Tuesday, May 30, 2023

NATO သည် ကိုဆိုဗိုသို့ တပ်ဖွဲ့ဝင် ၇၀၀ ဦးကျော်စေလွှတ်မည်ဆိုခြင်း

AP; May-30(Tue)

ဆာ့ဘ်လူမျိုးများနှင့်တင်းမာမှုများ မြင့်တက်လာခဲ့ပြီး နိုင်ငံတကာတပ်ဖွဲ့ဝင် ၃၀ ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ကိုဆိုဗိုမြောက်ပိုင်းသို့ တပ်ဖွဲ့ဝင် ၇၀၀ ဦးကျော် စေလွှတ် မည်ဟု NATO အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြား ခဲ့ကြောင်း AP သတင်းဌာနက မေလ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ နော်ဝေဝန်ကြီးချုပ် ဂျိုးနက်စ်ဂါးစတို (Jonas Gahr Store) နှင့် နော်ဝေနိုင်ငံ၊ အော်စလို (Oslo) မြို့၌ တွေ့ဆုံ ဆွေးနွေးမှုအပြီး ဂျန်စတိုတန်ဘာ့ဂ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် လိုအပ်ပါက အရန်တပ်များလည်း ထားရှိမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုကို ရှုတ်ချပြီး ကိုဆိုဗိုပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိစေရန် လိုအပ်သည့် လုပ်ဆောင်ချက်အားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျန်စတိုတန်ဘာ့ဂ်က ပြောကြားခဲ့ပါသည်။

KFOR တပ်ဖွဲ့များသည် မေလ ၂၉ ရက်တွင် ဆာ့ဘ်လူမျိုးများနှင့် တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ဇဘက်ကန် (Zvecan) မြို့ရှိ အုပ်ချုပ်ရေးအဆောက်အအုံများအား မေလ ၃၀ ရက်တွင် သတ္တုခြံစည်းရိုးများ၊ သံဆူးကြိုးတပ်အတားအဆီးများဖြင့် ပိတ်ဆို့ ကာရံခဲ့ပါသည်။ ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် ၃၀ ဦးသည် အီတလီလူမျိုး ၁၁ ဦးနှင့် ဟန်ဂေရီလူမျိုး ၁၉ ဦးတို့ဖြစ်ကြောင်းနှင့် ဆန္ဒပြသူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းထား ကြောင်း KFOR က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ပြင် အဆိုပါပဋိပက္ခအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူ ၃ ဦးအပါအဝင် ပြည်သူ ၅၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆာ့ဘ်လူမျိုး တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဥရောပခေါင်းဆောင်များသည် မော်လ်ဒိုဗာနိုင်ငံ၌ တွေ့ဆုံသွားမည်ဆိုခြင်း

 TVP World; May-30(Tue)

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံနှင့် အခြားဥရောပနိုင်ငံ ၂၀ မှ ခေါင်းဆောင် များသည် ဆိုဗီယက်အဖွဲ့ဝင်ဟောင်း မော်လ်ဒိုဗာနိုင်ငံနှင့် အိမ်နီးချင်း ယူကရိန်းနိုင်ငံတို့ အပေါ် ထောက်ခံကြောင်းပြသမှုတစ်ရပ်အနေဖြင့် ဇွန်လ ၁ ရက်တွင် မော်လ်ဒိုဗာနိုင်ငံ၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း TVP World သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ယူကရိန်း နိုင်ငံသည် အနောက်နိုင်ငံများထံမှ ရရှိထားသည့် လက်နက်များအသုံးပြု၍ ရုရှားတို့ သိမ်းပိုက်ထားသည့်နယ်မြေများအား ပြန်လည်ရရှိရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု တစ်ရပ်ပြုလုပ်ရန်ပြင်ဆင်နေစဉ် အဆိုပါတွေ့ဆုံမှုအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါ သည်။ ၎င်းတို့သည် တွေ့ဆုံမှုအတွင်း ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံတို့၏ ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် လျှောက်ထားမှုများအား ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ထို့ပြင် ဆိုက်ဘာလုံခြုံရေး၊ နေရပ်ရွှေ့ပြောင်းသွားလာရေးနှင့် စွမ်းအင်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား မကြာ သေးမီက ဖြစ်ပွားခဲ့သည့် တင်းမာမှုအခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံ တို့သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဥရောပ သမဂ္ဂသို့ အဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဆားဘီးယားသမ္မတသည် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအပေါ် အကြမ်းဖက်မှု ရပ်တန့်စေရေးအတွက် တရုတ်နိုင်ငံ၏ ဩဇာအရှိန်အဝါကိုရရှိရန် ကြိုးပမ်းခဲ့ခြင်း

 Anadolu Agency; May-30(Tue)


ကိုဆိုဗိုမြောက်ပိုင်း၌ တင်းမာမှုများ မြင့်တက်နေစဉ် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) သည် ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ချန်ဘို (Chen Bo) နှင့် မေလ ၃၀ ရက်တွင် ဆားဘီးယားနိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ်၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်အတွင်း သမ္မတ ဗူစစ်သည် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးစုများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရန် နိုင်ငံတကာအသိုက် အဝန်းတွင် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသည့် တရုတ်နိုင်ငံထံ တောင်းဆိုခဲ့ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားနေစဉ် တရုတ်နိုင်ငံသည် ဆားဘီးယားနိုင်ငံဘက်မှ ရပ်တည်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် ဆားဘီးယား၏ကြိုးပမ်းမှုများကို ထောက်ခံပြီး ကိုဆိုဗိုရှိ ကိုယ်ပိုင်အစိုးရ အဖွဲ့အစည်းများ၏ တစ်ဖက်သတ်လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရှိသူ မော်နင်း (Mao Ning) က ၎င်း၏ ပုံမှန်အစည်းအဝေး အတွင်း ပြောကြားခဲ့ပါသည်။ အစောပိုင်းတွင် ဗူစစ်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ဂျာမနီနိုင်ငံတို့မှ သံတမန်များ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ အကြီးအကဲ များနှင့် တွေ့ဆုံခဲ့ပြီး ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးစုများ၏ ဘေးကင်းရေးအာမခံချက် အစီအမံများကို အမြန်ဆုံးချမှတ်ရန် အနောက်နိုင်ငံများအား တိုက်တွန်းခဲ့ကြောင်း သိရှိ ရပါသည်။

ဆားဘီးယားသမ္မတသည် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအပေါ် အကြမ်းဖက်မှု ရပ်တန့်စေရေးအတွက် တရုတ်နိုင်ငံ၏ ဩဇာအရှိန်အဝါကိုရရှိရန် ကြိုးပမ်းခဲ့ခြင်း

 Anadolu Agency; May-30(Tue)


ကိုဆိုဗိုမြောက်ပိုင်း၌ တင်းမာမှုများ မြင့်တက်နေစဉ် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) သည် ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ချန်ဘို (Chen Bo) နှင့် မေလ ၃၀ ရက်တွင် ဆားဘီးယားနိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ်၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ်အတွင်း သမ္မတ ဗူစစ်သည် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးစုများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရန် နိုင်ငံတကာအသိုက် အဝန်းတွင် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသည့် တရုတ်နိုင်ငံထံ တောင်းဆိုခဲ့ကြောင်း ၎င်း၏ Instagram စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားနေစဉ် တရုတ်နိုင်ငံသည် ဆားဘီးယားနိုင်ငံဘက်မှ ရပ်တည်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် ဆားဘီးယား၏ကြိုးပမ်းမှုများကို ထောက်ခံပြီး ကိုဆိုဗိုရှိ ကိုယ်ပိုင်အစိုးရ အဖွဲ့အစည်းများ၏ တစ်ဖက်သတ်လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရှိသူ မော်နင်း (Mao Ning) က ၎င်း၏ ပုံမှန်အစည်းအဝေး အတွင်း ပြောကြားခဲ့ပါသည်။ အစောပိုင်းတွင် ဗူစစ်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ဂျာမနီနိုင်ငံတို့မှ သံတမန်များ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ အကြီးအကဲ များနှင့် တွေ့ဆုံခဲ့ပြီး ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးစုများ၏ ဘေးကင်းရေးအာမခံချက် အစီအမံများကို အမြန်ဆုံးချမှတ်ရန် အနောက်နိုင်ငံများအား တိုက်တွန်းခဲ့ကြောင်း သိရှိ ရပါသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် အက်စတိုးနီးယားနိုင်ငံရှိ ဗြိတိန်စစ်ဘက်တပ်ဖွဲ့ဝင် များနှင့် တွေ့ဆုံသွားမည်ဖြစ်ခြင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီ (James Cleverly) သည် အက်စတိုးနီးယားနိုင်ငံရှိ NATO မဟာမိတ်အဖွဲ့၏ အရှေ့ဘက်စစ်နံတွင် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းဖြင့် အကာအကွယ်ပြုလျက်ရှိသော ဗြိတိန်စစ်ဘက်တပ်ဖွဲ့ဝင် များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရသတင်းဌာနက မေလ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံတွင် ဗြိတိန်စစ်ဘက်တပ်ဖွဲ့ဝင်များသည် ရှေ့တန်း စစ်မြေပြင်မှနေ၍ ဥရောပ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ကာ ရုရှား၏ ကျူးကျော် ရန်စမှုများကို တားဆီးလျက်ရှိကြောင်း ဂျိမ်းစ်ကလဲဗာလီက ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းအနေဖြင့် အက်စတိုးနီးယားအစိုးရသစ်၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ယူကရိန်းဒုက္ခသည် ကလေးများကျောင်းသို့ သွားရောက်မည်ဖြစ်ကာ ၎င်းနောက် NATO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန်အတွက် နော်ဝေနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတနှင့် အီဂျစ်သမ္မတတို့ တယ်လီဖုန်းမှ တစ်ဆင့်ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah Al-Sisi) နှင့် တယ်လီဖုန်းမှ တစ်ဆင့်ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း Trend သတင်းဌာနက မေလ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဖုန်းခေါ်ဆိုမှုအတွင်း သမ္မတ အယ်လ်စီစီသည် တူကီယဲ သမ္မတအဖြစ် သမ္မတ အာဒိုဂန် ပြန်လည်ရွေးကောက်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နှစ်ဦးအနေဖြင့် စီးပွားရေးနယ်ပယ်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုနက်ရှိုင်းလာစေမည့် ကိစ္စရပ်များအပါအဝင် ဒေသတွင်း ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား သံအမတ်ကြီးများ အပြန်အလှန် ခန့်အပ်သွားရေးကိုလည်း သဘောတူညီခဲ့ကြသည်ဟု သိရှိရပါသည်။

ကိုဆိုဗိုရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ တိုက်ခိုက်ခံရမှုအပေါ် NATO အဖွဲ့က ပြစ်တင်ဝေဖန်ခဲ့ခြင်း

The National News; May-30(Tue)

ဆားဘီးယားနိုင်ငံအတွင်း တင်းမာမှုများမြင့်တက်နေစဉ် ကိုဆိုဗိုရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များအပေါ် အကြောင်းမဲ့တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ NATO အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသည်။ ဆာ့ဘ်လူမျိုးဆန္ဒပြသူများသည် မကြာသေးမီက ရွေးကောက်ခံခဲ့ရသော အယ်လ်ဘေးနီးယား လူမျိုး မြို့တော်ဝန်များကို ဖယ်ရှားပေးရန် တောင်းဆိုနေစဉ် အထက်ပါတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများ ပိုမိုကြီးထွားလာစေမည့်လုပ်ရပ်များကို နှစ်ဖက်စလုံးမှ ရှောင်ကြဉ်ရန်နှင့် နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းမှုပြုလုပ်ကြရန် NATO အဖွဲ့က တောင်းဆိုခဲ့ပါသည်။

Monday, May 29, 2023

ဂရိနိုင်ငံတွင် လာမည့်ဇွန်လ ၂၅ ရက်၌ အထွေထွေရွေးကောက်ပွဲကျင်းပသွား မည်ဖြစ်ခြင်း

 ဂရိနိုင်ငံတွင် လာမည့်ဇွန်လ ၂၅ ရက်၌ အထွေထွေရွေးကောက်ပွဲကျင်းပသွား မည်ဖြစ်ကြောင်း ဂရိအစိုးရသတင်းဌာန AMNA က မေလ ၂၉ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ ရှေးရိုးစွဲဒီမိုကရေစီသစ် (New Democracy) ပါတီသည် မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ ထောက်ခံမဲအရေအတွက် ၄၀.၇၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သော်လည်း မဲအရေအတွက် အသာစီးရရှိခဲ့သောပါတီမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဂရိနိုင်ငံသည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် ကြိုးပမ်းမှုမအောင်မြင်သည့် နောက်ပိုင်းတွင် အကြီးတန်းတရားသူကြီးတစ်ဦး ဦးဆောင်သည့် အိမ်စောင့်အစိုးရသည် အထွေထွေရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်သည့် အချိန်အထိ တိုင်းပြည်ကို ဦးဆောင် သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကျမ်းသစ္စာကျိန်ဆို၍ ကတိပြု ပြောကြားထားသည်ဟု သိရှိရပါသည်။

အမေရိကန်နိုင်ငံက ပိုလန်နိုင်ငံသို့ ဝေဟင်စောင့်ကြည့်လေ့လာရေး လေသင်္ဘောများရောင်းချပေးသွားရန် စီစဉ်လျက်ရှိခြင်း

 DefenceExpress;May-29(Mon)


အမေရိကန်ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Defense Security Cooperation Agency-DSCA) သည် “ပြည်ပနိုင်ငံများသို့ စစ်ပစ္စည်းရောင်းချခြင်း” (Foreign Military Sales-FMS) အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပိုလန်နိုင်ငံသို့ လေပိုင်နက်စောင့်ကြည့်ရေး လေသင်္ဘော ၄ စီး ရောင်းချပေးရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုချက်တစ်စောင်ပေးပို့ထားကြောင်း ပိုလန်နိုင်ငံပိုင် Defence24 သတင်းဌာနက မေလ ၂၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ပိုလန်နိုင်ငံသို့ ရောင်းချပေးသွားမည့် လေသင်္ဘောအမျိုးအစားနှင့်ပတ်သက်၍ အတိအကျမသိရှိရသေး သော်လည်း အမေရိကန်နိုင်ငံတွင်အသုံးပြုလျက်ရှိသည့် ရေဒါစနစ်တပ်ဆင်ထားသည့် လေသင်္ဘော (American Tethered Aerostat Radar Systems-TARS)၊ သို့မဟုတ် ၎င်းနှင့်ပုံစံတူသည့် အခြားစနစ်တစ်ခုကို ရောင်းချပေးသွားနိုင်ဖွယ်ရှိကြောင်း DSCA က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံထုတ် ရေဒါစနစ်တပ်ဆင်ထားသည့် လေသင်္ဘော (TARS) သည် ကီလိုမီတာ ၃၇၀ ကျော်တွင်ရှိသည့် ပစ်မှတ်များ၏ ပုံရိပ်များကို ဖမ်းယူ နိုင်စွမ်းရှိသည့်အပြင် အချိန်ကြာမြင့်စွာပျံသန်းကင်းလှည့်နိုင်ကြောင်းလည်း Defence24 သတင်းဌာနက ဖော်ပြထားပါသည်။



ပိုလန်နိုင်ငံသည် Barbara အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၇ ခုနှစ်မှ စတင်၍ အဆိုပါလေသင်္ဘောများကိုဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ပိုလန်နိုင်ငံ သည် ၎င်း၏ဝေဟင်အားဖြတ်သန်းသွားသည့် ရုရှားထုတ် X-55 ဒုံးကျည်များကို ချေမှုန်း နိုင်စေရန် ဆွီဒင်နိုင်ငံထံမှ AWACS လေယာဉ်များဝယ်ယူမည့် ရည်ရွယ်ချက်ကို ယခင်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အမေရိကန်က TARS၊ သို့မဟုတ် ၎င်းနှင့်ပုံစံတူ လေသင်္ဘော များရောင်းချပေးခဲ့ပါက ပိုလန်နိုင်ငံအနေဖြင့် ခရုဇ်ဒုံးကျည်များ၊ သို့မဟုတ် ပျံသန်း နေသော အခြားပစ်မှတ်ငယ်များအား ထောက်လှမ်းနိုင်မှုစွမ်းရည်ကို ပိုမိုအားကောင်း လာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခသည် NATO အဖွဲ့၏ အရှေ့ဘက်စစ်နံချဲ့ထွင်ရေးမူဝါဒကြောင့် ဖြစ်ပေါ်လာသည့် အကျိုးရလဒ်တစ်ခုပင်ဖြစ် ပါသည်။ ယူကရိန်းဘက်မှ အခိုင်အမာရပ်တည်လျက်ရှိသည့် NATO အဖွဲ့ဝင် ပိုလန်နိုင်ငံ သည် ပြုလုပ်လာနိုင်ဖွယ်ရှိသည့် ရုရှား၏တိုက်ခိုက်မှုများအပါအဝင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရပါသည်။ အနောက်အုပ်စုမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ ပေးခဲ့သည့် စစ်လက်နက်ပစ္စည်းအများစုကို ပိုလန်နိုင်ငံမှတစ်ဆင့် ကြားခံလုပ်ဆောင်လျက် ရှိသကဲ့သို့ ပိုလန်သည် ရုရှား၏ထိုးစစ်ကိုတန်ပြန်နိုင်ရေး ဆိုဗီယက်သုံးစစ်လက်နက် ပစ္စည်းများကို ယူကရိန်းသို့ပေးပို့ထားသည်ကိုတွေ့ရှိရပါသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ပြင်းထန်သည့်လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ရုရှားနိုင်ငံက ပိုလန်အစိုးရကို အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ပါသည်။

ပိုလန်နိုင်ငံသည် ၂၀၁၇ ခုနှစ်ကတည်းကစတင်၍ အမေရိကန်နိုင်ငံထုတ် စောင့်ကြည့်ထောက်လှမ်းရေးလေသင်္ဘောများကိုဝယ်ယူရန် စီစဉ်ခဲ့ပါသည်။ ၎င်း၏ဝေဟင်တွင် ပျံသန်းနေသော ရုရှားထုတ် X-55 ဒုံးကျည်များကို ချေမှုန်းနိုင်စေရန် ဆွီဒင်နိုင်ငံထံမှ AWACS လေယာဉ်များဝယ်ယူမည့် ရည်ရွယ်ချက်ကိုလည်း ယခင်က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အမေရိကန်နိုင်ငံထုတ် ရေဒါစနစ်တပ်ဆင်ထားသည့် လေသင်္ဘော (TARS) သည် ကီလိုမီတာ ၃၇၀ ကျော်တွင်ရှိသည့် ပစ်မှတ်များ၏ ပုံရိပ်များကို ဖမ်းယူနိုင်စွမ်းရှိသည့် အပြင် အချိန်ကြာမြင့်စွာပျံသန်းကင်းလှည့်နိုင်ကြောင်း သိရှိရပါသည်။ အမေရိကန်က TARS၊ သို့မဟုတ် ၎င်းနှင့်ပုံစံတူ လေသင်္ဘောများရောင်းချပေးခဲ့ပါက ပိုလန်နိုင်ငံသည် ၎င်း၏လေပိုင်နက်အတွင်း ခရုဇ်ဒုံးကျည်များ၊ သို့မဟုတ် ပျံသန်းနေသော အခြားပစ်မှတ်ငယ် များအား ထောက်လှမ်းနိုင်မှုစွမ်းရည်ကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပါသည်။

NATO အရှေ့ဖျားစစ်နံရှိ ပိုလန်နိုင်ငံသည် ကြီးမားသည့်လုံခြုံရေးခြိမ်းခြောက်မှု များနှင့်ရင်ဆိုင်နေရစဉ် အမေရိကန်နိုင်ငံသည် ယခုကဲ့သို့ စောင့်ကြည့်ထောက်လှမ်းရေး လေသင်္ဘော ၄ စီးကို ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံသို့ အဆင့်မြင့်စစ်လက်နက်ပစ္စည်းများရောင်းချပေးမှုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကျိုးစီးပွားနှင့် ပိုလန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းဆောင်ရည် များကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေ များအရ အဆိုပါလုပ်ဆောင်မှုသည် ရုရှားနိုင်ငံအပေါ် ရန်စသည့်လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်လာနိုင်မှုကြောင့် ပိုလန်နှင့် ရုရှားတို့အကြား ရှိရင်းစွဲတင်းမာမှုများမှာ ပိုမိုဆိုးရွား လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

တူကီယဲရွေးကောက်ပွဲတွင် သမ္မတ အာဒိုဂန် အနိုင်ရရှိကြောင်း ရွေးကောက်ပွဲဘုတ်အဖွဲ့က ကြေညာခဲ့ခြင်း

Xinhua;May-29(Mon)


လက်ရှိသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တူကီယဲရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ဗဟိုရွေးကောက်ပွဲကျင်းပရေးကောင်စီ ဥက္ကဋ္ဌ အာမတ်ရီနာ (Ahmet Yener) က ကြေညာခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၇.၈၆ ရာခိုင်နှုန်းရရှိထားသည့် ၎င်း၏ပြိုင်ဘက် ခီမဲလ်ခီလစ်ဒရိုဂူလူ (Kemal Kilicdaroglu) အား မဲအရေအတွက် ၅၂.၁၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် မဲရေတွက်မှု ၉၉.၄၃ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း အာမတ်ရီနာက ပြောကြားခဲ့ပါသည်။ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင် သမ္မတ အာဒိုဂန်သည် ထောက်ခံမဲ ၄၉.၅၂ ရာခိုင်နှုန်း၊ ခီမဲလ်ခီလစ် ဒရိုဂူလူသည် ၄၄.၈၈ ရာခိုင်နှုန်းနှင့် ဆင်နန်အိုဂန် (Sinan Ogan) သည် ၅.၁၇ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပါသည်။

အဆိုပါ ပထမအကျော့ယှဉ်ပြိုင်မှုတွင် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိသည့် ကိုယ်စားလှယ်လောင်းထွက်ပေါ်ခဲ့ခြင်းမရှိသည့်အတွက် မေလ ၂၈ ရက်တွင် မဲအများဆုံးရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း ၂ ဦးအား ရွေးချယ်၍ ဒုတိယအကျော့ ပြန်လည်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပါသည်။ သမ္မတ အာဒိုဂန်၏ ပြည်သူ့မဟာမိတ်အဖွဲ့သည် လွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ၆၀၀ အနက် ၃၂၃ နေရာရရှိခဲ့ပြီး အတိုက်အခံ Nation Alliance ပါတီသည် အမတ် ၂၁၂ နေရာရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ ၅၄ သန်းနီးပါးရှိခဲ့သဖြင့် ၈၆.၉၈ ရာခိုင်နှုန်းခန့်မဲပေးခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတ အာဒိုဂန်သည် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပါလီမန်စနစ်မှ သမ္မတစနစ်သို့ ပြောင်းလဲပြင်ဆင်၍ လူထု ဆန္ဒခံယူပွဲကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် တူကီယဲနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်လာခဲ့ ကြောင်း သိရှိရပါသည်။

Sunday, May 28, 2023

ဆားဘီးယားနှင့် တင်းမာမှုများ လျှော့ချရန် NATO အတွင်းရေးမှူးချုပ်က ကိုဆိုဗိုအား တောင်းဆိုခဲ့ခြင်း

 ကိုဆိုဗိုတွင် ဆားဘီးယားလူမျိုးများ၏ နယ်မြေများအတွင်း အယ်လ်ဘေးနီးယား လူမျိုးမြို့တော်ဝန်များခန့်အပ်မှုကို ဆန့်ကျင်ကန့်ကွက်ကြသည့် ဆန္ဒပြသူများနှင့် ကိုဆိုဗို ရဲတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဆားဘီးယားနှင့် တင်းမာမှုများ လျှော့ချရန် NATO အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ကိုဆိုဗိုအား တောင်းဆိုခဲ့ကြောင်း Aljazeera သတင်းဌာနက မေလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကိုဆိုဗိုနှင့် ဆားဘီးယားနိုင်ငံတို့အနေဖြင့် ဥရောပသမဂ္ဂ ဦးဆောင်သော ဆွေးနွေးပွဲများတွင် ပါဝင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုမြောက်ပိုင်းဒေသတွင် အဓိကနေထိုင်ကြသော ဆာ့ဘ် (Serbs) လူမျိုးများသည် ဆားဘီးယားမှခွဲထွက်၍ ကိုဆိုဗို၏ လွတ်လပ်ရေးကြေညာခဲ့မှုအား လက်ရှိအချိန်ထိ လက်ခံအတည်ပြုခြင်းမရှိသေးကြောင်း သိရှိရပါသည်။


Saturday, May 27, 2023

ကိုဆိုဗိုတွင် ဖြစ်ပွားလျက်ရှိသော တင်းမာမှုများနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးကျင်းပရန် ဆားဘီးယားသမ္မတက တောင်းဆိုသွားမည်ဖြစ်ခြင်း

 Azer News; May-27(Sat)


ကိုဆိုဗိုတွင် ဖြစ်ပွားလျက်ရှိသော တင်းမာမှုများနှင့်ပတ်သက်၍ အမျိုးသား လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပသွားမည်ဟု နိုင်ငံလုံးဆိုင်ရာ အစိုးရလိုလားသော အုပ်စုများစုဝေးပွဲတွင် ဆာဘီးယားသမ္မတက ပြောကြားခဲ့ကြောင်း Azer News သတင်းဌာနက မေလ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုရှိ ဥပဒေစိုးမိုးရေးအရာရှိများအနေဖြင့် ကိုဆိုဗိုမြောက်ပိုင်းနှင့် မီတိုဟီဂျာရှိ ဒေသန္တရ အုပ်ချုပ်မှုစနစ်အောက်တွင်ရှိသောဒေသ ၄ ခုတွင် ဒေသတွင်းနေထိုင်သူများ၏ ဆန့်ကျင်မှု များအကြားမှ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဆောက်အအုံများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ ပြီးနောက် အဆိုပါဒေသများတွင် တင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။

ကိုဆိုဗိုရဲတပ်ဖွဲ့များအနေဖြင့် ဒေသတွင်း ဆန့်ကျင်သူများအား မျက်ရည်ယို ဗုံးများနှင့် လက်ပစ်ဗုံးများကို အသုံးပြုပစ်ခတ်ခဲ့ကြောင်းနှင့် ဒေသတွင်း ဆန့်ကျင်သူများ အနေဖြင့်လည်း ရဲကား ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ထားပါသည်။ ကိုဆိုဗိုအာဏာပိုင်များ၏လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ဆာဘီးယားသမ္မတသည် ၎င်း၏တပ်ဖွဲ့ဝင်များကို အမြင့်ဆုံးသတိပေးချက်များ ထုတ်ပြန်ကာ ကိုဆိုဗိုနှင့် ဆာဘီးယားနယ်စပ်တွင် တပ်ဖြန့်ချထားမှုများကို လုပ်ဆောင်ခဲ့ပါသည်။ ကိုဆိုဗိုအနေဖြင့် ဆာ့ဘ်လူမျိုးများ၏ ဆန့်ကျင်မှုများအကြားတွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဒေသန္တရအုပ်ချုပ်မှုစနစ်အောက်တွင်ရှိသော ဒေသ ၄ ခု၏ မြို့တော်ဝန် အသစ်ကို ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။

Friday, May 26, 2023

ဂျာမနီဝန်ကြီးချုပ်က ဆိုက်ပရပ်စ်ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အကူအညီပေးအပ်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့ခြင်း

Anadolu Agency; May-26(Fri)

ဂျာမနီနိုင်ငံအနေဖြင့် ဆိုက်ပရပ်စ်တွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားလျက် ရှိသည့် နိုင်ငံရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းရန်အတွက် အကူအညီပေးအပ်ရန် အသင့်ရှိကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှို (Olaf Scholz) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက မေလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အိုလက်ဖ်ရှိုသည် ဂရိဆိုက်ပရပ်စ်ခေါင်းဆောင် နီကိုးစ်ခရစ္စတိုဒိုလီဒစ် (Nikos Christodoulidis) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဂျာမနီနိုင်ငံ၊ မြို့တော် ဘာလင်တွင်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲဆိုက်ပရပ်စ်နှင့် ဂရိဆိုက်ပရပ်စ်တို့အကြားတွင် ကုလသမဂ္ဂဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြာမီပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။

Thursday, May 25, 2023

ဆားဘီးယားသည် အမေရိကန်နှင့် အဇာဘိုင်ဂျန်နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန် ဆန္ဒရှိသည်ဆိုခြင်း

 ဆားဘီးယားနိုင်ငံအနေဖြင့် အမေရိကန်နှင့် အဇာဘိုင်ဂျန်နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဆားဘီးယား သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) က မေလ ၂၅ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက မေလ ၂၆ ရက်တွင် ဖော်ပြခဲ့ ပါသည်။ သမ္မတ ဘူစစ်သည် မြို့တော် ဘဲလ်ဂရိတ် (Belgrade) ၌ အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်သည့် ချာရစ်မာဖီ (Chris Murphy) နှင့် ဂါရီပီတာစ် (Gary Peters) တို့အပြင် အဇာဘိုင်ဂျန်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဆာဟီဘာဂါဖာရိုဗာ (Sahiba Gafarova) တို့နှင့် သီးခြားအစည်းအဝေးများပြုလုပ်ခဲ့ပြီးနောက် အထက်ပါ အတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစည်းအဝေးအတွင်း ဆားဘီးယား နိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှုနှင့် နားလည်မှုများအပေါ်အခြေခံ၍ အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်သွားမည်ဟု သမ္မတ ဘူစစ်က ထပ်လောင်း အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ချက်အစိုးရသည် ဆွီဒင်နိုင်ငံထံမှ CV 90 ခြေလျင်သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂၄၆ စီး ဝယ်ယူရေးအစီအစဉ်ကို အတည်ပြုခဲ့ခြင်း

 ချက်သမ္မတနိုင်ငံအစိုးရသည် ဆွီဒင်နိုင်ငံထံမှ CV 90 ခြေလျင်သံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၂၄၆ စီး ဝယ်ယူရေးအစီအစဉ်ကို မေလ ၂၄ ရက်တွင် အတည်ပြု ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ချက်ငွေကြေး ခရောင်းန် (Crowns) ၅၉.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၇၁ ဘီလီယံ) ကုန်ကျမည့် အဆိုပါဝယ်ယူရေး အစီအစဉ်တွင် အလုပ်ရုံသုံးမော်တော်ယာဉ် ၂၉ စီးနှင့် အပိုပစ္စည်းများပါဝင်မည်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံအကြား ဝယ်ယူရေးအစီအစဉ်အရ ပထမဆုံးယာဉ်များကို ဆွီဒင်မှ ၂၀၂၆ ခုနှစ်တွင် ပို့ဆောင်နိုင် မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဝယ်ယူသောယာဉ်အားလုံးကို ချက်သမ္မတနိုင်ငံသို့ပို့ဆောင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနှင့် ဆလိုဗေးနီးယားတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လေ့လာဆန်းစစ်မှုများလုပ်ဆောင်လျက်ရှိခြင်း

 အင်ဒိုနီးရှားနိုင်ငံနှင့် ဆလိုဗေးနီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လေ့လာဆန်းစစ်မှုများလုပ်ဆောင်ရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ (Retno Marsudi) နှင့် ဆလိုဗေးနီးယား နိုင်ငံခြားရေးဝန်ကြီး တန်ဂျာဖာဂျွန် (Tanja Fajon) တို့က သဘောတူညီခဲ့ကြောင်း Xinhua သတင်းဌာနက မေလ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင် နှစ်နိုင်ငံအကြား ဆေးဝါးများ၊ အထည်အလိပ်ထုတ်ကုန်များနှင့် ပရိဘောဂပစ္စည်းများ ကုန်သွယ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မာဆူဒီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုနယ်ပယ်များတွင်လည်း ဦးစားပေးအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် သဘောတူညီခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၄၅.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Tuesday, May 23, 2023

ဩစတြီးယားအစိုးရ၏ အဓိကအတိုက်အခံပါတီသည် ပါတီတွင်းအတိုက်အခံများကို ရှုံးနိမ့်ခဲ့သဖြင့် မေလ ၂၃ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ခြင်း

 ဩစတြီးယားအစိုးရ၏ အဓိကအတိုက်အခံပါတီဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (Social Democratic Party-SPO) ၏ ဥက္ကဋ္ဌဖြစ်သူ ပါမီလာရန်ဒီဝဂ်နာ (Pamela Rendi-Wagner) သည် SPO ပါတီညီလာခံတွင် ပါတီတွင်းအတိုက်အခံများကို ရှုံးနိမ့်ခဲ့သဖြင့် မေလ ၂၃ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြ ထားပါသည်။ ရန်ဒီဝဂ်နာသည် အဓိကအတိုက်အခံ SPO ပါတီကို ၂၀၁၈ ခုနှစ်မှစ၍ ဦးဆောင်ခဲ့သူဖြစ်ပြီး ၎င်းအနေဖြင့် ဇွန်လ ၃ ရက်တွင်ပြုလုပ်မည့် ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်မဟုတ်ကြောင်း ပြောကြားထားပါသည်။ ၂၀၂၃ ခုနှစ်အစောပိုင်းတွင် ပြည်နယ် ၃ ခု၌ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများတွင် SPO ပါတီဝင်များ ရှုံးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နှင့် ချက်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးတို့သည် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

 Defense Gov; May–23(Tue)


အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd J. Austin) နှင့် ချက်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီး ဂျနာဆာနိုချိုဗာ (Jana Cernochova) တို့သည် နှစ်နိုင်ငံအကြားလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ်ကို မေလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အော်စတင်နှင့် ဆာနိုချိုဗာတို့သည် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုများ ပိုမိုခိုင်မာစေရန်၊ NATO အဖွဲ့၏ စစ်ဆင်ရေးများကို တိုးမြှင့်ရန်၊ အတ္တလန္တိတ်ဖြတ်ကျော်လုံခြုံရေးကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံအကျိုး စီးပွားကို ကာကွယ်ရန်ရည်ရွယ်၍ ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများကို ပိုမို နက်ရှိုင်းစေမည့်အပြင် အပြန်အလှန်လုပ်ဆောင်နိုင်မှုများကို မြှင့်တင်နိုင်ခြင်း၊ NATO အဖွဲ့ကို အားကောင်းလာစေခြင်းနှင့် ဥရောပတွင် တည်ငြိမ်မှုတိုးမြင့်လာစေခြင်းတို့ကို ဖြစ်ပေါ် လာစေနိုင်ကြောင်း အော်စတင်က ပြောကြားခဲ့ပါသည်။

Monday, May 22, 2023

ဆီးရီးယားသမ္မတသည် တူကီယဲသမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း

 ဆီးရီးယားသမ္မတ ဘတ်ရှာအာဆတ် (Bashar Assad) နှင့် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့အကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရန် တူကီယဲအနေဖြင့် ၎င်း၏တပ်ဖွဲ့များကို ဆီးရီးယားနိုင်ငံအတွင်းမှ ဆုတ်ခွာ ပေးရန်လိုအပ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်မတ်ဒတ် (Faisal Mekdad) က ပြောကြားခဲ့ကြောင်း Mehrnews သတင်းဌာနက မေလ ၂၂ ရက်တွင် ဖော်ပြထားပါသည်။ ဆီးရီးယားနိုင်ငံအနေဖြင့် အီရန်နိုင်ငံအပါအဝင် အခြားအာရပ်နိုင်ငံ များနှင့် နှစ်နိုင်ငံဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းနှင့် တူကီယဲ နိုင်ငံအနေဖြင့် ဆီးရီးယားနယ်မြေများကို ဆက်လက်သိမ်းပိုက်ထားပါက နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာမည်မဟုတ်ကြောင်း မက်ဒက်က ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

အက်စတိုးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့သည် တာလတ်ပစ် IRIS-T SLM ကာကွယ်ရေး စနစ်များဝယ်ယူနိုင်ရန် ဂျာမနီနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိ

ဘောလ်တစ် (Baltic) ဒေသရှိ NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သော အက်စတိုးနီးယား (Estonia) နှင့် လတ်ဗီးယား (Latvia) နိုင်ငံတို့သည် တာလတ်ပစ် IRIS-T SLM ကာကွယ်ရေး စနစ်များကိုဝယ်ယူနိုင်ရန် ဂျာမနီနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်ဟု အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း DW သတင်းဌာနက မေလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အထက်ပါနိုင်ငံနှစ်နိုင်ငံ သည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ကာကွယ်ရေးအသုံးစရိတ်ကို အများအပြားတိုးမြှင့်သုံးစွဲကာ ၎င်းတို့၏ကာကွယ်ရေးစွမ်းအားမြှင့်တင်နိုင်ရန် ကြိုးပမ်း လျက်ရှိပါသည်။ ယခုဝယ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည့် IRIS-T SLM ကာကွယ်ရေး စနစ်သည် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ခရုဇ်ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ် များကိုပစ်ချနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် ယာဉ်တင်ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး အကွာအဝေး ကီလိုမီတာ ၄၀ နှင့် အမြင့် ကီလိုမီတာ ၂၀ အထိ ပစ်ခတ်နိုင်ကြောင်း သိရှိရပါသည်။

ကိုဆိုဗိုအနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေး ဆားဘီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဆိုခြင်း

 Al Arabiya; May–22(Mon)


ကိုဆိုဗိုသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) သို့ ဝင်ရောက်လိုသည့် ၎င်း၏ရည်မှန်းချက်ကို အောင်မြင်လိုပါက အနောက်နိုင်ငံများမှ ကြားဝင်ဆောင်ရွက်ပေးသည့် ဆားဘီးယားနိုင်ငံနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရမည်ဟု ကိုဆိုဗိုသို့ ရောက်ရှိနေသည့် အမေရိကန်အထက်လွှတ်တော်အမတ် ၂ ဦးက ပြောကြားခဲ့ကြောင်း Al Arabiya သတင်း ဌာနက မေလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ ကြားဝင်ဖျန်ဖြေပေးမှုဖြင့် မတ်လတွင်ရရှိခဲ့သော သဘောတူညီချက်ကို အမြန်ဆုံးဆောင်ရွက်ရန် အမေရိကန် ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် ခရစ်မာဖီ (Chris Murphy) နှင့် ဂယ်ရီပီတာ (Gary Peters) တို့က ကိုဆိုဗိုနှင့် ဆားဘီးယားအား တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။ ကိုဆိုဗို အတွက် NATO နှင့် ဥရောပသမဂ္ဂသို့ ဝင်နိုင်မည့်လမ်းကြောင်းသည် ဆားဘီးယားနှင့် သဘောတူညီချက်တစ်ရပ်ရရှိမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်မှာ အမှန်ပင်ဖြစ်ကြောင်း မာဖီ က ကိုဆိုဗိုရှိ အမေရိကန်သံရုံးတွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ လွတ်လပ်ရေးကြေညာခဲ့သည့် ကိုဆိုဗိုအား NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရိုမေးနီးယား၊ စပိန်၊ ဂရိနှင့် ဆလိုဗက်ကီးယားတို့က နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။ ဆားဘီးယားနှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းသွားမည်ဆိုပါက အဆိုပါ ၄ နိုင်ငံအနေဖြင့် ကိုဆိုဗိုအား NATO အဖွဲ့ဝင်အဖြစ် လက်ခံယုံကြည်လာနိုင်ကြောင်း မာဖီက ပြောကြားခဲ့ပါသည်။ ထိုသို့ လက်ခံလာစေရန် ဆားဘီးယားနှင့် သဘောတူညီချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြီးမြောက်မှု အခြေအနေအပေါ်တွင် မူတည်နေကြောင်းကိုလည်း မာဖီက ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုနှင့် ဆားဘီးယားအကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန်အတွက် မတ်လတွင် သဘောတူညီမှုရရှိခဲ့သော်လည်း ကိုဆိုဗိုမြောက်ပိုင်းရှိ ဆာ့ဘ်လူမျိုး ၅၀,၀၀၀ ခန့်သည် ကိုဆိုဗိုအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် လက်ခံခြင်းမရှိသည့်အတွက် လက်တွေ့တွင် တိုးတက်မှုမရှိသေးကြောင်း သိရှိရပါသည်။

ဂရိအထွေထွေရွေးကောက်ပွဲတွင် New Democracy ပါတီ အနိုင်ရရှိခဲ့ခြင်း

 China.org; May-22(Mon)


ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) ၏ New Democracy (ND) ပါတီသည် မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲအတွင်း ထောက်ခံမဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ပါသည်။ လက်ရှိမဲရေတွက်မှု ၉၆.၀၃ ရာခိုင်နှုန်းအပြီးတွင် ND ပါတီသည် ထောက်ခံမဲ ၄၀.၇၉ ရာခိုင်နှုန်း ရရှိထားပြီး လွှတ်တော်အမတ်နေရာ ၃၀၀ အနက် ၁၄၅ နေရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သော တရားဝင်ရလဒ်များအရ သိရပါသည်။ အဓိကအတိုက်အခံပါတီ ဖြစ်သော SYRIZA-Progressive Alliance ပါတီသည် လွှတ်တော်တွင် အမတ်နေရာ ၇၂ နေရာ (၂၀.၀၅ ရာခိုင်နှုန်း)၊ တတိယအကြီးဆုံးပါတီဖြစ်သော PASOK-KINAL ပါတီသည် အမတ်နေရာ ၄၁ နေရာ (၁၁.၅၂ ရာခိုင်နှုန်း)၊ ဂရိကွန်မြူနစ်ပါတီသည် အမတ်နေရာ ၂၆ နေရာ (၇.၂၁ ရာခိုင်နှုန်း) နှင့် လက်ယာယိမ်း Elliniki Lysi ပါတီသည် အမတ်နေရာ ၁၆ နေရာ (၄.၄၅ ရာခိုင်နှုန်း) ရရှိခဲ့ပါသည်။ ND ပါတီအနေဖြင့် ဆန္ဒမဲထက်ဝက်ကျော်မရသဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းရန်အတွက် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။

ရုရှားနိုင်ငံအပေါ် (၁၁)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုချမှတ်နိုင်ရေး ဥရောပသမဂ္ဂ၏အဆိုပြုချက်များကို ဟန်ဂေရီနိုင်ငံက မထောက်ခံခြင်း

TASS; May-22(Mon)


ရုရှားနိုင်ငံအပေါ် (၁၁)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုများချမှတ်ရန် ဥရောပ ကော်မရှင်က ရေးဆွဲထားသည့် အဓိကပြဋ္ဌာန်းချက်ကို ဟန်ဂေရီနိုင်ငံအနေဖြင့် မထောက် ခံကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က မေလ ၂၂ ရက်တွင်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပငြိမ်းချမ်းရေးအစီအစဉ်မှ ယူကရိန်း နိုင်ငံသို့ အခြားသောစစ်ရေးအကူအညီများ ပေးအပ်နိုင်ရေး ဆောင်ရွက်ရာတွင်လည်း ထောက်ခံသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဥရောပ နိုင်ငံများအနေဖြင့် ဥရောပငြိမ်းချမ်းရေးအစီအစဉ်မှ ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီ ပေးအပ်ရာတွင် ယူရို သန်း ၅၀၀ ထိတိုးမြှင့်ထောက်ပံ့ပေးအပ်ရန် လိုလားလျက် ရှိကြောင်းနှင့် ယူကရိန်းနိုင်ငံစစ်ရေးအသုံးစရိတ်အတွက် ယူရို သန်း ၅၀၀ သုံးစွဲမည့် အဆိုပြုချက်အပေါ် ဟန်ဂေရီနိုင်ငံအနေဖြင့် သဘောတူညီသွားမည်မဟုတ်ကြောင်း ဘရပ်ဆဲလ်မြို့၌ပြုလုပ်သည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ခေတ္တ ရပ်နားစဉ် ဆီဂျာတိုက သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

တူကီယဲရွေးကောက်ပွဲတွင် တတိယနေရာရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းက အာဒိုဂန်ကို ထောက်ခံသွားမည်ဆိုခြင်း

 CNN; May-22(Mon)

တူကီယဲနိုင်ငံ၏ သမ္မတရွေးကောက်ပွဲပထမအကျော့တွင် တတိယနေရာရရှိခဲ့ သည့် ကိုယ်စားလှယ်လောင်း ဆင်နန်အိုဂန် (Sinan Ogan) သည် ထပ်မံပြုလုပ်မည့် ဒုတိယအကျော့ရွေးကောက်ပွဲတွင် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အား ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု CNN သတင်း ဌာနက မေလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲ၌ မေလ ၁၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ခိုင်လုံမဲ ၅၀ ရာခိုင်နှုန်းအထက် ရရှိသည့် ကိုယ်စားလှယ်လောင်းထွက်ပေါ်ခဲ့ခြင်းမရှိခဲ့သဖြင့် လာမည့်မေလ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ဒုတိယအကျော့ရွေးကောက်ပွဲတွင် ပထမအကျော့က မဲအများဆုံးရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း ၂ ဦး ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပထမ အကျော့တွင် မဲအရေအတွက် ၅.၁၇ ရာခိုင်နှုန်းရရှိခဲ့သည့် အိုဂန် သည် ၎င်း၏ပြိုင်ဘက် ခမဲလ်ခီလစ်ဒါရိုဂလူ (Kemal Kilicdaroglu) အစား လက်ရှိသမ္မတ အာဒိုဂန်ကို ထောက်ခံ သွားမည်ဖြစ်ကြောင်း မြို့တော် အန်ကာရာ (Ankara) ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ အာဒိုဂန်သည် ပထမအကျော့တွင် ထောက်ခံမဲ ၄၉.၅၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက် ခီလစ်ဒါရိုဂလူ ထက် ၅ မဲ အသာရရှိခဲ့ပါသည်။

Sunday, May 21, 2023

ဂရိနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်း

 India Today;May-21(Sun)

ဂရိနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲတစ်ရပ်အား မေလ ၂၁ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း India Today သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် မည်သည့်ပါတီမျှ ပြတ်ပြတ်သားသားအနိုင်ရရှိနိုင်ဖွယ်မရှိကြောင်းနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောတူညီမှုမရရှိခဲ့ပါက လာမည့်ဇူလိုင်လတွင် ဒုတိယ အကျော့ရွေးကောက်ပွဲ ပြုလုပ်သွားရနိုင်ဖွယ်ရှိကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လူထုစစ်တမ်းများအရ လက်ရှိ အာဏာရကွန်ဆာဗေးတစ်ဒီမိုကရေစီသစ်ပါတီ (New Democracy) က ဦးဆောင်လျက်ရှိသော်လည်း အသစ်ပြင်ဆင်ထားသည့် နိုင်ငံ၏ ရွေးကောက်ပွဲ စနစ်အရ တစ်ပါတီတည်းက အစိုးရဖွဲ့နိုင်ရန်အတွက် ထောက်ခံမဲ ၄၅ ရာခိုင်နှုန်းကျော် ရရှိရန်လိုအပ်ကြောင်းနှင့် ဒီမိုကရေစီသစ်ပါတီအနေဖြင့် ၎င်းရာခိုင်နှုန်းပြည့်မီနိုင်မည့် အလားအလာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ပန်နို့စ်ကိုလီရာစတာဆစ် (Panos Koliastasis) က ပြောကြားခဲ့ပါသည်။

လူထုသဘောထားစစ်တမ်းများအရ ဝန်ကြီးချုပ် ကီရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mit sotakis) ဦးဆောင်သော ဒီမိုကရေစီသစ်ပါတီသည် ထောက်ခံမဲ ၃၁ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအကြား ရရှိနိုင်ဖွယ်ရှိပြီး အတိုက်အခံ Syriza ပါတီက ဒုတိယ နေရာမှ ဦးဆောင်လျက်ရှိပါသည်။ အထွေထွေရွေးကောက်ပွဲအတွင်း မည်သည့်ပါတီမျှ အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းမရှိပါက သမ္မတ ကတ်တာရီနာဆက်ကယ်လာရိုပူလို (Katerina Sakellaropoulou) သည် ထိပ်တန်းပါတီသုံးခုအား အစိုးရဖွဲ့ရန် ၃ ရက် အချိန်ပေးအပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ ပါတီကြီးသုံးခုအနေဖြင့် သတ်မှတ်ရက်အတွင်း အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိပါက သမ္မတ ဆက်ကယ်လာရိုပူလိုသည် တစ်လ အကြာတွင် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်ရေးအတွက် အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပိုလန်ကမ်းရိုးတန်းတစ်လျှောက်တွင် လေကြောင်းရန်ကာကွယ်ရေး ပိုမိုခိုင်မာအားကောင်းစေရေးအတွက် အီတလီထုတ် ဖျက်သင်္ဘောတစ်စီးသည် ပိုလန်ကမ်းခြေသို့ရောက်ရှိပြီဖြစ်ခြင်း

 ပိုလန်နိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက်တွင် လေကြောင်းရန်ကာကွယ်ရေးနှင့် ပတ်သက်၍ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် မဟာမိတ် အီတလီနိုင်ငံမှ ဒုံးကျည်တင် ဖျက်သင်္ဘောတစ်စီးသည် ပိုလန်ကမ်းခြေသို့ရောက်ရှိပြီဖြစ်ကြောင်း ပိုလန်ကာကွယ်ရေး ဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) က ပြောကြားခဲ့သည်ဟု Sputnik သတင်းဌာနက မေလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်နိုင်ငံ၊ Bydgoszcz မြို့အနီး ၁၅ ကီလိုမီတာ အကွာအဝေးတွင် အတိအကျဖော်ပြနိုင်ခြင်းမရှိသော လေကြောင်းသုံး စစ်ဘက်ဆိုင်ရာပစ္စည်းတစ်ခု၏ အစိတ်အပိုင်းများအား တွေ့ရှိခဲ့ရပြီးနောက် အထက်ပါ အတိုင်း ကမ်းရိုးတန်းလေကြောင်းရန်ကာကွယ်ရေးစနစ်အား တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ် ပါသည်။ အဆိုပါဖျက်သင်္ဘောတွင် လေယာဉ်နှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တား နိုင်သည့် စွမ်းအားမြင့်လက်နက်များတပ်ဆင်ထားသောကြောင့် ပိုလန်နိုင်ငံ၏ အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် ကမ်းရိုးတန်းကာကွယ်ရေးကို ပိုမိုခိုင်မာအားကောင်းစေမည် ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Saturday, May 20, 2023

ဆားဘီးယားနိုင်ငံတွင် ထောင်ပေါင်းများစွာသောပြည်သူများသည် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအား ထပ်မံပြုလုပ်ခဲ့ခြင်း

 MSN;May-20(Sat)

ဆားဘီးယားနိုင်ငံရှိ ထောင်ပေါင်းများစွာသော ပြည်သူများသည် အကြမ်းဖက်မှု များကိုဆန့်ကျင်သည့် ဆန္ဒပြပွဲအား ဆားဘီးယားနိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ် (Belgrade) ၌ ထပ်မံပြုလုပ်ခဲ့ကြောင်း MSN သတင်းဌာနက မေလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၌ ယခုလအတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်းကြောင့် အကြမ်းဖက်မှုအားဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ ယခုဆန္ဒပြမှုသည် တစ်လအတွင်း (၃)ကြိမ်မြောက် ဆန္ဒပြမှုလည်းဖြစ်ပါသည်။ ဆန္ဒပြ ပြည်သူများက သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) ဦးဆောင်သော အစိုးရ အနေဖြင့် ဆားဘီးယားလူ့အဖွဲ့အစည်းတွင် ရာဇဝတ်မှုဆိုင်ရာအရေးကိစ္စရပ်များကို အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည့်အပြင် ပြည်ထဲရေးဝန်ကြီး ဘရားတစ်ဆလစ်ဗ် ဂက်စစ် (Bratislav Gasic)၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးတို့အား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြပါသည်။

အစိုးရအနေဖြင့် ရုပ်မြင်သံကြားလိုင်းများမှ အကြမ်းဖက်မှုများကိုဖြစ်ပေါ်စေသည့် အကြောင်းအရာများ ထုတ်လွှင့်ခြင်းအပေါ် အရေးယူရန် ပျက်ကွက်လျက်ရှိသည်ဟုလည်း အတိုက်အခံပါတီများက စွပ်စွဲထားလျက်ရှိပါသည်။ သမ္မတ ဘူစစ်က အစိုးရအတိုက်အခံ ပါတီများအနေဖြင့် ၎င်းတို့အာဏာရရှိရေးအတွက် လက်ရှိဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲ များကို အသုံးချနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘဲလ်ဂရိတ်မြို့အရှေ့ဘက်ရှိ ပန်စီဗို (Pancevo) မြို့တွင် တန်ပြန်ဆန္ဒပြပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ သမ္မတ ဘူစစ် သည် လက်ရှိဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲများကို နိုင်ငံရေးဆိုင်ရာကြံဖန်လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ပြောကြားထားသည့်အပြင် ဆားဘီးယားသမိုင်းတွင် အကြီးမားဆုံး စုဝေးမှုဟု အမည်ပေးထားသည့် ဆန္ဒပြပွဲတစ်ခုအား လာမည့်သီတင်းပတ်တွင်ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

Wednesday, May 17, 2023

ဩစတြီးယားအစိုးရသည် ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား ထောက်ပံ့ကူညီရန်အတွက် ယူရိုသန်း ၅၀၀ ကုန်ကျမည့် အစီအစဉ်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ခြင်း

 ဩစတြီးယားအစိုးရသည် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိခြင်းကြောင့် ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား ထောက်ပံ့ကူညီရန်အတွက် ယူရိုသန်း ၅၀၀ (အမေရိကန် ဒေါ်လာ ၅၄၂ သန်း) ကုန်ကျမည့် အစီအစဉ်တစ်ခုကို မေလ ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် ကလေးရှိသည့်မိသားစုများအတွက် ပိုမိုအကျိုးခံစားခွင့်ရရှိစေမည်ဖြစ်ပြီး အလုပ်အကိုင် မရှိသည့်မိသားစုများကိုလည်း ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ ကလေးတစ်ဦးလျှင် လစဉ် ယူရို ၆၀ ခန့် အပိုဆောင်းထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါခံစားခွင့်ကို လစဉ်ဝင်ငွေ ယူရို ၂,၀၀၀ အောက်သာရရှိသည့် တစ်ကိုယ်ရေမိခင်/ ဖခင်များလည်းရရှိမည်ဖြစ်ပါသည်။ ဩစတြီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့်မတ်လအတွင်း၌ ၉.၂ ရာခိုင်နှုန်းရှိရာမှ ဧပြီလတွင် ၉.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ဂရိသည် အထွေထွေရွေးကောက်ပွဲကို လာမည့် မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ခြင်း

 ဂရိနိုင်ငံသည် အထွေထွေရွေးကောက်ပွဲကို လာမည့် မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မေလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် ပါတီ ၃၆ ခုနှင့် ရွေးကောက်ပွဲဆိုင်ရာညွန့်ပေါင်း အဖွဲ့အချို့သည် လွှတ်တော်နေရာ ၃၀၀ အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ၎င်းတို့အနက် လက်ရှိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryakos Mitsotakis) ဦးဆောင်သော ဗဟိုလက်ယာယိမ်းဒီမိုကရေစီသစ်ပါတီ (New Democracy-ND) သည် လူထုကြိုက်နှစ်သက်မှုအများဆုံးပါတီဖြစ်ကြောင်း စစ်တမ်းအများအပြားက ဖော်ပြခဲ့ကြ ပါသည်။ ဂရိပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ နိုင်ငံအတွင်း မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း ၉.၈ သန်းကျော်ရှိပြီး နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် နေထိုင်သည့် ဂရိနိုင်ငံသား ၂၃,၀၀၀ ခန့်သည်လည်း ရွေးကောက်ပွဲအတွက် မဲပေးရန် လျှောက်ထားခဲ့ကြကြောင်း သိရှိရပါသည်။

Tuesday, May 16, 2023

ဟန်ဂေရီသည် ယူကရိန်းအတွက် EU ၏ နောက်ထပ်ပံ့ပိုးမှုအား တားမြစ်သွားမည်ဆိုခြင်း



Tvp World;May-16(Tue)

EU အနေဖြင့် ဥရောပငြိမ်းချမ်းရေးပံ့ပိုးမှုအစီအစဉ် (European Peace Facility- EPF) ခေါင်းစဉ်အောက်မှ အခြားသောနယ်ပယ်ကဏ္ဍများတွင်ရှိသည့် EU ၏ အကျိုးစီးပွား များကို မြှင့်တင်နိုင်ရန်အတွက် လုံလောက်သည့်ရန်ပုံငွေများကို ခွင့်ပြုပေးခြင်းမရှိဘဲ ယူကရိန်းအရေးတစ်ခုတည်းကိုသာ အသုံးပြုနေသည်ဟူသောအချက်ကို ဟန်ဂေရီနိုင်ငံက သဘောမတူကြောင်း အစိုးရရုံးပြောရေးဆိုခွင့်ရှိသူက မေလ ၁၆ ရက်တွင် အီတလီ မီဒီယာတစ်ခုမှ Reuters သို့ အီးမေးလ်ဖြင့် တုံ့ပြန်ပြောဆိုခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ထူထောင်ခဲ့သည့် EPF သည် EU ၏ ပဋိပက္ခများကိုတားဆီးရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့် နိုင်ငံတကာလုံခြုံရေးကိုအားကောင်းစေရေး စသည့် စွမ်းဆောင်ရည်များကိုမြှင့်တင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထူထောင်ထားခြင်းဖြစ်ပါသည်။

ဥရောပသမဂ္ဂသည် ရွှေ့ပြောင်းသွားလာမှုများကို စီမံခန့်ခွဲရန်အတွက် မွန်တီနီဂရိုးတွင် နယ်ခြားစောင့်တပ်ဖွဲ့များကို ဖြန့်ကြက်ချထားသွားမည်ဖြစ်ခြင်း

 ဥရောပသမဂ္ဂသည် ရွှေ့ပြောင်းသွားလာမှုများကို စီမံခန့်ခွဲရန်အတွက် မွန်တီနီဂရိုး နိုင်ငံတွင် ၎င်း၏နယ်ခြားစောင့်တပ်ဖွဲ့များကို ဖြန့်ကြက်ချထားသွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မေလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂ ကောင်စီသည် မွန်တီနီဂရိုးနိုင်ငံတွင် ဥရောပသမဂ္ဂနယ်ခြားနှင့် ကမ်းရိုးတန်းစောင့် အေဂျင်စီ (Frontex) အား ဖြန့်ကြက်သွားမည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်ကြောင့် Frontex နယ်စပ်စီမံခန့်ခွဲမှုအဖွဲ့များသည် မွန်တီနီဂရိုးတွင်တပ်စွဲခြင်းနှင့် ပူးပေါင်းစစ်ဆင်ရေးများ ကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဥရောပသမဂ္ဂနယ်ခြားစောင့်တပ်ဖွဲ့များသည် ရွှေ့ပြောင်းအခြေချသွားလာမှုများကို စီမံခန့်ခွဲရန်၊ တရားမဝင်လူဝင်မှုကြီးကြပ်ရေးကို နှိမ်နင်းရန်နှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီပေး နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မော်ဒိုဗာနိုင်ငံသည် CIS မှ နုတ်ထွက်ရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်သွားမည်ဆိုခြင်း

 Anadolu Agency; May-16(Tue)


မော်ဒိုဗာနိုင်ငံအနေဖြင့် လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (Commonwealth of Independent States-CIS) မှ နုတ်ထွက်ရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မေလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါ သည်။ CIS တွင် မော်ဒိုဗာနိုင်ငံ၏ ပူးပေါင်းပါဝင်မှုသည် ၎င်းနိုင်ငံမှ ခွဲထွက်ထားသည့် ထရန်နစ္စထရီးယား (Transnistrain) ‌ဒေသပဋိပက္ခဖြေရှင်းရေးအတွက် အထောက်အကူ မပြုသည့်အပြင် မော်ဒိုဗာနိုင်ငံနယ်နိမိတ်အတွင်း တပ်စွဲထားသော ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းပေးရေးအတွက်လည်း ကူညီဆောင်ရွက်ပေးမှုမရှိကြောင်း မော်ဒိုဗာလွှတ်တော် ဥက္ကဋ္ဌ အီဂေါဂရိုဆု (Igor Grosu) က ပြောကြားခဲ့ပါသည်။ CIS သည် ပြီးခဲ့သည့် ဆောင်းရာသီကာလအတွင်း မော်ဒိုဗာရင်ဆိုင်ခဲ့ရသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများနှင့် စွမ်းအင်အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အပြင် အဖွဲ့ဝင်နိုင်ငံများ ကိုလည်း စစ်ရေးတိုက်ခိုက်မှုများ၊ စစ်ပွဲများနှင့် တရားမဝင်နယ်မြေသိမ်းပိုက်မှုများမှ ကာကွယ်နိုင်မှုမရှိခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။

အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု တည်ဆောက်သွားရန် သဘောတူညီမှုများပြုလုပ်ခဲ့ခြင်း

Xinhua; May-16(Tue)

အစ္စရေးမှ ဆိုက်ပရပ်စ်သို့ သဘာဝဓာတ်ငွေ့များတင်ပို့နိုင်ရေးအတွက် ဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုတည်ဆောက်သွားရန် အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့မှ သဘောတူညီမှု များပြုလုပ်ခဲ့ကြောင်း ဆိုက်ပရပ်စ် စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဂျီအော်ဂိုစ်ပါပန်နစ်စတေဆူ (Giorgos Papanastasiou) က မေလ ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) နှင့် ဆိုက်ပရပ်စ်သမ္မတ နီကိုစ်းခရစ်တိုဒူလီဒီစ် (Nicos Christodoulides) တို့သည် ပိုက်လိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်တွင် ဂျေရုဆလင်မြို့ (Jerusalem) ၌ အတည်ပြုဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။ ယခုလက်မှတ်ရေးထိုးခြင်း သည် အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့၏ နှစ်နိုင်ငံသီးသန့်စီးပွားရေးဇုန်များ (Exclusive Economic Zones-EEZs) အား ဆက်သွယ်ပေးမည့် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး အတွက် ပထမအဆင့်ဖြစ်ပါသည်။

ပါပန်နစ်စတေဆူ အနေဖြင့် အစ္စရေးစွမ်းအင်ဝန်ကြီးနှင့် အသေးစိတ်ဆွေးနွေး မှုများပြုလုပ်သွားရန်နှင့် အပြီးသတ်သဘောတူညီမှုများပြုလုပ်သွားရန် မကြာမီကာလ အတွင်း အစ္စရေးနိုင်ငံသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အတွင်း အစ္စရေးဓာတ်ငွေ့သိုက်နှင့် ကပ်လျက် ရှိသော ဆိုက်ပရပ်စ်ဓာတ်ငွေ့သိုက်နှင့်ပတ်သက်၍ ပိုင်ဆိုင်မှုအငြင်းပွားခြင်းကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးနှင့် အစ္စရေးဓာတ်ငွေ့သိုက်မှ ဆိုက်ပရပ်စ်ရှိ အရည်ကျိုစက်ရုံသို့ ဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေးတို့အား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပါပန်နစ်စတေဆူက ပြောကြားခဲ့ပါသည်။ ဆိုက်ပရပ်စ် နိုင်ငံအနေဖြင့် ဓာတ်ငွေ့များ၏ တစ်စိတ်တစ်ပိုင်းကို သန့်စင်မှုများပြုလုပ်ကာ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်အစိတ်အပိုင်းများကို စက်ရုံမှအရည်အဖြစ်ပြောင်းလဲကာ ဥရောပသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ပါပန်နစ် စတေဆူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

ဆိုက်ပရပ်စ်သည် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ပါလက်စတိုင်းများကို ကျောထောက်နောက်ခံပြုကာ တရားဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ သို့သော် ၁၉၉၃ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်လာခဲ့ပြီး အစ္စရေးသမ္မတ အပါအဝင် နိုင်ငံတော်အကြီးအကဲများနှင့် ဆိုက်ပရပ်စ်အကြီးအကဲတို့၏ တရားဝင် ခရီးစဉ်များစွာ ပြန်လည်ပေါ်ပေါက်ခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် သံတမန် ဆက်ဆံရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး စွမ်းအင် ကဏ္ဍတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် အနီးကပ်ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အစ္စရေးနှင့် ဆိုက်ပရပ်စ်တို့သည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ကမ်းလွန် သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိခဲ့ရာ သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးတို့အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ထူထောင် ခဲ့ကြပါသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဆိုက်ပရပ်စ်သမ္မတ နီကိုစ်းခရစ်တိုဒူလီဒီစ်တို့သည် အစ္စရေးမှ ဆိုက်ပရပ်စ်သို့ သဘာဝ ဓာတ်ငွေ့တင်ပို့နိုင်ရေးအတွက် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဂျေရုဆလင်မြို့၌ ဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့ကြောင့် အစ္စရေးအနေဖြင့် နှစ်နိုင်ငံအကြားသီးသန့်စီးပွားရေးဇုန်သတ်မှတ်ကာ ဥရောပ နိုင်ငံများသို့ သဘာဝဓာတ်ငွေ့အမြောက်အမြား တင်ပို့ရောင်းချနိုင်ရန်အတွက် ပထမဆုံး လက်တွေ့ကျသော ခြေလှမ်းစတင်ခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ အစ္စရေးအနေဖြင့် ဆိုက်ပရပ်စ်နှင့် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ခြင်း သည် ဥရောပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့အမြောက်အမြား တင်ပို့ရောင်းချနိုင်မည် ဖြစ်ပြီး ၎င်းတို့အတွက် အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့အတူ ဆိုက်ပရပ်စ်နိုင်ငံအနေဖြင့်လည်း အစ္စရေးမှ တင်ပို့သောသဘာဝဓာတ်ငွေ့များကို သန့်စင်မှုများပြုလုပ်ကာ နိုင်ငံအတွက် ဈေးနှုန်းသက်သာသော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား သီးခြားစီးပွားရေးဇုန်များ ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ် လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Monday, May 15, 2023

ပိုလန်သည် ပထမအသုတ် HIMARS တာဝေးပစ်ဒုံးပစ်လောင်ချာများကို လက်ခံရရှိခဲ့ခြင်း

 ပိုလန်နိုင်ငံအနေဖြင့် ပထမအသုတ် HIMARS တာဝေးပစ်ဒုံးပစ်လောင်ချာများကို လက်ခံရရှိခဲ့ကြောင်း ပိုလန်အမျိုးသားကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) က မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက မေလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၄၁၄ သန်းတန်ဖိုးရှိ HIMARS တာဝေးပစ်တိုက်ခိုက်ရေးဒုံးပစ်လောင်ချာ ၁၈ ခုနှင့် လေ့ကျင့်ရေးဒုံးပစ်လောင်ချာ ၂ ခုကို မှာယူခဲ့ခြင်းဖြစ်ပါသည်။ HIMARS ဒုံးပစ်လောင်ချာများသည် ရုရှား-ယူကရိန်းစစ်ပွဲတွင် စွမ်းဆောင်ရည်ပြသနိုင်ခဲ့သည့် လက်နက်များဖြစ်ကြောင်း ဘလက်ဇက်က ပြောကြား ခဲ့ပါသည်။ ပိုလန်အနေဖြင့် ၎င်းစနစ်များကို ရရှိမှုကြောင့် နိုင်ငံ၏အရှေ့ဘက်နယ်စပ် နှင့် NATO အဖွဲ့၏အရှေ့ဘက်စစ်နယ်ဝန်းကို ခိုင်မာအားကောင်းလာစေမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အစ္စရေးနှင့် မွန်တီနီဂရိုးတို့သည် ယူရိုငွေ သန်း ၂၀ တန်ဖိုးရှိ လက်နက်ရောင်းချရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

အစ္စရေးနှင့် မွန်တီနီဂရိုးနိုင်ငံတို့သည် ယူရိုငွေ သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၁.၇၅ သန်း) တန်ဖိုးရှိ လက်နက်ရောင်းချရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း Xinhua သတင်းဌာနက မေလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ထို့ပြင် သဘောတူညီချက်အရ အစ္စရေးကာကွယ်ရေးကုမ္ပဏီဖြစ်သည့် Elbit Systems သည် မွန်တီနီဂရိုးနိုင်ငံအား ၁၂၀ မမ စိန်ပြောင်းလက်နက်စနစ်များ ရောင်းချ သွားမည်ဖြစ်ပြီး ၎င်းလက်နက်များအား အသုံးပြုရေးနည်းလမ်းများကို ကုမ္ပဏီ၏ လေ့ကျင့်ရေးကွင်းများ၌ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သဘောတူစာချုပ်သည် နှစ်နိုင်ငံအကြား ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် တတိယ အကြိမ်မြောက်ချုပ်ဆိုသည့်စာချုပ်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတကာကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုညွှန်ကြားရေးမှူး ယာကူလတ်စ် (Yair Kulas) ၏ ပြောကြားချက်အရ သိရှိရပါသည်။

တူကီယဲသမ္မတ အာဒိုဂန်သည် ရွေးကောက်ပွဲတွင် ထောက်ခံမဲအများဆုံးရရှိခဲ့ခြင်း

 Dailysabah; May-15(Mon)


တူကီယဲနိုင်ငံ၌ မေလ ၁၄ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan) သည် ထောက်ခံမဲ ၄၉.၃၄ ရာခိုင်နှုန်း၊ အတိုက်အခံခေါင်းဆောင် ခမဲလ် ခီလစ်ဒရိုဂူလူ (Kemal Kilicdaroglu) သည် ၄၄.၉၉ ရာခိုင်နှုန်းနှင့် ကိုယ်စားလှယ် လောင်း ဆင်နန်အိုဂန် (Sinan Ogan) သည် ၅.၂၈ ရာခိုင်နှုန်းအသီးသီးရရှိခဲ့ပါသည်။ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲအတွင်း ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းရရှိမှသာ အစိုးရဖွဲ့နိုင်မည်ဖြစ်သောကြောင့် ထောက်ခံမဲအများဆုံးရရှိသည့် သမ္မတ အာဒိုဂန်နှင့် အတိုက်အခံခေါင်းဆောင် ခမဲလ်ခီလစ်ဒရိုဂူလူတို့သည် လက်ရှိ ထုတ်ပြန်ထားသည့် ရလဒ်များအရ ဒုတိယအကျော့ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင် သွားရဖွယ်ရှိပါသည်။

အယ်လ်ဘေးနီးယားနိုင်ငံအတွင်း ရွေးကောက်ပွဲများကျင်းပလျက်ရှိစဉ် ဂရိနှင့် ၎င်းနိုင်ငံအကြား သံတမန်ရေးဆိုင်ရာတင်းမာမှုတစ်ခုဖြစ်ပွားခဲ့ခြင်း

 အယ်လ်ဘေးနီးယားနိုင်ငံအတွင်း ရွေးကောက်ပွဲများကျင်းပလျက်ရှိစဉ် ဂရိနှင့် ၎င်းနိုင်ငံအကြား သံတမန်ရေးဆိုင်ရာတင်းမာမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဂရိဝန်ကြီးချုပ် ကရီယာကော့စ် မစ်ဆိုတားကစ် (Kyriakos Mitsotakis) က အယ်လ်ဘေးနီးယားနိုင်ငံ၏ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဉ်များအပေါ် အနှောင့်အယှက်ပေးမည်ဟု ခြိမ်းခြောက်ပြောကြား ခဲ့ကြောင်း Euractiv သတင်းဌာနက မေလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အယ်လ်ဘေးနီးယား ရွေးကောက်ပွဲအတွင်း မြို့တော်ဝန်နေရာအတွက် ယှဉ်ပြိုင်မည့် ဂရိနိုင်ငံသား ဖရက်ဒီ ဘယ်လာရီ (Fredi Beleri) သည် မဲဝယ်သည်ဟူသော စွပ်စွဲချက်ဖြင့် မေလ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုများနှင့် စွဲချက်တင်ခံရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီးနောက် ၎င်းတို့အကြား သံတမန်ဆက်ဆံရေး တင်းမာခဲ့ခြင်းဖြစ်ပါသည်။ အယ်လ်ဘေးနီးယား အာဏာပိုင်များ၏ အဆိုပါအပြုအမူများသည် ဥရောပသမဂ္ဂ စည်းလုံးညီညွတ်မှုကို ထိခိုက်စေကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါက နှစ်နိုင်ငံ ဆက်ဆံရေးသာမက အယ်လ်ဘေးနီးယား၏ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းချက် များကိုပါ ထိခိုက်စေလိမ့်မည်ဟု မစ်ဆိုတားကစ်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sunday, May 14, 2023

လက်ရှိပြုလုပ်လျက်ရှိသော တူကီယဲနိုင်ငံ၏ ရွေးကောက်ပွဲသည် သမ္မတ အာဒိုဂန်၏ အာဏာလွှမ်းမိုးမှုကို အဆုံးသတ်နိုင်ဖွယ်ရှိခြင်း

 ANI News;May-14(Sun)


တူကီယဲနိုင်ငံအနေဖြင့် သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများအား မေလ ၁၄ ရက်တွင် စတင်ပြုလုပ်လျက်ရှိကြောင်း ANI News သတင်းဌာနက ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲသည် မကြုံစဖူးစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသော သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ ဆယ်စုနှစ် ၂ ခုကြာ အာဏာလွှမ်းမိုးမှုကို အဆုံးသတ်နိုင်ဖွယ်ရှိကြောင်း CNN သတင်းဌာနက ဖော်ပြထား ပါသည်။ သမ္မတ အာဒိုဂန်အနေဖြင့် ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (Republican People’s Party-CHP) နှင့် ခြောက်ပါတီအမျိုးသားမိတ်ဖက်အဖွဲ့ (Six-party Nation Alliance Bloc) ၏ အဓိကအတိုက်အခံကိုယ်စားလှယ်လောင်းဖြစ်သူ ခမ်မဲလ်ခီလီဒါအိုဂလူ (Kemal Kilicdaroglu) နှင့်နှိုင်းယှဉ်ပါက လူထုထောက်ခံအားပေးမှုလျော့ကျလျက်ရှိ ကြောင်း တူကီယဲနိုင်ငံတွင်း လူထုသဘောထားစစ်တမ်းများက ဖော်ပြလျက်ရှိပါသည်။

လက်ရှိပြုလုပ်လျက်ရှိသော တူကီယဲနိုင်ငံ၏ ရွေးကောက်ပွဲများသည် သမ္မတ အာဒိုဂန် အစိုးရလက်ထက် ဒီမိုကရေစီစနစ်ဆုတ်ယုတ်မှုများအပါအဝင် နိုင်ငံ၏ စီးပွားရေးထိခိုက်ကျဆင်းမှုများ ဆိုးရွားစွာဖြစ်ပေါ်နေစဉ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟုလည်း CNN သတင်းဌာနက ဖော်ပြထားပါသည်။ ထို့ကြောင့် လွန်ခဲ့သည့် ၃ လခန့် အတွင်းက သဘာဝဘေးအန္တရာယ်ငလျင်ဒဏ်ခံစားခဲ့ရသော တူကီယဲနိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တူကီယဲနိုင်ငံ၏ ဒီမိုကရေစီစနစ်ခိုင်မာအားကောင်းရေး အတွက် မဲပေးရွေးချယ်မှုများပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း ၎င်းသတင်းဌာနက ရေးသား ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်အနေဖြင့် မေလ ၁၃ ရက်က အစ္စတန်ဘူလ် (Istanbul) မြို့၌ နောက်ဆုံးအကြိမ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကိုပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနား၌ အတိုက်အခံများမှ ၎င်းဦးဆောင်သောအစိုးရအား ဖြုတ်ချနိုင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း စွပ်စွဲပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

တူကီယဲနိုင်ငံ၌ မေလ ၁၄ ရက်တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲ များကျင်းပရန်စီစဉ်ထားခြင်း

 တူကီယဲနိုင်ငံ၌ မေလ ၁၄ ရက်တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲ များကျင်းပရန်စီစဉ်ထားပြီး လက်ရှိသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အနေဖြင့် နောက်ထပ်သမ္မတသက်တမ်းတွင် ဆက်လက်ရပ်တည်ရေးအတွက် စိန်ခေါ်မှု များနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း NHK သတင်းဌာနက မေလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရွေးကောက်ပွဲတွင် အဓိကအတိုက်အခံပါတီခေါင်းဆောင် ခီမယ်လ်ကီရလစ်ဒါရိုဂလူ (Kemal Kilicdaroglu) နှင့် အာဒိုဂန်တို့အကြား ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအဖြစ် မြင်တွေ့ လာရနိုင်ဖွယ်ရှိပါသည်။ အာဒိုဂန်သည် နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် သမ္မတရာထူးများဖြင့် နှစ် ၂၀ ခန့်တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများရှိသူဖြစ်ပါသည်။ ၎င်း၏ အဓိက ပြိုင်ဘက် ခီမဲလ်အနေဖြင့် အာဒိုဂန်ဦးဆောင်သည့် အစိုးရလက်ထက်တွင် နိုင်ငံ၏ ငွေကြေး တန်ဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကို အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ ကြိုတင်စစ်တမ်းကောက်ယူမှုများအရ ရလဒ်အပြတ်အသတ် ထွက်ပေါ်နိုင်မည့်အခြေအနေမရှိကြောင်းနှင့် မဲအရေအတွက်တိုက်ဆိုင်နေမည်ဆိုပါက မေလ ၂၈ ရက်တွင် ဒုတိယအကြိမ်မဲပေးမှု ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Friday, May 12, 2023

ဩစတြီးယားစစ်လက်နက်ဝယ်ယူရေးအဖွဲ့သည် ထောက်ပံ့ပို့ဆောင်ရေးယာဉ် ၁,၃၅၇ စီးအား ဝယ်ယူရန် Rheinmetall စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်း

 ဩစတြီးယားစစ်ဘက်၏ စစ်လက်နက်ဝယ်ယူရေးအဖွဲ့အစည်းသည် ထောက်ပံ့ ပို့ဆောင်ရေးယာဉ် ၁,၃၅၇ စီးအား ယူရို ၅၂၅ သန်း (အမေရိကန်ဒေါ်လာ ၅၇၄ သန်း) ဖြင့် ဝယ်ယူရန် Rheinmetall စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ ကြောင်း The Defense Post သတင်းဌာနက မေလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဩစတြီးယားနိုင်ငံအနေဖြင့် အဆိုပါမော်တော်ယာဉ်များကို ၇ နှစ်အတွင်း လက်ခံရရှိ မည်ဖြစ်ပြီး AW169 အမျိုးအစား အင်ဂျင်နှစ်လုံးတပ် ရဟတ်ယာဉ် ၃၆ စီးကိုလည်း ယူရို ၈၇၃ သန်း (အမေရိကန်ဒေါ်လာ ၉၅၄ သန်း) ဖြင့် ဝယ်ယူသွားမည်ဖြစ်ပါသည်။ ထို့ပြင် ဩစတြီးယားစစ်ဘက်၏ ပြီးပြည့်စုံသော ခေတ်မီတပ်မတော်တည်ဆောက်ရေး အစီအစဉ်အရ သံချပ်ကာယာဉ် ၁၇၀ စီးကို အဆင့်မြှင့်တင်ရန်အတွက် ယူရိုသန်း ၅၆၀ (အမေရိကန်ဒေါ်လာ ၆၁၁.၇ သန်း) အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပိုလန်နိုင်ငံသည် တင့်ကား ၃၂၅ စီးနှင့် MiG-29 တိုက်လေယာဉ် ၁၄ စီးအား ယူကရိန်းနိုင်ငံသို့ပေးပို့ခဲ့ခြင်း

 ပိုလန်နိုင်ငံသည် တင့်ကား ၃၂၅ စီးနှင့် MiG-29 တိုက်လေယာဉ် ၁၄ စီးအား ယူကရိန်းနိုင်ငံသို့ပေးပို့ခဲ့သည်ဟု ဥရောပသမဂ္ဂဆိုင်ရာ ပိုလန်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်က ၎င်း၏တွစ်တာစာမျက်နှာတွင် ဖော်ပြခဲ့ကြောင်း NV သတင်းဌာနက မေလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းနိုင်ငံသို့ပေးပို့ခဲ့သည့် တင့်ကားစုစုပေါင်း ၅၇၅ စီးအနက် ပိုလန်နိုင်ငံက ၃၂၅ စီးဖြင့် အများဆုံးပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းနောက်တွင် နယ်သာလန် နိုင်ငံက ၈၅ စီး၊ ဂျာမနီနိုင်ငံက ၈၀ စီးနှင့် အမေရိကန်နိုင်ငံက ၇၆ စီးတို့ကို အသီးသီး ပေးပို့ခဲ့ကြောင်း ၎င်းက ဆက်လက်ဖော်ပြခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနိုင်ငံသည် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရုရှားတပ်ဖွဲ့များကို တန်ပြန်ထိုးစစ်ဆင်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်များကို မဟာမိတ်နိုင်ငံများထံမှ လက်ခံရရှိပြီးဖြစ်ကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

လတ်ဗီးယားသည် ယခုလနှောင်းပိုင်းတွင် သမ္မတရွေးကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိခြင်း

 လတ်ဗီးယားနိုင်ငံသည် ယခုလနှောင်းပိုင်းတွင် သမ္မတရွေးကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိရာ အဆိုပါရွေးကောက်ပွဲ၌ လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီး အက်ဂါစ် ရန့်ကဲဗစ် (Edgars Rinkevics) က သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မေလ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု AP သတင်းဌာနက မေလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်း၏အတွေ့အကြုံများနှင့် ကျွမ်းကျင်လိမ္မာမှုများ သည် လတ်ဗီးယားသမ္မတရုံးအား ပိုမိုခိုင်မာအားကောင်းစေမည့်အပြင် လတ်ဗီးယား အသိုက်အဝန်းကိုလည်း ပိုမိုစည်းလုံးညီညွတ်စေမည်ဖြစ်ကြောင်း ရန့်ကဲဗစ်က ပြောကြား ခဲ့ပါသည်။ လက်ရှိသမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ အီဂဲလ်လီဗစ် (Edgars Rinkevics) က ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသွားမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ရန့်ကဲဗစ်၏ အထက်ပါပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, May 9, 2023

ဩစတြီးယားအမျိုးသားကောင်စီဥက္ကဋ္သသည် ဆွေးနွေးပွဲများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်သွားရန် ဆားဘီးယားနိုင်ငံနှင့် ကိုဆိုဗိုအား တိုက်တွန်းခဲ့ခြင်း

 ဩစတြီးယားအမျိုးသားကောင်စီဥက္ကဋ္ဌ ဝုလ်ဂန်ဆိုဘော့ကာ (Wolfgang Sobotka) သည် ပုံမှန်ဆက်ဆံရေးတည်ဆောက်မှု ရည်မှန်းချက်များကို လက်ကိုင် ထား၍ ဆွေးနွေးပွဲများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်သွားရန် ဆားဘီးယားနိုင်ငံနှင့် ကိုဆိုဗိုအား မေလ ၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက မေလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆိုဘော့ကာ အနေဖြင့် ကိုဆိုဗိုသို့ တရားဝင်ခရီးစဉ်တစ်ရပ်သွားရောက်လျက်ရှိစဉ် ပရစ်စ်တီနာ မြို့တော် (Pristina) ၌ ကိုဆိုဗိုပါလီမန် ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆိုဘော့ကာသည် အဆိုပါခရီးစဉ်အတွင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) နှင့် တွေ့ဆုံသွားရန် စီစဉ်ထား ရှိပြီး ၎င်းနောက်တွင် ဆားဘီးယားနိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားကြောင်း သိရှိရ ပါသည်။ဂရိအတိုက်အခံပါတီများသည် နိုင်ငံခြားရေးမူဝါဒနှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာ မူဝါဒများအပေါ် ဂရိအစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မေလ ၁၀ ရက်တွင် ပြစ်တင် ဝေဖန်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက မေလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ စစ်လက်နက်ပစ္စည်းဆိုင်ရာကိစ္စရပ်များအတွက် လက်ရှိ ဂရိအစိုးရလက်ထက်တွင် ယူရိုငွေ ၁၅ ဘီလီယံဝန်းကျင် အသုံးပြုခဲ့သော်လည်း ပြည်တွင်းကာကွယ်ရေးကဏ္ဍအပေါ် အထောက်အကူမဖြစ်ခဲ့ကြောင်း အတိုက်အခံပါတီကြီး ၆ ခုမှအကြီးအကဲများ ပြုလုပ်ခဲ့သော စစ်ရေးစွမ်းဆောင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲအတွင်း အဓိကအတိုက်အခံ SYRIZA ပါတီ ခေါင်းဆောင် အဲလက်ဇစ်စီပရပ်စ် (Alexis Tsipras) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆားဘီးယား၌ ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများက အစိုးရအားဆန္ဒပြခဲ့ခြင်း

Anadolu Agency; May-9 (Tue)


ဆားဘီးယားနိုင်ငံ၏ မြို့တော် ဘဲလ်ဂရိတ် (Belgrade) ၌ ၄၈ နာရီအတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၇ ဦးထက်မနည်းသေဆုံးခဲ့ပြီးနောက် ထောင်နှင့် ချီသော ပြည်သူများသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ရပ်ကို မေလ ၈ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ အတိုက်အခံပါတီများ၏ ဦးဆောင်မှုဖြင့် ဆန္ဒပြသူများသည် နိုဗီဆက်ဒ် (Novi Sad) နှင့် နစ် (Nis) မြို့များ၌ စုဝေးခဲ့ကြပါသည်။ ထို့နောက် ၎င်းတို့သည် မီဒီယာနှင့် အများပြည်သူဆိုင်ရာနေရာများ၌ အကြမ်းဖက်မှုများအား ချက်ချင်းအဆုံးသတ် ပေးရန်တောင်းဆိုခဲ့ပြီး ပညာရေးဝန်ကြီး ဘရန်ကိုရူဇစ် (Branko Ruzic)၊ ပြည်ထဲရေး ဝန်ကြီး ဘရားတစ်ဆလစ်ဗ်ဂက်စစ် (Bratislav Gasic) နှင့် လုံခြုံရေးနှင့် ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး အလက်ဇန်းဒါးဗူလင် (Aleksandar Vulin) တို့အား ရာထူးမှ ထုတ်ပယ်ပေးရန်လည်း တောင်းဆိုခဲ့ပါသည်။

Monday, May 8, 2023

F-35 တိုက်လေယာဉ်ထုတ်လုပ်ရေး အစီအစဉ်၌ ပြန်လည်လက်ခံပေးသွားရန် အမေရိကန်နှင့် ဆွေးနွေးမှုများမပြုလုပ်လိုကြောင် တူကီယဲနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ခြင်း

 တူကီယဲနိုင်ငံအား F-35 ပဉ္စမမြောက်မျိုးဆက်သစ်တိုက်လေယာဉ်များ ထုတ်လုပ်ရေး အစီအစဉ်၌ ပြန်လည်လက်ခံပေးသွားရန် အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများပြုလုပ်လိုခြင်း မရှိကြောင်း၊ သို့သော် ၎င်းအစီအစဉ်နှင့်ပတ်သက်၍ တူကီယဲနိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများအား ပြန်လည်ရရှိလိုကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Melvet Cavusoglu) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက မေလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်နိုင်ပြီဖြစ်သောကြောင့် အဆိုပါအစီအစဉ်တွင် ၎င်းတို့နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများအား ပြန်လည်ရရှိရေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားထားပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား ဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံက F-35 ပဥ္စမမြောက်မျိုးဆက်သစ်တိုက်လေယာဉ်များ ထုတ်လုပ်ရေး အစီအစဉ်တွင် တူကီယဲနိုင်ငံ၏ပါဝင်မှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲ နိုင်ငံခြားရေးဝန်ကြီးသည် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမည်ဖြစ်ခြင်း

 နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်လာစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် တူကီယဲ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ယခု သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း Jpost သတင်းဝဘ်ဆိုက်က မေလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံသည် တူကီယဲ-ဆီးရီးယားနယ်စပ်အနီးရှိ ကာ့ဒ်တပ်ဖွဲ့များအား တိုက်ခိုက်နှိမ်နင်းရေးနှင့် ဆီးရီးယားဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါ သည်။ ဆီးရီးယားဒုက္ခသည် ၄ သန်းနီးပါးအား တူကီယဲနိုင်ငံ၌ လက်ခံထားရခြင်း သည် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အပေါ် မကျေနပ်စရာပြည်တွင်းရေး ဖိအားတစ်ရပ်အဖြစ်ရှိနေသကဲ့သို့ မေလ ၁၄ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက်လည်း ပိုမိုခက်ခဲစေမည်ဖြစ်ပါသည်။ တူကီယဲ နိုင်ငံခြားရေးဝန်ကြီးသည် မေလ ၁၀ ရက်တွင် ရုရှားနိုင်ငံ၊ မြို့တော် မော်စကို၌ ဆီးရီးယား၊ ရုရှားနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံမည်ဖြစ်ကြောင်း မေလ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Sunday, May 7, 2023

ဆလိုဗက်ကီးယားကြားဖြတ်ဝန်ကြီးချုပ်သည် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်း

 ဆလိုဗက်ကီးယားနိုင်ငံ၏ ကြားဖြတ်ဝန်ကြီးချုပ် အက်ဒါ့ဟီဂါ (Eduard Heger) သည် မေလ ၇ ရက်တွင် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု Xinhua သတင်း ဌာနက မေလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆလိုဗက်ကီးယားသမ္မတ ဇူဇာနာကတ်ပူတိုဗာ (Zuzana Caputova) က ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ လူဒိုဗစ်အိုဒေါ (Ludovit Odor) အား ကြားဖြတ်အစိုးရအဖွဲ့၏ အကြီးအကဲအဖြစ်ခန့်အပ်ခဲ့ကြောင်းနှင့် လူဒိုဗစ်အိုဒေါအနေဖြင့် မေလ ၁၅ ရက်နောက်ပိုင်းတွင် ကြားဖြတ်အစိုးရသစ်အဖွဲ့အား ဖွဲ့စည်းသွားမည်ဖြစ် ကြောင်းလည်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ ဆလိုဗက်ကီးယားနိုင်ငံ၏ လက်ရှိကြားဖြတ်အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးနှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီးတို့ ရာထူးမှနုတ်ထွက်ပြီးမကြာမီ အက်ဒါ့ဟီဂါက ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

ရုရှားနိုင်ငံထုတ်လေကြောင်းရန်ကာကွယ်ရေးစနစ်များအား ယူကရိန်းသို့ပေးပို့ရန် အမေရိကန်၏ အဆိုပြုချက်ကို တူကီယဲနိုင်ငံက ငြင်းပယ်ခဲ့ခြင်း

Xinhua; May-7(Sun)


ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များအား ယူကရိန်း နိုင်ငံသို့ပေးပို့ရန် အမေရိကန်၏ အဆိုပြုချက်ကို တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Mevlut Cavusoglu) က မေလ ၇ ရက်တွင် ငြင်းပယ်ခဲ့ပါသည်။ တူကီယဲ အနေဖြင့် S-400 စနစ်ထိန်းချုပ်မှုကို အမေရိကန်၊ သို့မဟုတ် အခြားနိုင်ငံသို့ လွှဲပြောင်း ပေးသင့်သည်ဟု အမေရိကန်နိုင်ငံက အကြံပြုခဲ့ခြင်းကြောင့် ကာဗူဆိုဂလူက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအဆိုပြုချက်များသည် တူကီယဲ၏ အချုပ်အခြာ အာဏာနှင့် တိုက်ရိုက်သက်ဆိုင်သောကြောင့် လက်ခံနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောကြား ခဲ့ပါသည်။

တူကီယဲနှင့် ရုရှားနိုင်ငံတို့အကြား S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်နှင့် တူကီယဲနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက်ခဲ့ပြီး S-400 စနစ်သည် NATO အဖွဲ့ရှိ လက်နက်စနစ်နှင့် သဟဇာတမရှိ ကြောင်းနှင့် ၎င်းစနစ်သည် ရုရှားသို့ NATO အဖွဲ့၏ လျှို့ဝှက်စစ်ရေးအချက်အလက် များကို ထုတ်ဖော်ပေးနိုင်သည်ဟု အမေရိကန်က အခိုင်အမာပြောကြားခဲ့ပါသည်။ တူကီယဲနှင့် ရုရှားနိုင်ငံတို့သည် S-400 သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ကြောင့် အမေရိကန်နှင့် တူကီယဲတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။ နောက်ပိုင်းတွင် အမေရိကန်သည် တူကီယဲနိုင်ငံသို့ F-35 တိုက်လေယာဉ်များပေးပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ရုရှားလုပ်လက်နက်စနစ်ဝယ်ယူမှုအတွက် တူကီယဲနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

Anakonda-23 စစ်ရေးလေ့ကျင့်ခန်း၌ ပိုလန် တပ်ဖွဲ့ဝင် ၁၃,၀၀၀ ဦးခန့်ပါဝင်ဆောင်ရွက်လျက်ရှိခြင်း

 ပိုလန်နိုင်ငံအရှေ့တောင်ပိုင်းတွင် မေလ ၆ ရက်မှစတင်၍ ပိုလန်နှင့် NATO မဟာမိတ်များအကြားပြုလုပ်လျက်ရှိသော Anakonda-23 စစ်ရေးလေ့ကျင့်ခန်း၌ ပိုလန် တပ်ဖွဲ့ဝင် ၁၃,၀၀၀ ဦးခန့်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း Kyiv Independent သတင်း ဌာနက မေလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၊ ရိုမေးနီးယား၊ ဆလိုဗေးနီးယား၊ ဆွီဒင်၊ ပြင်သစ်၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ အက်စတိုးနီးယားနှင့် တူကီယဲနိုင်ငံတို့မှ တပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်လျက်ရှိပြီး နော်ဝေနိုင်ငံ၏ NSM သင်္ဘောဖျက်ဒုံးကျည်များ အပါအဝင် M1A1 ပင်မတိုက်ပွဲဝင် တင့်များ၊ Krab နှင့် K9 ယာဉ်တင်ဟောင်ဝစ်ဇာများကို ထည့်သွင်းလေ့ကျင့်သွားမည်ဖြစ် ပါသည်။ ဘောလ်တစ်ဒေသကာကွယ်ရေးအတွက် သုံးနှစ်လျှင်တစ်ကြိမ် ပြုလုပ်လျက်ရှိ သည့် Anakonda-23 စစ်ရေးလေ့ကျင့်ခန်းကို မေလ ၂၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂနယ်စပ်ဒေသနှင့်ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီမှ ကင်းလှည့်ပျံသန်းနေသည့် ပိုလန် လေယာဉ်ကို ရုရှားတိုက်လေယာဉ်က ကြားဖြတ် ဟန့်တားမှုပြုလုပ်ခဲ့ခြင်း

 ဥရောပသမဂ္ဂ၏ နယ်စပ်ဒေသနှင့်ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ (European Border and Coast Guard Agency-Frontex) မှ ကင်းလှည့်ပျံသန်းနေသည့် ပိုလန် လေယာဉ်တစ်စီးကို ရုရှားတိုက်လေယာဉ်တစ်စီးက ပင်လယ်နက်ဝေဟင်တွင် ကြားဖြတ် ဟန့်တားမှုပြုလုပ်ခဲ့ကြောင်း Al Arabiya သတင်းဌာနက မေလ ၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ပိုလန်နှင့် ရိုမေးနီးယားနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့သည် Frontex ၏ ပုံမှန် ကင်းလှည့်ပျံသန်းမှုလုပ်ဆောင်နေစဉ် မေလ ၅ ရက်၌ ရိုမေးနီးယားနိုင်ငံအရှေ့ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ နိုင်ငံတကာလေပိုင်နက်အတွင်း ရုရှား၏ SU-35 တိုက်လေယာဉ်၏ ကြားဖြတ်ဟန့်တားမှုကို အကြိမ်ကြိမ်ခံခဲ့ရကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် NATO အဖွဲ့အနေဖြင့် ရိုမေးနီးယားနှင့် စပိန်လေတပ်တို့ကို တပ်လှန့်မှုများပြုလုပ်ခဲ့ရကြောင်း သိရှိရပါသည်။

တူကီယဲ စစ်ဘက်၏ တည်ရှိမှုနှင့်စစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ထိန်းသိမ်းလုပ်ဆောင် သွားရမည်ဖြစ်ခြင်း

 တူကီယဲနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် ခြိမ်းခြောက်လျက်ရှိသော PKK အကြမ်းဖက်အဖွဲ့အပါအဝင် YPG အဖွဲ့တို့အား အပြီးတိုင် သုတ်သင်ရှင်းလင်းမှုများ မပြုလုပ်ရသေးသည့်တိုင်အောင် ဆီးရီးယားနိုင်ငံအတွင်း တူကီယဲ စစ်ဘက်၏ တည်ရှိမှုနှင့်စစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ထိန်းသိမ်းလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံအခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုတေသနဖောင်ဒေးရှင်းက ရေးသားဖော်ပြထားကြောင်း Yenisafak သတင်းဌာနက မေလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ၎င်းဖောင်းဒေးရှင်းက ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်အုပ်စုများ၏ အမြစ်တွယ်ကြီးထွားလာမှုများ၊ ၂၀၁၁ ခုနှစ် လူထုဆူပူအုံကြွမှု၊ အကြမ်းဖက်အုပ်စုများအပေါ် တူကီယဲစစ်ဘက်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ အကြမ်းဖက် အဖွဲ့များမှ ဆီးရီးယားနိုင်ငံ၏နယ်မြေဧရိယာစတုရန်း ကီလိုမီတာ ၅၀,၀၀၀ ခန့်အထိ ထိန်းချုပ်ထားနိုင်မှုနှင့်ပတ်သက်သည့်ကိစ္စရပ်များအား ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါ သည်။

Saturday, May 6, 2023

ကိုဆိုဗိုစစ်ဘက်သည် တူကီယဲနိုင်ငံထုတ် Bayraktar TB2 အမျိုးအစား တိုက်ခိုက်ရေးဒရုန်းများ လက်ခံရရှိခဲ့ခြင်း

Anadolu Agency; May-6(Sat)


ကိုဆိုဗိုစစ်ဘက်အနေဖြင့် တူကီယဲနိုင်ငံထုတ် Bayraktar TB2 အမျိုးအစား ဒရုန်း ၅ စင်း လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မေလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ Bayraktar TB2 အမျိုးအစား ဒရုန်းများသည် မြေပြင်မှ ထိန်းချုပ်သည့် စွမ်းဆောင်ရည်မြင့် တိုက်ခိုက်ရေးဒရုန်းများဖြစ်ကြပါသည်။ ဒရုန်း ထုတ်လုပ်သည့်ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ၇ လအကြာမှသာ ဒရုန်းများကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကိုဆိုဗိုစစ်ဘက် အနေဖြင့် Defender Europe 23 ဟု အမည်ပေးထားသည့် အကြီးဆုံးနိုင်ငံတကာ စစ်ရေးလေ့ကျင့်ခန်းစတင်ပြုလုပ်နေချိန်တွင် ၎င်းဒရုန်းများကိုရရှိခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်ဦးဆောင်သည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ကိုဆိုဗိုက အိမ်ရှင် အဖြစ် ဒုတိယအကြိမ်မြောက်လက်ခံပြုလုပ်ခြင်းဖြစ်ပြီး ကိုဆိုဗိုတပ်ဖွဲ့ဝင် ၁,၁၀၀ ကျော် ပါဝင်လေ့ကျင့်သွားမည်ဖြစ်ပါသည်။ ယူကရိန်း၊ ကာတာ၊ အဇာဘိုင်ဂျန်နှင့် ပိုလန်နိုင်ငံများ သည် တူကီယဲနိုင်ငံထုတ်တိုက်ခိုက်ရေးဒရုန်းများကို ဝယ်ယူထားကြပြီး အယ်လ်ဘေးနီးယား နှင့် ဆားဘီးယားတို့ကလည်း ဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြောကြားထားပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ Bayraktar TB2 နှင့် Bayraktar Akinci အမျိုးအစား တိုက်ခိုက်ရေးဒရုန်းတို့သည် ဥရောပတစ်ခွင်၌ ဝယ်ယူမှုမြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။

အမေရိကန်သည် ပိုလန်အား AH-64 Apache အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၈ စီးကို ထောက်ပံ့ပေးမည်ဖြစ်ခြင်း

 အမေရိကန်နိုင်ငံသည် ပိုလန်နိုင်ငံအား AH-64 Apache အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၈ စီးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေး ဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက မေလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘလက်ဇက်သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်စစ်ဘက်သည် ပိုလန်နိုင်ငံ၏ ရဟတ်ယာဉ် ၉၆ စီးဝယ်ယူမှုအတွက် စာချုပ်မချုပ်ဆိုမီကာလ၌ အဆိုပါ AH-64 Apache အမျိုးအစား ရဟတ်ယာဉ်များကို ထောက်ပံ့ပေးသွားရန် ဆောင်ရွက်လျက် ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲ၊ ရုရှား၊ အီရန်နှင့် ဆီးရီးယား လေးနိုင်ငံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဆိုခြင်း

 တူကီယဲ၊ ရုရှား၊ အီရန်နှင့် ဆီးရီးယားနိုင်ငံများအနေဖြင့် လေးနိုင်ငံဆွေးနွေးပွဲကို မေလ ၁၀ ရက်တွင် ပြုလုပ်သွားရန် ရုရှားနိုင်ငံက အတည်ပြုခဲ့ကြောင်း တူကီယဲ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့ သည်ဟု Anadolu Agency သတင်းဌာနက မေလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲ၊ ရုရှားနှင့် ဆီးရီးယားနိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများနှင့် ထောက်လှမ်းရေး အကြီးအကဲများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ရုရှားနိုင်ငံ၊ မြို့တော် မော်စကို (Moscow) ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဆီးရီးယားနှင့် ဒေသတွင်းတည်ငြိမ်ရေး အတွက် သုံးပွင့်ဆိုင်ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူညီမှုများရရှိခဲ့ပါသည်။ ၎င်းနောက် ပြုလုပ်သောဆွေးနွေးပွဲများ၌ အီရန်နိုင်ငံ၏ပါဝင်လာမှုကို အားပေးထောက်ခံကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Friday, May 5, 2023

ပိုလန်ကာကွယ်ရေးဝန်ကြီးသည် အမေရိကန်နိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်သွားရောက်လျက်ရှိခြင်း

 ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) သည် အမေရိကန်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်လျက်ရှိသည့် ခရီးစဉ်အတွင်း လျင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်သော ယာဉ်တင်ဒုံးလက်နက်စနစ် (High Mobility Artillery Rocket System-HIMARS) များထုတ်လုပ်ရာ အာကင်ဆာ (Arkansas) ပြည်နယ်၊ ကမ်ဒန် (Camden) မြို့ရှိ လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီသို့ သွားရောက် ခဲ့ကြောင်း Tvpworld သတင်းဌာနက မေလ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘလက်ဇက် အနေဖြင့် အဆိုပါခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့်တွေ့ဆုံ၍ အစည်းအဝေးတစ်ရပ်ကျင်းပကာ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် ပိုလန် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံအား အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံနှင့် ထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် ကောင်းမွန်သော အခြေခံအုတ်မြစ် တစ်ခုသဖွယ် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။

Thursday, May 4, 2023

ပိုလန်အစိုးရသည် ရုရှား၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖျက်ဆီး နိုင်ဖွယ်ရှိမှုအပေါ် ပြန်လည်တုံ့ပြန်ရန် ဥပဒေမူကြမ်းတစ်ရပ်အား အတည်ပြုခဲ့ခြင်း

Reuters; May-4(Thu)


ရုရှားနိုင်ငံသည် ဘောလ်တစ်ပင်လယ်ရေအောက်ရှိ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနိုင်ဖွယ်ရှိမှုအပေါ် NATO အဖွဲ့က သတိပေးပြောကြားခဲ့ပြီးနောက် ပိုလန်အစိုးရသည် ဘောလ်တစ်ပင်လယ်မှတစ်ဆင့် နော်ဝေနိုင်ငံမှ အဓိကဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းထားမှုကို ပစ်မှတ်ထားနေသည့် ရန်သူ့သင်္ဘော ၁ စီးအား နစ်မြုပ်ပစ်ရန်အတွက် ၎င်း၏စစ်ဘက်အား တိုက်ခိုက်ခွင့် ပြုသည့် ဥပဒေမူကြမ်းအား အတည်ပြုခဲ့ပြီးဖြစ်သည်ဟု မေလ ၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထူးခြားသောအခြေအနေ များနှင့် အခြားရွေးချယ်စရာမရှိချိန်တွင် ပိုလန်အစိုးရသည် ရန်သူ၏သင်္ဘော၊ သို့မဟုတ် လေသင်္ဘောအား ပျက်ကျနစ်မြုပ်စေခြင်းဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကို ဟန့်တားရန် ပိုလန်စစ်ဘက်အား ယခုကဲ့သို့ တိုက်ခိုက်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံ၏ အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်နက်ခဲယမ်းများ အဓိကပေးပို့ပေးလျက်ရှိပါသည်။ ထို့ပြင် ပိုလန်အစိုးရအနေဖြင့် ရုရှားနိုင်ငံ၏ ၎င်းတို့နိုင်ငံအပေါ် သူလျှိုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပုံမှန်တွေ့ရှိခဲ့ရ ကြောင်း ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ရုရှားနိုင်ငံမှ ဓာတ်ငွေ့မှီခိုနေရမှုအပေါ် ဖြတ်တောက်ခဲ့ပြီး LNG ဓာတ်ငွေ့အရည်တင်ပို့မှုနှင့် ဓာတ်ငွေ့ပိုက်လိုင်းအမှီသဟဲပြုမှုကို နော်ဝေနိုင်ငံမှ ဆက်လက်အထောက်အပံ့ရယူခဲ့ပါသည်။ ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား ကျောထောက်နောက်ခံပေးနေသော အနောက် အုပ်စုနိုင်ငံများအား ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ပင်လယ်ရေအောက် ကေဘယ်ကြိုး များအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနိုင်ဖွယ်ရှိကြောင်း မေလ ၄ ရက်တွင် NATO အဖွဲ့၏ ထောက်လှမ်းရေးအကြီးအကဲတစ်ဦးက သတိပေးပြောကြားခဲ့ကြောင်း သတင်းအရင်းအမြစ် များ၏ ဖော်ပြချက်အရ သိရှိရပါသည်။

Wednesday, May 3, 2023

အီရန်နိုင်ငံက ဂရိရေနံတင်သင်္ဘောများကို မသိမ်းပိုက်မီ ရက်ပိုင်းအလိုတွင် ဂရိအာဏာပိုင်များက သင်္ဘောပိုင်ရှင်များထံ သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း

Middleeastmonitor; May-3(Wed)


ဒေသတွင်းတင်းမာမှုများမြင့်တက်နေစဉ် ဂရိနိုင်ငံပိုင်ရေနံတင် သင်္ဘော ၂ စီးအား အီရန်နိုင်ငံမှ ဖမ်းဆီးမှုမပြုလုပ်မီတွင် ဂရိအာဏာပိုင်များသည် အီရန်ရေပိုင်နက်အနီးတွင် ခုတ်မောင်းသွားလာခြင်းကိုရှောင်ကြဉ်ရန် သင်္ဘောပိုင်ရှင်များထံ သတိပေးချက် ဆက်တိုက် ထုတ်ပြန်ခဲ့ကြောင်း အထောက်အထားစာရွက်စာတမ်းများဆိုင်ရာ သတင်းအရင်းအမြစ် များကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံသည် မေလ ၃ ရက်တွင် ပင်လယ်ကွေ့ရေပြင်၌ ဒုတိယမြောက် ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီး ခဲ့ကြောင်းနှင့် အဆိုပါလုပ်ရပ်သည် သီတင်းပတ်တစ်ခုအတွင်း ဒုတိယအကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံသည် အိုမန်ပင်လယ်ကွေ့တွင် မာရှယ်ကျွန်းစုများ အလံတင်ထားသော ရေနံတင်သင်္ဘောတစ်စီးကို ဧပြီလ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင် ဂရိသင်္ဘောများအပေါ် အီရန်၏ခြိမ်းခြောက်မှုများရှိလာနိုင်သောကြောင့် အီရန်ရေပိုင်နက်အနီးရှိ ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တို့တွင် သွားလာမှု မပြုလုပ်ရန် မကြာသေးမီက အကြံပြုထားကြောင်းနှင့် အထက်ပါရေပြင်နေရာများ အနီးတွင် မဖြစ်မနေခုတ်မောင်းသွားလာရမည်ဆိုပါကလည်း သတိထားသွားလာကြရန် ဂရိရေကြောင်းဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်စွဲဖြင့် အကြံပေးချက်ထုတ်ပြန်ခဲ့ကြောင်း Reuters သတင်းဌာနကဖော်ပြခဲ့ပါသည်။ ဂရိအစိုးရတာဝန်ရှိသူများအနေဖြင့် အီရန် နိုင်ငံ၏ လုပ်ရပ်များအပေါ် ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးကြောင်း သတင်းဌာနက ဆက်လက် ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

ဆားဘီးယားသမ္မတနှင့် ကိုဆိုဗိုဝန်ကြီးချုပ်တို့သည် ဆက်ဆံရေးပုံမှန်ပြန်လည်ထူထောင်ရေးအတွက် တွေ့ဆုံမှုပြုလုပ်ခဲ့ခြင်း

 ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် ကိုဆိုဗို ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) တို့သည် ဆက်ဆံရေးပုံမှန်ပြန်လည် ထူထောင်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ မေလ ၂ ရက်တွင်ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ကိုဆိုဗိုစစ်ပွဲတွင် ပျောက်ဆုံးသူများနှင့်ပတ်သက်သည့် ကြေညာချက် တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း Anadolu Agency သတင်းဌာနက မေလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဆားဘီးယား-ကိုဆိုဗိုစစ်ရေးပဋိပက္ခအတွင်း ပျောက်ဆုံးသွားသူ ၆,၀၆၅ ဦးအနက် ၁,၆၂၁ ဦး၏ ကိစ္စအားဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ပြောကြားခဲ့ပါသည်။ ပျောက်ဆုံးသူများ၏ပြဿနာကို ဖြေရှင်းခြင်းသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာတာဝန်တစ်ရပ်သာမက လူသားများအကြား ပြန်လည်သင့်မြတ်ရေးနှင့်ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးပါသောအချက်လည်းဖြစ်ကြောင်း ဘော်ရယ်လ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Tuesday, May 2, 2023

Dawn ပါတီအား ရွေးကောက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုမှဖယ်ရှားခဲ့ခြင်း

 ဂရိနိုင်ငံ၌ မေလ ၂၁ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် နာဇီလက်သစ်ပါတီနှင့် ဆက်နွှယ်နေသည့် Golden Dawn ပါတီသည် ရွေးကောက်ပွဲ ရလဒ်များကို ထိခိုက်စေနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် ရွေးကောက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုမှဖယ်ရှားရန် မေလ ၂ ရက်တွင် ဂရိတရားရုံးချုပ်က ဆုံးဖြတ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက မေလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ နာဇီလက်သစ် Golden Dawn ပါတီသည် အကျဉ်းချခံထားရသော လွှတ်တော်အမတ် အီလီရက် ကဆီဒီရက်စ် (Ilias Kasidiaris) တည်ထောင်သော လက်ယာစွန်းအမျိုးသားပါတီဖြစ်ပြီး ရွေးကောက်ပွဲတွင်ပါဝင်ရန် လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ဂရိတရားရုံးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တရားရုံး၏ ဆုံးဖြတ်ချက်သည် ရာဇဝတ်အဖွဲ့အစည်း တစ်ခုတွင် ပါဝင်မှုအပါအဝင် ကြီးလေးသောပြစ်မှုများစွာဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများအား ရွေးကောက်ပွဲတွင် ပါဝင်ခြင်းကိုတားမြစ်သည့် မကြာသေးမီက အတည်ပြုခဲ့သော ဥပဒေ တစ်ရပ်အပေါ်တွင် အခြေခံထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။


Monday, May 1, 2023

တူကီယဲထောက်လှမ်းရေးသည် ISIS စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်း

တူကီယဲထောက်လှမ်းရေးသည် ISIS စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင် အဘူဟူစိန် အယ်လ်ကာရာရှီ (Abu Hussein al-Qurashi) ကို ကာလရှည်ကြာ ခြေရာခံ၍ ဧပြီလ ၂၉ ရက်တွင် ဆီးရီးယား၌ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ရုပ်မြင်သံကြားတွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Tass သတင်းဌာနက မေလ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် တူကီယဲအနေဖြင့် အကြမ်းဖက်အဖွဲ့အားလုံးကို ခွဲခြားမှုမရှိဘဲ ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တူကီယဲနိုင်ငံ၌ ပထမဆုံးနျူကလီးယားစက်ရုံလည်ပတ်နိုင်မည့်အခြေအနေသို့ ရောက်ရှိခဲ့သည်ဆိုခြင်း

 Anadolu Agency;Apr-27(Thu)


တူကီယဲနိုင်ငံ၏ ပထမဆုံးနျူကလီးယားစက်ရုံသည် ယူရေနီယံလောင်စာများ ရောက်ရှိမှုနှင့်အတူ စက်ရုံလည်ပတ်နိုင်မည့်ခြေအနေသို့ရောက်ရှိခဲ့ကြောင်း စွမ်းအင်နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာဝန်ကြီးက ဧပြီလ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ နိုင်ငံ၏ စွမ်းအင်များကို လုံလောက်စေရန်အတွက် စွမ်းအင်အရင်းအမြစ်တစ်ခုကို ထပ်မံပေါင်းစပ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။ တူကီယဲ နိုင်ငံသည် နျူကလီးယားလောင်စာများနှင့် ယူရေနီယံအမှုန်များကို ဧပြီလ ၂၆ ရက်တွင် ရုရှားနိုင်ငံမှ အဒါနာလေဆိပ် (Adana Airport) သို့ တင်းကျပ်သည့်လုံခြုံရေးအစီအစဉ် များဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။

နျူကလီးယားစွမ်းအင်သည် တူကီယဲနိုင်ငံအတွက် အလှမ်းဝေးသောအခြေအနေ မဟုတ်တော့ကြောင်းနှင့် လာမည့်နှစ်တွင် နျူကလီးယားစွမ်းအင်မှတစ်ဆင့် လျှပ်စစ် ဓာတ်အားစတင်ထုတ်လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ တူကီယဲအစိုးရအနေဖြင့် နိုင်ငံ၏ ပထမဆုံးဓာတ်အားပေးစက်ရုံအတွက် ပထမအဆင့်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်စီစဉ်၍ ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ဓာတ်ပေါင်းဖို ၄ လုံးအား တည်ဆောက်လျက်ရှိပါသည်။ အဆိုပါဓာတ်ပေါင်းဖို များသည် ယုံကြည်စိတ်ချရမှုနှင့် ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သည့်စွမ်းအင်ကို နှစ်ပေါင်း ၆၀ အထိ လည်ပတ်စေနိုင်မည်ဖြစ်ပါသည်။ ဓာတ်ပေါင်းဖိုများ အားလုံးလည်ပတ်ပြီးသည်နှင့် နိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Ref; Türkiye's first nuclear plant gains official nuclear facility status with arrival of fuel