို့သည် ဇူလိုင်လ ၂၆ ရက်တွင် ဥရောပနှင့် အာရှတိုက်တို့အကြား ဆက်သွယ်ပေးမည့် ပင်လယ်ရေအောက် ဒေတာကေဘယ်လ်ကြိုး တည်ဆောက်ရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် ဥရောပသို့ စျေးသက်သာသော ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထောက်ပံ့ပေးနိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြပါ သည်။ ဂရိနှင့် ဆော်ဒီအာရေဗျတို့သည် အရှေ့မှမြေထဲပင်လယ်သို့ ဒေတာစင်္ကြံလမ်း (East to Med data Corridor) ဟုခေါ်သည့် ဒေတာကေဘယ်လ်တစ်ခုတည်ဆောက်ရန် စီစဉ်ထားသည့် ဖက်စပ်လုပ်ငန်းတစ်ခု၏ အဓိကစည်းမျဉ်းသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ မေလတွင် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။
နှစ်နိုင်ငံတာဝန်ရှိသူများသည် စွမ်းအင်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပါသည်။ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆယ်လ်မန်၏ ခရီးစဉ်သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးပေးဆောင်ရွက်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ်က ချီးကျူးစကား ပြောကြားခဲ့ပါသည်။ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမတ် ဘင်ဆယ်လ်မန်သည် ဂရိနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်အပြီးတွင် ပြင်သစ်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။