Tuesday, January 31, 2023

ပိုလန်နိုင်ငံသည် Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကားများအတွက် ယူကရိန်း တပ်ဖွဲ့ဝင်များကို သီတင်းပတ် ၅ ပတ်ကြာ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထား ခြင်း

 ပိုလန်နိုင်ငံသည် Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကားများအတွက် ယူကရိန်း တပ်ဖွဲ့ဝင်များကို သီတင်းပတ် ၅ ပတ်ကြာ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထား ကြောင်း ပိုလန်၏ Leopard လေ့ကျင့်ရေးစင်တာအကြီးအကဲ ဗိုလ်မှူး မက်စီဘန်နက် ဇမ်စကီ (Maciej Banaszynski) က ပြောကြားထားသည်ဟု Pravda သတင်းဌာနက ဇန်နဝါရီလ ၃၁ ရက်တွင် ဖော်ပြထားပါသည်။ Leopard လေ့ကျင့်ရေးကွင်းများ၌ တပ်ဖွဲ့ဝင် ၄ ဦးစီပါဝင်သည့် အဖွဲ့ ၁၄ ဖွဲ့အထိ တစ်ချိန်တည်းလေ့ကျင့်ပေးနိုင်ပြီး ပုံမှန်အချိန်တွင် လေ့ကျင့်ရေးကာလသည် သီတင်းပတ် ၁၀ ပတ်ခန့်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားထားပါသည်။ ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ Leopard တင့်ကား ၁၄ စီး ပေးပို့ရန် ကတိပြုထားကြောင်း သိရှိရပါသည်။ 

ပိုလန်နိုင်ငံသည် Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကားများအတွက် ယူကရိန်း တပ်ဖွဲ့ဝင်များကို သီတင်းပတ် ၅ ပတ်ကြာ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထား ခြင်း

ပိုလန်နိုင်ငံသည် Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကားများအတွက် ယူကရိန်း တပ်ဖွဲ့ဝင်များကို သီတင်းပတ် ၅ ပတ်ကြာ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထား ကြောင်း ပိုလန်၏ Leopard လေ့ကျင့်ရေးစင်တာအကြီးအကဲ ဗိုလ်မှူး မက်စီဘန်နက် ဇမ်စကီ (Maciej Banaszynski) က ပြောကြားထားသည်ဟု Pravda သတင်းဌာနက ဇန်နဝါရီလ ၃၁ ရက်တွင် ဖော်ပြထားပါသည်။ Leopard လေ့ကျင့်ရေးကွင်းများ၌ တပ်ဖွဲ့ဝင် ၄ ဦးစီပါဝင်သည့် အဖွဲ့ ၁၄ ဖွဲ့အထိ တစ်ချိန်တည်းလေ့ကျင့်ပေးနိုင်ပြီး ပုံမှန်အချိန်တွင် လေ့ကျင့်ရေးကာလသည် သီတင်းပတ် ၁၀ ပတ်ခန့်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားထားပါသည်။ ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ Leopard တင့်ကား ၁၄ စီး ပေးပို့ရန် ကတိပြုထားကြောင်း သိရှိရပါသည်။

ဆွီဒင်၏ NATO အဖွဲ့သို့ ဝင်ရောက်ခွင့်အား လက်ရှိအချိန်တွင် ထောက်ခံပေးရန် မဖြစ်နိုင်သေးကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

 Turkish Minute;Jan-31(Tue)

            တူကီယဲနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်ခွင့်အား ထောက်ခံရန်မဖြစ်နိုင်သေးကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့သည်ဟု Turkish Minute သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ကာဗူဆိုဂလူသည် ဇန်နဝါရီလ ၃၁ ရက်တွင် ဟန်ဂေရီနိုင်ငံ၊ မြို့တော် ဘူဒါပတ် (Budapest) သို့ သွားရောက်လည်ပတ်စဉ်အတွင်း ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) နှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆွီဒင်နိုင်ငံအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို ကျေပွန်လျှင် တူကီယဲနှင့် ဆွီဒင်တို့ အကြား ဆွေးနွေးမှုများပြုလုပ်သွားနိုင်သော်လည်း ယခုအချိန်တွင် ဆွီဒင်အား NATO အဖွဲ့ဝင်အဖြစ်လက်ခံပေးရန် မဖြစ်နိုင်သေးကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် တူကီယဲအနေဖြင့်  ဆွီဒင်တာဝန်ရှိသူများနှင့် တတိယအကြိမ်မြောက်ပြုလုပ်မည့် အစည်းအဝေးကိုလည်း ဖျက်သိမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

            ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်း (Stockholm) ရှိ တူကီယဲသံရုံး၏ အပြင်ဘက်တွင် ကုရ်အာန်ကျမ်းစာအုပ်ကို မီးရှို့ခဲ့သည့်ဖြစ်စဉ်အပါအဝင် သီတင်းပတ်တစ်ပတ်ခန့်ကြာ ဆန္ဒပြပွဲများကို ခွင့်ပြုပေးခဲ့သည့်အတွက် တူကီယဲသမ္မတ  ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဆွီဒင်အပေါ် ဝေဖန်ခဲ့ပြီးနောက် တူကီယဲသည် ဆွီဒင်နှင့် NATO အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုကို ပြီးခဲ့သည့်သီတင်းပတ်တွင် ရွှေ့ဆိုင်းခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့၏ ရပ်တည်ချက် များအကြား ကွဲပြားခြားနားမှုကို ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး လိုအပ်လျှင် ဖင်လန်နိုင်ငံအတွက် အဖွဲ့ဝင်အဖြစ် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

            ရုရှားနှင့် ၁,၃၀၀ ကီလိုမီတာ (၈၀၀ မိုင်) နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ၎င်းတို့၏ ဆယ်စုနှစ်များစွာကြာ ဘက်မလိုက်သောမူဝါဒ များကို အဆုံးသတ်ရန် ပူးတွဲဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်သည့် NATO ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်ဖြစ်ရေး တရားဝင်လျှောက်ထားခဲ့ပါသည်။ NATO အဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုထောက်ခံပေးမှသာ အဖွဲ့ဝင်ဖြစ်နိုင်မည်ဖြစ်ပါသည်။  ထို့နောက် NATO အဖွဲ့ဝင်နိုင်ငံ ၃၀ အနက် တူကီယဲနှင့် ဟန်ဂေရီနိုင်ငံတို့မှအပ ကျန် ၂၈ နိုင်ငံသည် ၎င်းတို့၏အဆိုပြုချက်များအား အတည်ပြုခဲ့ပါသည်။ ဟန်ဂေရီလွှတ်တော်သည် လာမည့် ဖေဖော်ဝါရီလတွင် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထား မှုအား အတည်ပြုပေးသွားမည်ဟု ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) က ကတိပြုခဲ့ပါသည်။ တူကီယဲသည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့နှင့်အတူ NATO အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုများကို ၂ ကြိမ်တိုင် ပြုလုပ်ခဲ့ပါသည်။ ဆွီဒင်နိုင်ငံ၌ ဖင်လန်နိုင်ငံထက် ပိုများသော ကာ့ဒ်လူမျိုးစုများရှိနေခြင်းကြောင့် ဆွီဒင်သည် တူကီယဲ၏ တောင်းဆိုမှုများကို လိုက်လျော ပေးရန် အခက်ကြုံနေရလျက်ရှိပါသည်။ ထို့အပြင် ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်း (Stockholm) ရှိ တူကီယဲသံရုံး၏ အပြင်ဘက်တွင် ကုရ်အာန်ကျမ်းကို မီးရှို့ခြင်းအပါအဝင် သီတင်းပတ်တစ်ပတ်ခန့်ကြာ ဆန္ဒပြပွဲများကို ခွင့်ပြုပေးခဲ့သည့်အတွက် တူကီယဲသမ္မတ  ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဆွီဒင်အပေါ် ဝေဖန်ခဲ့ပြီးနောက် တူကီယဲသည် ဆွီဒင်နှင့် NATO အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် သီတင်းပတ်တွင် ဆိုင်းငံ့ခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အကြား ကွဲပြားခြားနား မှုများကို ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး လိုအပ်လျှင် ဖင်လန် နိုင်ငံအတွက် အဖွဲ့ဝင်အဖြစ် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ တူကီယဲအနေဖြင့် ဆွီဒင်အား NATO အဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံပေးခြင်း မရှိမှုသည် တူကီယဲနှင့် အခြားသော NATO အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည့်တိုင်အောင် ၎င်း၏အမျိုးသားလုံခြုံရေးကိုသာ ဦးစားပေး၍ ဆက်လက် ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။


Monday, January 30, 2023

တူကီယဲသည် ပင်လယ်နက်အတွင်းမှ သဘာဝဓာတ်ငွေ့များအား စတင်ထုတ်လုပ်သွားမည်ဆိုခြင်း

Xinhua; Jan-30(Mon)
TPAO အမည်ရှိ တူကီယဲနိုင်ငံပိုင်ရေနံကော်ပိုရေးရှင်းသည် ပင်လယ်နက်အတွင်းရှိ Sakarya သဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့ထုတ်လုပ်မှုများကို လာမည့်မတ်လ၌ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့များအား ပြည်တွင်းဓာတ်အားဖြန့်ဖြူးရေးစနစ်သို့ တင်ပို့သွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၃၀ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါတင်ပို့မှုသည် တူကီယဲနိုင်ငံ၏ စွမ်းအင်တင်သွင်းမှုဆိုင်ရာ ကြီးမားသည့် ကုန်ကျစရိတ်များနှင့် ငွေကြေးဖောင်းပွမှုတို့ကို လျှော့ချရာတွင် ကူညီနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ရေးရာသုတေသီများက ယုံကြည်ထားလျက်ရှိပါသည်။ Sakarya သဘာဝ ဓာတ်ငွေ့သိုက်သည် လာမည့် ၄ နှစ်အတွင်း စွမ်းအင်ထုတ်လုပ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏စွမ်းအင်တင်သွင်းမှု ၃၀ ရာခိုင်နှုန်းကို လျော့ကျ နိုင်မည်ဖြစ်ကြောင်း တူကီယဲစွမ်းအင်နှင့်သဘာဝအရင်းအမြစ်ဝန်ကြီး ဖာတီဒန်မက်ဇ် (Fatih Donmez) က ပြောကြားခဲ့ပါသည်။
Sakarya သဘာဝဓာတ်ငွေ့သိုက်သည် တူကီယဲအိမ်ထောင်စုများအား ဓာတ်အား ရရှိရေးအတွက် သဘာဝဓာတ်ငွေ့ နှစ်ပေါင်း ၃၃ နှစ်ကြာ ထောက်ပံ့ပေးနိုင်မည်ဖြစ် ကြောင်း ဝန်ကြီး ဖာတီဒန်မက်ဇ်က ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူကီယဲ အစိုးရသည် မြေထဲပင်လယ်ဒေသရှိ Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံအား ယခုနှစ်တွင် စတင်လည်ပတ်ရန်စီစဉ်ထားလျက်ရှိပြီး ပင်လယ်နက်ကမ်းခြေနှင့် တူကီယဲ နိုင်ငံ၊ ထရေ့ (Trace) ဒေသတွင်လည်း အနည်းဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကြီး ၂ ခုအား တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း တူကီယဲပြည်တွင်း သတင်းဌာန၏ ဖော်ပြချက်များအရ သိရှိရပါသည်။
Ref; Turkish economy to benefit from upcoming production of gas field in Black sea

Monday, January 23, 2023

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် NATO အဖွဲ့သို့ ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်း

ဆွီဒင်နိုင်ငံ NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံပေးသွားမည်မဟုတ်ကြောင်း တူကီယဲနိုင်ငံက ထုတ်ပြန်ပြီးနောက် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် NATO အဖွဲ့သို့ ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၃ ရက်တွင် မှတ်ချက်ပြုခဲ့ကြောင်း Live Mint သတင်းဌာနက ဇန်နဝါရီလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်း (Stockholm) ရှိ တူကီယဲသံရုံးရှေ့၌ ပြီးခဲ့သည့်သီတင်းပတ်အကုန်တွင် Quran ကျမ်းစာအုပ် မီးရှို့မှုအပါအဝင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် ဆွီဒင်နိုင်ငံကို NATO အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံပေးမည် မဟုတ်တော့ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆွီဒင်အနေဖြင့် ဆန္ဒပြမှုကို ခွင့်ပြုပေးခဲ့သည့် အကျိုးဆက်များကို ချင့်ချိန်တွက်ချက်ရမည်ဖြစ်ကြောင်း အာဒိုဂန်က သတိပေးပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

အီရန်နှင့် ရုရှားနိုင်ငံတို့သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင် ရလျက်ရှိစဉ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် အီရန်က တောင်းဆိုခဲ့ခြင်း

အီရန်နှင့် ရုရှားနိုင်ငံတို့သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင် ရလျက်ရှိစဉ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် အီရန် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ မိုဟာမက်ဘာကာကာလီဘက် (Mohammad Baqer Qalibaf) က တောင်းဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ မိုဟာမက်ဘာကာကာလီဘက်သည် အီရန်သို့ ရောက်ရှိနေသည့် ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ ဗွီယာချက်လက်ဗိုလိုဒင် (Vyacheslav Volodin) နှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက် ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကိုဆိုဗိုအထူးရဲတပ်ဖွဲ့ (ROSU) သည် ဆာ့ဘ်လူမျိုးနှစ်ဦး လိုက်ပါစီးနင်းလာ သည့် မော်တော်ယာဉ်တစ်စီးကို ဇန်နဝါရီလ ၂၃ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်တားဆီခဲ့ခြင်း

ကိုဆိုဗိုအထူးရဲတပ်ဖွဲ့ (ROSU) သည် ဆာ့ဘ်လူမျိုးနှစ်ဦး လိုက်ပါစီးနင်းလာ သည့် မော်တော်ယာဉ်တစ်စီးကို ဇန်နဝါရီလ ၂၃ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်တားဆီး ခဲ့မှုကြောင့် ဆာ့ဘ်လူမျိုးတစ်ဦးမှာ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ဆားဘီးယားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၂၄ ရက်တွင် ဖော်ပြထားပါသည်။ အဆိုပါဖြစ်စဉ်သည် Kosovska Mitrovica-Leposavic လမ်းမပေါ်ရှိ Bristricki တံတားစစ်ဆေးရေးဂိတ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆားဘီးယား အာဏာပိုင်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့နောက် ဆားဘီးယားအစိုးရ အဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ပြီး သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sunday, January 22, 2023

ဂျာမနီနိုင်ငံသည် ယူကရိန်း၌ ရုရှားတို့၏ အရှုံးနှင့်ရင်ဆိုင်ရမည့်အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်နေခြင်းဖြစ်ကြောင်း လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီက ပြောကြားခဲ့ခြင်း

ဂျာမနီနိုင်ငံသည် ယူကရိန်း၌ ရုရှားတို့၏ အရှုံးနှင့်ရင်ဆိုင်ရမည့်အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်နေခြင်းဖြစ်ကြောင်း ဘရပ်ဆဲလ် (Brussels) မြို့၌ ဇန်နဝါရီလ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂါဘရီလီရက်စ်လန်စ်ဘာ့ဂျစ် (Gabrielius Landsbergis) က သွယ်ဝိုက်ကာ စွပ်စွဲပြောကြားခဲ့ပါသည်။ ၎င်းတို့ဆွေးနွေးသင့်သည့် အရေးအကြီးဆုံး ကိစ္စရပ်မှာ အကြောက်တရားပင်ဖြစ်သည်ဟု လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်တိုးချမှတ်ခြင်းနှင့် ယူကရိန်းသို့ စစ်ရေးဆိုင်ရာအကူအညီများ ထပ်မံပေးအပ်ခြင်းတို့ဖြင့် ရုရှားအား အနိုင် ယူရာမှာ ကြောက်သည့်စိတ်ကို ကျော်လွှားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

ဂျာမနီသည် Patriot လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကို ပိုလန်၌ စတင်တပ်ဖြန့်ချထားသွားမည်ဆိုခြင်း

Yahoo; Jan-23(Mon)

ဂျာမနီနိုင်ငံသည် ၎င်း၏ Patriot လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ အနက်မှ ၂ ဖွဲ့ကို ဇန်နဝါရီလ ၂၃ ရက်တွင် ပိုလန်နိုင်ငံသို့ စေလွှတ်ခဲ့ကြောင်းနှင့် အဆိုပါ တပ်ဖွဲ့များအား ယူကရိန်းနိုင်ငံနယ်စပ်နှင့် ကပ်လျက်တည်ရှိသည့် ပိုလန်နိုင်ငံအရှေ့ တောင်ပိုင်းရှိ ဇာမော့စ် (Zamoce) မြို့တွင် စတင်တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း Yahoo သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။

တူကီယဲလွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း

Hindustan Times;Jan-23(Mon)

တူကီယဲရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရန် စီစဉ်လျက်ရှိသည့် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများအား လာမည့် မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်တွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ဘူဆာ (Bursa) စီရင်စု၌ ကျင်းပပြုလုပ်သည့် လူငယ်ညီလာခံတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။

Saturday, January 21, 2023

တူကီယဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကိုမြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း

Anadolu Agency;Jan-22(Sun)

တူကီယဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ယဉ်ကျေးမှု ဆိုင်ရာဆက်ဆံရေးကို အကောင်းဆုံးအဆင့်ထိမြှင့်တင်နိုင်ရန် အခိုင်အမာဆုံးဖြတ်ထား ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီး မူစတာဖာအိုစ်မန်တူရန် (Mustafa Osman Turan) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။

Friday, January 20, 2023

အမေရိကန်သည် ရိုမေးနီးယားနိုင်ငံအရှေ့တောင်ပိုင်းတွင် တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ဆက်လက်ထားရှိသွားမည်ဆိုခြင်း

East Bay Times; Jan-21(Sat)

အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ရိုမေးနီးယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို အနည်းဆုံး ၉ လကြာ ဆက်လက်ထားရှိ သွားရန်စီစဉ်ထားကြောင်း အမေရိကန်တာဝန်ရှိသူများက ဇန်နဝါရီလ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု East Bay Times သတင်းဌာနက ဖော်ပြခဲ့ပါသည်။

Thursday, January 19, 2023

မော်လ်ဒိုဗာနိုင်ငံသည် NATO အဖွဲ့သို့ဝင်ရောက်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိခြင်း

New Voice of Ukraine; Jan-21(Sat)

ယူကရိန်း၌ သမားရိုးကျစစ်ပွဲကြီးများ ဆက်လက်ဖြစ်ပွားနေသည့်အကြား မော်လ်ဒိုဗာအစိုးရသည် ၎င်း၏ ကြားနေရပ်တည်ချက်ကို စွန့်လွှတ်ကာ NATO အဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားနိုင်ခြေနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၀ ရက်၌ Politico သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် မော်လ်ဒိုဗာ သမ္မတ မီယာဆန်ဒူ (Maia Sandu) က ပြောကြားခဲ့သည်ဟု New Voice of Ukraine သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။

Wednesday, January 18, 2023

အမေရိကန်နှင့် တူကီယဲကာကွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များသည်ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့ခြင်း

အမေရိကန်နှင့် တူကီယဲကာကွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များသည် F-35 ဂျက်တိုက်လေယာဉ်များ တူကီယဲသို့ ပေးပို့ရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ယခုနှစ်နွေဦးပိုင်းတွင် တူကီယဲနိုင်ငံ၌ ထပ်မံပြုလုပ်သွားရန်စီစဉ်ထားကြောင်း ဇန်နဝါရီလ ၁၉ ရက်တွင် ဝါရှင်တန်မြို့၌ပြုလုပ်ခဲ့သည့် အမေရိကန်-တူကီယဲဆွေးနွေးပွဲပြီးနောက် ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။ တူကီယဲသည် လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီထုတ် F-35 တိုက်လေယာဉ်အစီး ၁၀၀ ကျော်ကိုမှာယူထားသော်လည်း ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဝယ်ယူခဲ့မှုကြောင့် တူကီယဲ၏ကမ်းလှမ်းချက်ကို အမေရိကန်ဘက်မှ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအား လာမည့်မေလ ၁၄ ရက်တွင် ကျင်းပသွားဖွယ်ရှိခြင်း

တူကီယဲနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအား လာမည့်မေလ ၁၄ ရက်တွင် ကျင်းပသွားဖွယ်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က အရိပ်အမြွတ်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံ၏အထွေထွေရွေးကောက်ပွဲများကို ဇွန်လ ၁၈ ရက်တွင်ကျင်းပရန် တရားဝင်သတ်မှတ်ထားရာ အဆိုပါသတ်မှတ်ရက်ထက် ၁ လခန့် စော၍ကျင်းပမည်ဟု တူကီယဲသမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအာဏာရ AKP ပါတီနှင့် ၎င်း၏မဟာမိတ် MHP ပါတီတို့အနေဖြင့် ထိုကဲ့သို့ ရွေးကောက်ပွဲ‌ဆောလျင်စွာ ကျင်းပနိုင်ရေး တောင်းဆိုမှုပြုလုပ်ရန်အတွက် လွှတ်တော်တွင် လုံလောက်သည့် အမတ် အရေအတွက်မရှိသောကြောင့် တူကီယဲသမ္မတအနေဖြင့် မတ်လအတွင်း၌ သမ္မတ၏ အခွင့်အာဏာကိုအသုံးပြု၍ လွှတ်တော်အား ဖျက်သိမ်းသွားဖွယ်ရှိကြောင်း သိရှိရပါသည်။

Tuesday, January 17, 2023

အက်စတိုးနီးယားအစိုးရသည် တောင်ကိုရီးယားနိုင်ငံ၏ Hanwha Defense ကုမ္ပဏီနှင့် K9 အမျိုးအစား ယာဉ်တင်အမြောက် ၁၂ လက် ထပ်မံဝယ်ယူရေးအတွက် ကန်ထရိုက်စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ခြင်း

အက်စတိုးနီးယားအစိုးရသည် တောင်ကိုရီးယားနိုင်ငံ၏ Hanwha Defense ကုမ္ပဏီနှင့် K9 အမျိုးအစား ယာဉ်တင်အမြောက် ၁၂ လက် ထပ်မံဝယ်ယူရေးအတွက် ယူရို ၃၆ သန်း (အမေရိကန်ဒေါ်လာ ၃၈.၉ သန်း) တန်ဖိုးရှိ ကန်ထရိုက်စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း The Defense Post သတင်းဌာနက ဇန်နဝါရီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အထက်ပါသဘောတူစာချုပ်အရ အက်စတိုးနီးယားသည် အဆိုပါယာဉ်တင် အမျိုးအစားအမြောက်များကို ၂၀၂၆ ခုနှစ်တွင် နောက်ဆုံးထား၍ လက်ခံရရှိမည်ဖြစ် ပါသည်။ ထို့ပြင် အက်စတိုးနီးယားသည် Hanwha Defense ကုမ္ပဏီနှင့် ယခင်က ချုပ်ဆိုခဲ့သည့် K9 ယာဉ်တင်အမြောက် ၂၄ လက်ဝယ်ယူရေးဆိုင်ရာ ယူရို ၈၁.၅ သန်း (အမေရိကန်ဒေါ်လာ ၈၈ သန်း) တန်ဖိုးရှိ သဘောတူညီချက်အရ K9 အမြောက် ၁၈ လက်ကို လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ပိုလန်နိုင်ငံသည် ရွှေ့ပြောင်းအခြေချနေထိုင်မှုကိစ္စရပ်အား တူကီယဲနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဆိုခြင်း

Anadolu Agency;Jan-18(Wed)

ပိုလန်နိုင်ငံအနေဖြင့် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာအကျပ်အတည်းများ အား ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်း၏မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်သည့် တူကီယဲနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ပိုလန်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး အာကေဒီးရပ်ဇ်မူလာချခ် (Arkadiusz Mularczyk) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။

Monday, January 16, 2023

တူကီယဲကာကွယ်ရေးဝန်ကြီးသည် ချက်သမ္မတ နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် ချက်သမ္မတ နိုင်ငံကာကွယ်ရေးဝန်ကြီး ဂျာနာဆာနိုချိုဗာ (Jana Cernochova) နှင့် ဇန်နဝါရီလ ၁၇ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများအပါအဝင် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း TRT World သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲမတိုင်မီ ဆာနိုချိုဗာ သည် တူကီယဲကာကွယ်ရေးဝန်ကြီးအား ချက်သမ္မတနိုင်ငံ၊ မြို့တော် ပရက်ဂ် (Prague) ၌ စစ်ဘက်ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပါသည်။ ချက်သမ္မတနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင်သွားရောက်ခဲ့သော တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) ၏ သမိုင်းဝင်ခရီးစဉ်နောက်ပိုင်း ဟူလူဆီအကာ၏ ခရီးစဉ်သည် ၎င်းတို့နှစ်နိုင်ငံအကြား အရေးပါသည့်ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်ပင်ဖြစ်ကြောင်း သိရှိရပါသည်။

NATO အဖွဲ့သည် ရိုမေးနီးယားလေတပ်စခန်းတွင် ကင်းထောက်လေယာဉ်အား စေလွှတ်တပ်ဖြန့်ခဲ့ခြင်း

Yahoo;Jan-17(Tue)

NATO ကင်းထောက်လေယာဉ်တစ်စီးသည် အရှေ့စစ်နံရှိ စစ်ဘက်မဟာမိတ် နိုင်ငံများကို ထောက်ပံ့ကူညီပေးရန်နှင့် ရုရှားနိုင်ငံ၏စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့် နိုင်ရန်အတွက် ရိုမေးနီးယားနိုင်ငံ၊ မြို့တော် ဗူးခရက် (Burcharest) အနီးရှိ လေတပ် အခြေစိုက်စခန်းတစ်ခုသို့ ဇန်နဝါရီလ ၁၇ ရက်တွင် ရောက်ရှိခဲ့ကြောင်း Yahoo သတင်း ဌာနက ဖော်ပြခဲ့ပါသည်။

DRC သည် တူကီယဲနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းကိရိယာတန်ဆာပလာများ လက်ခံရရှိခဲ့ခြင်း

The Defense Post;Jan-17(Tue)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အနေဖြင့် ၎င်းနိုင်ငံ၏ ကာကွယ်ရေး စွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ တူကီယဲနိုင်ငံမှပေးပို့သော စစ်လက်နက် များနှင့် ဆက်စပ်ပစ္စည်းများအား လက်ခံရရှိခဲ့သည်ဟု The Defense Post သတင်း ဌာနက ဇန်နဝါရီလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ DRC အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းဈေးကွက်မှ စစ်လက်နက်စနစ်များအား လွတ်လပ်စွာဝယ်ယူလက်ခံခွင့် ရရှိပြီး ၃ လအကြာတွင် တူကီယဲနိုင်ငံထံမှ အဆိုပါစစ်လက်နက်ပစ္စည်းများအား လက်ခံ ရရှိခဲ့ခြင်းဖြစ်ပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် လက်ရှိ ကမ္ဘာ့လုံခြုံရေးဆိုင်ရာပြဿနာများဖြစ်ပွားနေစဉ် အတွင်း ပဋိပက္ခဖြစ်ပွားသည့်နိုင်ငံများအကြား ပြေလည်မှုရရှိစေရန် နိုင်ငံရေးအရ အပြုသဘောဆောင်သော ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို ထဲထဲဝင်ဝင်လုပ်ဆောင်လျက် ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ပြင် တစ်ဖက်တွင်လည်း တူကီယဲနိုင်ငံသည် ပြည်တွင်း၌ စစ်လက်နက်ပစ္စည်းတီထွင်ထုတ်လုပ်မှုများဖြစ်သော ဒရုန်းများနှင့် လေကာ စနစ်များအား နည်းပညာမြင့်မားစွာဖြင့် တီထွင်ထုတ်လုပ်လျက်ရှိကာ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းဈေးကွက်တွင် အတိုင်းအတာတစ်ခုအထိ နေရာရယူလာလျက် ရှိသည်ကို တွေ့ရှိရပါသည်။ ထို့အတူ တူကီယဲနိုင်ငံသည် အာဖရိကဒေသတွင်းနိုင်ငံများ နှင့်လည်း လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိတ်ဖက် ဆက်ဆံရေးခိုင်မာအားကောင်းစေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ထိုသို့သောကြိုးပမ်း လုပ်ဆောင်မှုများအနက် ပြည်တွင်းစစ်ရေးပဋိပက္ခများ လွန်စွာမြင့်တက်လျက်ရှိသော DRC နိုင်ငံသို့ စစ်လက်နက်ပစ္စည်းကိရိယာတန်ဆာပလာများ ပေးပို့ခဲ့ပါသည်။ တူကီယဲနှင့် အာဖရိကနိုင်ငံများအကြားရှိ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးကဏ္ဍ တို့မှာ ခိုင်မာအားကောင်းလျက်ရှိခြင်းနှင့်အတူ တူကီယဲနိုင်ငံ၊ အန်ကာရာ (Ankara) မြို့၌ အာဖရိကနိုင်ငံဆိုင်ရာသံရုံးများမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၉ ခုရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၄၄ ခု အထိ တိုးမြှင့်ဖွင့်လှစ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူကီယဲနိုင်ငံအနေဖြင့် အာဖရိကဒေသတွင်းနိုင်ငံများနှင့် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာစီမံကိန်းများ၌ နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ကာ အကျိုးတူမူဝါဒ (Win-win Policy) အား အခိုင်အမာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဆက်လက်မြှင့်တင် လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Sunday, January 15, 2023

မော်လ်ဒိုဗာနိုင်ငံသည် ဂျာမနီနိုင်ငံမှ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Piranha-3H အမျိုးအစား သံချပ်ကာလူသယ်ယာဉ် ၃ စီးအား လက်ခံရရှိခဲ့ခြင်း

မော်လ်ဒိုဗာနိုင်ငံသည် ဂျာမနီနိုင်ငံမှ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Piranha-3H အမျိုးအစား သံချပ်ကာလူသယ်ယာဉ် ၁၉ စီးအနက် ပထမဆုံး ၃ စီးအား လက်ခံရရှိခဲ့ကြောင်း The Defence Post သတင်းဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနှင့် အီရန်နိုင်ငံတို့သည် (၁၉)ကြိမ်မြောက် ကောင်စစ်ဝန်ဆက်ဆံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း

တူကီယဲနှင့် အီရန်နိုင်ငံတို့သည် (၁၉)ကြိမ်မြောက် ကောင်စစ်ဝန်ဆက်ဆံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲကို အီရန်နိုင်ငံ၊ မြို့တော် တီဟီရန် (Tehran) ၌ ဇန်နဝါရီလ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း Yeni Safak သတင်းဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် တူကီယဲဒုတိယနိုင်ငံခြားရေးဝန်ကြီး ယဲစင်အက်ခ်ရမ်ဆီရင်မ် (Yasin Ekrem Serim) နှင့် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဲလီရီဇာဘက်ဒဲလီ (Alireza Bigdeli) တို့က နှစ်နိုင်ငံကောင်စစ်ဝန်ရုံးဆိုင်ရာ ကိစ္စရပ် များနှင့် ပြည်သူလူထုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ နှစ်နိုင်ငံတရားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာရဲဌာနများမှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အနေဖြင့် တူကီယဲနှင့် ဂရိတို့အကြား ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်ရန် တူကီယဲနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ခြင်း

Sputnik;Jan-16 (Mon)

အမေရိကန်နိုင်ငံအနေဖြင့် တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်သွားရန် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇန်နဝါရီလ ၁၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။

ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှု များကို ကန့်သတ်ပိတ်ပင်သွားမည်မဟုတ်ကြောင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှု များကို ကန့်သတ်ပိတ်ပင်သွားမည်မဟုတ်ကြောင်းနှင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက် ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်သွားရန်အတွက်လည်း ဂျာမနီအစိုးရအား တိုက်တွန်း ထားကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ယူကရိန်းနိုင်ငံသားများသည် ၎င်းတို့နိုင်ငံ၏ လွတ်လပ်ခွင့်အတွက်သာမက ဥရောပဒေသကာကွယ်ရေးအတွက်ပါ တိုက်ပွဲဝင်နေရလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ သို့ဖြစ်ရာ ပိုလန်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံထုတ်ခေတ်မီ Leopard 2 အမျိုးအစား တင့်ကားများကို ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိသည်ဟုလည်း ပိုလန်သမ္မတ အန်ဒရတ်ဂျ်ဒူဒါ (Andrzej Duda) က ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Saturday, January 14, 2023

တူကီယဲနိုင်ငံအနေဖြင့် ဒုံးကျည်များထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု တူကီယဲသမ္မတက ပြောကြားခဲ့ခြင်း

တူကီယဲနိုင်ငံအနေဖြင့် လက်ရှိတွင် ၅၆၅ ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် ပြည်တွင်းထုတ် ဒုံးကျည်များပိုင်ဆိုင်ထားပြီး အကွာအဝေး ၁,၀၀၀ ကီလိုမီတာအထိပစ်ခတ်နိုင်သည့် ဒုံးကျည်များထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု TRT world သတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ ပါသည်။ ထို့ပြင် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလ များတွင် ပြည်တွင်း၌ ကာကွယ်ရေးပစ္စည်းထုတ်လုပ်နိုင်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိခဲ့ရာမှ ၈၀ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ လက်ရှိတွင် တူကီယဲအနေဖြင့် Bayraktar Kizilelma အမည်ရှိ မောင်းသူမဲ့တိုက်လေယာဉ်နှင့် ဒရုန်း များထုတ်လုပ်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမအကြိမ် ပျံသန်းမှု လုပ်ဆောင်ခဲ့ကြောင်းနှင့် Bayraktar Kizilelma သည် ရေဒါဖြင့် ဖမ်းယူနိုင်ခြင်း မရှိစေရန် ဒီဇိုင်းပုံစံဖြင့်တည်ဆောက်ထားကြောင်း သိရှိရပါသည်။

Thursday, January 12, 2023

တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ တူကီယဲတပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပေးရန်နှင့် သူပုန်အဖွဲ့များအပေါ် ထောက်ပံ့ပေးနေမှုများအား ရပ်ဆိုင်းပေးရန် ဆီးရီးယားသမ္မတက တိုက်တွန်းခဲ့ခြင်း

တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ တူကီယဲတပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပေးရန်နှင့် သူပုန်အဖွဲ့များအပေါ် ထောက်ပံ့ပေးနေမှုများအား ရပ်ဆိုင်းပေးရန် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) က တိုက်တွန်း ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဟန်ဂေရီဝန်ကြီးချုပ်သည်(OTS) ၏ အထွေထွေအတွင်းရေးမှူးအား လက်ခံတွေ့ဆုံခဲ့ခြင်း

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) သည် Organization of Turkic States (OTS) ၏ အထွေထွေအတွင်းရေးမှူး ကူဘန်ချ်ဘက်ခ် အိုမူရာလီယက်ဗ် (Kubanychbek Omuraliev) အား ဇန်နဝါရီလ ၁၃ ရက်တွင် မြို့တော် ဘူတာပတ်စ် (Budapest) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း Yenisafak သတင်းဝဘ်ဆိုက်က ရေးသား ဖော်ပြခဲ့ပါသည်။ တွေ့ဆုံစဉ်အတွင်း ၎င်းတို့နှစ်ဦးသည် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ၎င်းတို့၏ ကြွယ်ဝချမ်းသာသော အမွေအနှစ်များနှင့် မျှဝေတန်ဖိုးများကို မြှင့်တင်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများအကြား ယဉ်ကျေးမှုဖလှယ် ခြင်းနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကို တိုးမြှင့်သွားရေး၊ ထိုသို့ဆောင်ရွက် ခြင်းဖြင့် OTS ၏ရည်မှန်းချက်များကို အောင်မြင်အောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံက ကတိပြုပြောကြားခဲ့ပါသည်။ OTS အဖွဲ့ဝင်နိုင်ငံများမှာ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တူကီယဲ၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်ပြီး ဟန်ဂေရီနိုင်ငံ သည် လေ့လာသူနိုင်ငံအဆင့်တွင် ပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။

Wednesday, January 11, 2023

ဂရိနိုင်ငံခြားရေးဝန်ကြီးသည် ဂရိရေပိုင်နက် အတွင်း တူကီယဲနိုင်ငံ၏ တရားမဝင်ငါးဖမ်းမှုများကို အရေးယူဆောင်ရွက်ပေးရန် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒအကြီးအကဲ ထံ စာတစ်စောင်ရေးသားပေးပို့ခဲ့ခြင်း

ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) သည် ဂရိရေပိုင်နက် အတွင်း တူကီယဲနိုင်ငံ၏ တရားမဝင်ငါးဖမ်းမှုများကို အရေးယူဆောင်ရွက်ပေးရန် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ် (Josep Borrel) ထံ စာတစ်စောင်ရေးသားပေးပို့ခဲ့ကြောင်း ဇန်နဝါရီလ ၁၂ ရက်တွင် Euractiv သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံသည် တူကီယဲငါးဖမ်းရေယာဉ် ၃ စီးအား ရှာဖွေဖော်ထုတ်ရန် ဇန်နဝါရီလ ၅ ရက်တွင် ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်ဖြင့် စောင့်ကြည့်ထောက်လှမ်းခဲ့သော်လည်း တူကီယဲရေယာဉ်၏ နှောင့်ယှက်တားဆီးမှုကို ခံခဲ့ရပါသည်။ တူကီယဲနိုင်ငံ၏ ထိုကဲ့သို့ ကျူးကျော်ငါးဖမ်းမှုအကြိမ်ကြိမ် ပြုလုပ်နေမှုသည် ဂရိနိုင်ငံနှင့် နှစ်နိုင်ငံအကြားဆက်ဆံရေးတင်းမာမှုကို ပိုမိုမြင့်တက်လာစေနိုင်ပြီး ဒေသတွင်း လုံခြုံရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း ဒန်ဒီရက်စ်က ၎င်း၏ပေးစာအတွင်း ထည့်သွင်း ရေးသားခဲ့ကြောင်း သိရှိရပါသည်။

ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ ဂျာမနီနိုင်ငံထုတ် Leopard အမျိုးအစား တင့်ကားများ ပေးပို့သွားမည်ဆိုခြင်း

ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ ဂျာမနီနိုင်ငံထုတ် Leopard အမျိုးအစား တင့်ကားများ ပေးပို့သွားမည်ဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Euractiv သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ သမ္မတ ဒူဒါအနေဖြင့် ဇန်နဝါရီလ ၁၁ ရက်တွင် ယူကရိန်းနိုင်ငံ၊ လိဗ် (Lviv) မြို့၌ လစ်သူ‌ရေးနီးယားအပါအဝင် ယူကရိန်းသမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ် ခဲ့သည့် Lublin Triangle မူဘောင်အစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် သမ္မတ ၃ ဦးအနေဖြင့် ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည် ခိုင်မာအားကောင်းစေရန် စစ်ရေးထောက်ပံ့ကူညီမှုများအပါအဝင် ၃ နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြောင်းကိုလည်း ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

တူကီယဲနိုင်ငံ၏ စွပ်စွဲချက်များကို ယူကရိန်း သံအမတ်ကြီးက ငြင်းဆိုခဲ့ခြငး

တူကီယဲနိုင်ငံသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် အသုံးပြုနိုင်ရေးအတွက် ယူကရိန်းနိုင်ငံသို့ Cluster ဗုံးများပေးပို့လျက်ရှိသည်ဟူသော စွပ်စွဲချက်များကို ယူကရိန်း သံအမတ်ကြီး ဗက်ဆယ်လ်ဘော့ဒ်နာ (Vasyl Bodnar) က ငြင်းဆိုခဲ့ကြောင်း Yenisafak သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန် Foreign Policy မဂ္ဂဇင်းတွင် တူကီယဲနိုင်ငံသည် စစ်အေးကာလမှ Cluster ဗုံးများအား ယူကရိန်းသို့ ပို့ဆောင်လျက်ရှိသည်ဟူသော ဆောင်းပါးနှင့်ပတ်သက်၍ ၎င်းက Anadolu Agency သတင်းဌာနသို့ အထက်ပါအတိုင်း ငြင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းစွပ်စွဲချက်များသည် ယူကရိန်းနှင့်တူကီယဲနိုင်ငံတို့အကြား ဆက်ဆံရေးပျက်ပြားစေရန်နှင့် ၎င်းတို့နှစ်နိုင်ငံအပေါ် မှားယွင်းသောပုံရိပ်များဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဗက်ဆယ်လ်ဘော့ဒ်နာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Tuesday, January 10, 2023

အက်စတိုးနီးယားအာဏာပိုင်များသည် ၎င်းနိုင်ငံရှိ ရုရှားသံရုံးဝန်ထမ်းများအားလျှော့ချသွားရန် ပြောကြားခဲ့ခြင်း

အက်စတိုးနီးယားအာဏာပိုင်များသည် ၎င်းနိုင်ငံရှိ ရုရှားသံရုံးအား ဖေဖော်ဝါရီလ ၁ ရက်မတိုင်ခင် သံတမန် ၈ ဦးအပါအဝင် စီမံခန့်ခွဲရေးနှင့် နည်းပညာဆိုင်ရာ သံရုံးဝန်ထမ်း ၁၅ ဦးခန့်အထိ လျှော့ချသွားရန် ဇန်နဝါရီလ ၁၁ ရက်တွင် ညွှန်ကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အက်စတိုးနီးယား နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဗလာဒီမာလစ်ပါယက်ဗ် (Vladimir Lipayev) အား အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ဆင့်ခေါ်၍ အထက်ပါအကြောင်းအရာအား ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အက်စတိုးနီးယားအာဏာပိုင်များ၏ အဆိုပါဆုံးဖြတ်ချက် သည် နှစ်နိုင်ငံမြို့တော်အသီးသီး၌ ဖွင့်လှစ်ထားသောသံရုံးများတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းအရေအတွက် တူညီစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

Monday, January 9, 2023

တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများပြုလုပ်နေမှုကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုလုပ်ရန် ဆီးရီးယားသူပုန်များကို သတိပေးပြောကြားခဲ့ခြင်း

တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် ဇန်နဝါရီလ ၁၀ ရက်တွင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများပြုလုပ်နေမှုကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုလုပ်ရန် ဆီးရီးယားသူပုန်များကို သတိပေးပြောကြားမှုပြုလုပ် ခဲ့ကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဟန်ဂေရီသည် ကိုဆိုဗို၏ ဉရောပအဖွဲ့အစည်းများသို့ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုများကို ကန့်ကွက်သွားမည်ဆိုခြင်း

Anadolu Agency; Jan-10 (Tue)

ဟန်ဂေရီအစိုးရအနေဖြင့် ကိုဆိုဗို၏ ဉရောပအဖွဲ့အစည်းများသို့ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုများကို ဗီတိုအာဏာသုံး၍ ကန့်ကွက်သွားမည်ဟု ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး အီဗီကာဒါစီ (Ivica Dacic)နှင့် ဘူဒါပတ်စ်မြို့၌တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့ကြောင်း Anadolu Agency က ဇန်နဝါရီလ ၁၀ ရက်တွင်ဖော်ပြခဲ့ပါသည်။

Sunday, January 8, 2023

တူကီယဲနိုင်ငံသည် ၎င်း၏ တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံကိန်းတစ်ခုသို့ ပါဝင်ရန် အဇာဘိုင်ဂျန်နိုင်ငံအား ဖိတ်ခေါ်ခဲ့ခြင်း

တူကီယဲနိုင်ငံသည် ၎င်း၏ တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံကိန်းတစ်ခုသို့ ပါဝင်ရန် အဇာဘိုင်ဂျန်နိုင်ငံအား ဖိတ်ခေါ်ခဲ့သည်ဟု တူကီယဲကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ စက်မှုကော်မတီဥက္ကဋ္ဌ အစ္စမေးလ်ဒင်မား (Ismail Demir) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၉ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ထို့ပြင် ၎င်း၏ပြောကြားချက်အရ တူကီယဲနိုင်ငံ၏ နိုင်ငံတကာတိုက်လေယာဉ် ထုတ်လုပ်ရေးစီမံကိန်းအတွင်းသို့ တူကီယဲ၏ မိတ်ဖက်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အား ဖိတ်ခေါ်ခဲ့သည်ဟု သတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ မိတ်ဖက်နိုင်ငံများအနေဖြင့် အဆိုပါစီမံကိန်းသို့ပါဝင်ခြင်း အားဖြင့် အကျိုးစီးပွားဖြစ်ထွန်းစေမည်ဖြစ်ကြောင်းကိုလည်း အစ္စမေးလ်ဒင်မားက မှတ်ချက်ပြုပြောကြားခဲ့သည်ဟု သိရှိရပါသည်။

NATO အဖွဲ့ဝင်ဖြစ်ရေးထောက်ခံမှုအတွက် တူကီယဲနိုင်ငံ၏ တောင်းဆိုချက်အချို့အား လက်ခံသွားနိုင်မည်မဟုတ်ကြောင်း ဆွီဒင်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

The National News;Jan-9(Mon)

NATO အဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားချက်အား ထောက်ခံပေးရန်နှင့်ပတ်သက်သည့် တူကီယဲနိုင်ငံ၏တောင်းဆိုချက်အချို့ကို လက်ခံပေးသွားနိုင်မည်မဟုတ်ကြောင်း ဆွီဒင် ဝန်ကြီးချုပ် အောလ်ဖ်ခရစ္စတာဆန် (Ulf Kristersson) က ဇန်နဝါရီလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာညီလာခံတစ်ခုအတွင်း ပြောကြားခဲ့ပါသည်။

Saturday, January 7, 2023

ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များစေလွှတ်ပေးရန် ဆားဘီးယားသမ္မတ၏ တောင်းဆိုချက်ကို NATO ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့က ငြင်းပယ်ခဲ့ခြင်း

Aljazeera;Jan-8(Sun)

ဆာ့ဘ်လူမျိုးများနှင့် ကိုဆိုဗိုအာဏာပိုင်များအကြား ပဋိပက္ခများဖြစ်ပွားပြီးနောက် ကိုဆိုဗိုသို့ ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ဦးခန့် စေလွှတ်ပေးရန် ဆားဘီးယားသမ္မတ၏တောင်းဆိုချက်ကို ကိုဆိုဗိုရှိ NATO ငြိမ်းချမ်းရေးအစောင့် တပ်ဖွဲ့က ငြင်းပယ်ခဲ့ကြောင်း Aljazeera သတင်းဌာနက ဇန်နဝါရီလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။

မော်လ်ဒိုဗာသည် အစောပိုင်းကာလတွင် ဥရောပကော်မရှင်မှ အဆိုပြုထားသည့် ပူးတွဲဓာတ်ငွေ့ဝယ်ယူရေးပလက်ဖောင်းကို စိတ်ဝင်စားလျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

မော်လ်ဒိုဗာသည် အစောပိုင်းကာလတွင် ဥရောပကော်မရှင်မှ အဆိုပြုထားသည့် ပူးတွဲဓာတ်ငွေ့ဝယ်ယူရေးပလက်ဖောင်းကို စိတ်ဝင်စားလျက်ရှိကြောင်း ဝန်ကြီးချုပ် နတာလီရာဂါဗရီလီတာ (Natalia Gavrilita) က ပြောကြားခဲ့သည်ဟု Tass သတင်းဌာနက ​ဇန်နဝါရီလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါပလက်ဖောင်းတွင် ပါဝင်ခြင်းဖြင့် မော်လ်ဒိုဗာ၏ စွမ်းအင်ဆိုင်ရာလုံခြုံရေးကို ခိုင်မာအားကောင်းစေမည် ဖြစ်ပါသည်။ မော်လ်ဒိုဗာတွင် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ စျေးနှုန်းများ မြင့်တက်ခဲ့ခြင်း ကြောင့် နိုင်ငံတစ်ဝန်းတွင် စျေးနှုန်းမြင့်တက်မှုနှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

Friday, January 6, 2023

ဂရိအစိုးရသည် တူကီယဲနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသ၌ သံမဏိခြံစည်းရိုးတည်ဆောက်ရန် စီစဉ်လျက်ရှိခြင်း

Anadolu Agency;Jan-7(Sat)

ဂရိနိုင်ငံအနေဖြင့် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုများကို တားဆီးရန် အတွက် တူကီယဲနိုင်ငံနှင့် နယ်နိမိတ်တစ်လျှောက်တွင်ရှိသည့် မာရစ် (Meric) မြစ်အနီး၌ ကီလိုမီတာ ၁၄၀ (၈၇ မိုင်) ရှည်လျားသော သံမဏိခြံစည်းရိုးကို တည်ဆောက်မည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနိုင်ငံသည် သဘာဝဓာတ်ငွေ့အတွက် ငွေပေးချေမှုရွှေ့ဆိုင်းပေးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိခြင်း

တူကီယဲနိုင်ငံသည် သဘာဝဓာတ်ငွေ့အတွက် ငွေပေးချေမှုရွှေ့ဆိုင်းပေးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိ ကြောင်း တူကီယဲစွမ်းအင်ဝန်ကြီး ဖာတစ်ဒွန်မက်ဇ် (Fatih Donmez) က ပြောကြားခဲ့ သည်ဟု Tass သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းဖြစ်ပေါ်လာနိုင်မှုကို ကာကွယ်တားဆီးပေးခဲ့သည်ဆိုခြင်း

Trend; Jan-7 (Sat)

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ကောက်ပဲသီးနှံ တင်ပို့မှုများရပ်ဆိုင်းခဲ့သော်လည်း တူကီယဲနိုင်ငံ၏သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု များကြောင့် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းဖြစ်ပေါ်လာနိုင်မှုကို ကာကွယ် တားဆီးပေးနိုင်ခဲ့ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။

Thursday, January 5, 2023

တူကီယဲသမ္မတသည် ဆီးရီးယားသမ္မတနှင့် တွေ့ဆုံနိုင်ဖွယ်ရှိခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးပုံမှန်အခြေအနေသို့ အပြည့်အဝပြန်လည်ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်သည့်အနေဖြင့် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assas) နှင့် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း

Trend;Jan-5(Thu)

တူကီယဲနှင့် ရုရှားနိုင်ငံတို့အကြား ရရှိထားသောသဘောတူညီချက်အရ ၎င်းတို့ နှစ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် ဆီးရီးယားဒုက္ခသည် ၄ သန်းနီးပါးအား လက်ခံထားရှိလျက် ရှိပြီး နိုင်ငံအတွင်း အဆိုပါဒုက္ခသည်များအရေးဆိုင်ရာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အကြမ်းဖက် နှိမ်နင်းရေးဆိုင်ရာစစ်ဆင်ရေးများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိသောကြောင့် နှစ်နိုင်ငံ အကြားဆက်ဆံရေးမှာ တင်းမာမှုများဖြစ်ပေါ်လျက်ရှိသော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကို၌ ရုရှား၊ တူကီယဲနှင့် ဆီးရီးယားကာကွယ်ရေးဝန်ကြီး တို့အကြား တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့ပြီးနောက်တွင် တူကီယဲနှင့် ရုရှားနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာက ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ခြင်း သည် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့် အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ်ကြောင်း တူကီယဲကာကွယ်ရေး ဝန်ကြီးက ဆက်လက်ပြောကြားထားပါသည်။ တူကီယဲအစိုးရအနေဖြင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများဖြေရှင်းနိုင်ရေး ဆောင်ရွက် ခြင်းမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ထိုသို့ဆောင်ရွက်ချက်များမှာ တူကီယဲအစိုးရ၏ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်နိုင်မည်ဖြစ် သော်လည်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၁.၅ ဘီလီယံကုဗမီတာအထိ ပေးပို့နိုင်သည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း

တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၁.၅ ဘီလီယံကုဗမီတာအထိ ပေးပို့နိုင်သည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း TRT World သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါ သည်။ အဆိုပါသဘောတူညီချက်အသစ်သည် ၁၃ နှစ်တာကာလ အကျုံးဝင်မည်ဖြစ်ပြီး ဘူလ်ဂေးရီးယားနိုင်ငံအပါအဝင် ဥရောပ၏ သဘာဝဓာတ်ငွေ့ဖူလုံရေးအတွက် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ အထက်ပါသဘောတူညီချက်ကို တူကီယဲရေနံ ပိုက်လိုင်းကော်ပိုရေးရှင်းနှင့် ဘူလ်ဂါဂက်ဇ် (Bulgargaz) ကုမ္ပဏီတို့မှ အထွေထွေမန်နေဂျာ များက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကား ၁၁၆ စီးအား ဝယ်ယူရန် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကား ၁၁၆ စီးအား ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ ပါသည်။

တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း

Trend;Jan-5(Thu)

တူကီယဲနှင့် ရုရှားနိုင်ငံတို့အကြား မကြာသေးမီကရရှိခဲ့သည့် သဘောတူညီချက် အရ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ ရိုမေးနီးယားနှင့် ဟန်ဂေရီအစိုးရများအကြား အစိမ်းရောင်စွမ်းအင်တင်ပို့မှုဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်း

Azer news; Feb-5(Sun)

အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ ရိုမေးနီးယားနှင့် ဟန်ဂေရီအစိုးရများအကြား ပင်လယ်နက်မှတစ်ဆင့် ဥရောပနိုင်ငံများသို့ အစိမ်းရောင်စွမ်းအင်တင်ပို့မှုဆိုင်ရာ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး (Peter Szijjarto) က ပြောကြားခဲ့သည်ဟု Azer news သတင်းဌာနက ဖေဖော်ဝါရီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသည် အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖြန့်ဖြူးရေးနယ်ပယ်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ၄ နိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးအဆင့် အစည်းအဝေးဖြစ်ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံမှ အစိမ်းရောင်စွမ်းအင်များအား ဂျော်ဂျီယာနှင့် ရိုမေးနီးယားနိုင်ငံမှတစ်ဆင့် ဟန်ဂေရီနိုင်ငံသို့ ပို့ဆောင်သွားရန် ပင်လယ်နက်တွင် ၁,၁၉၅ ကီလိုမီတာ ရှည်လျားသော ကမ္ဘာ့အရှည်ဆုံး ရေအောက်လျှပ်စစ်ကေဘယ်ကြိုးကို တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ဟန်ဂေရီစွမ်းအင်လုံခြုံရေးမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပီတာက ပြောကြားခဲ့ပါသည်။ ထို့အတူ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနှင့် ရိုမေးနီးယားမှ ဟန်ဂေရီသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်မည်ဖြစ်ပြီး စွမ်းအင်လုံခြုံရေးကို ပိုမိုတိုးတက် ကောင်းမွန်လာ၍ ရာသီဥတုပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီရန် အတွက်လည်း နီးစပ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါ ၄ နိုင်ငံသည် အစိမ်းရောင်စွမ်းအင်ကိစ္စရပ်နှင့်ပတ်သက်၍ အဇာဘိုင်ဂျန်-ဂျော်ဂျီယာ-ရိုမေးနီးယား-ဟန်ဂေရီအလုပ်အဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း သိရှိရ ပါသည်။

Ref; Azerbaijan, Georgia, Romania, Hungary set up working group on green energy issue

Wednesday, January 4, 2023

တူကီယဲနှင့် ဘူလ်ဂေးရီးယားတို့သည် သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့

တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၁.၅ ဘီလီယံကုဗမီတာအထိ ပေးပို့နိုင်သည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း TRT World သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါ သည်။

ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကားများဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ခြင်း

ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကား ၁၁၆ စီးအား ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ ပါသည်။

တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း

Trend;Jan-5(Thu)

တူကီယဲနှင့် ရုရှားနိုင်ငံတို့အကြား မကြာသေးမီကရရှိခဲ့သည့် သဘောတူညီချက် အရ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

တူကီယဲနှင့် ယူကရိန်းသမ္မတတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) တို့သည် ယူကရိန်း နိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့်အခြေအနေများနှင့်ပတ်သက်၍ ဇန်နဝါရီလ ၅ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့သည်ဟု တူကီယဲသမ္မတရုံးက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။

အမေရိကန်နှင့် တူကီယဲတို့သည် ISIL(ISIS) အဖွဲ့အား ပံ့ပိုးကူညီခဲ့သည်ဟု သံသယရှိသော လူပုဂ္ဂိုလ်များနှင့် စီးပွားရေးကွန်ရက်တစ်ခုအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်း

Aljazeera; Jan-5(Thu)

အမေရိကန်နှင့် တူကီယဲနိုင်ငံတို့သည် ISIL(ISIS) အဖွဲ့အတွက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့သည်ဟု သံသယရှိသော လူပုဂ္ဂိုလ်များနှင့်စီးပွားရေးကွန်ရက်တစ်ခုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု Aljazeera သတင်း ဌာနက ဇန်နဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း

တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့.၅ ဘီလီယံကုဗမီတာအထိ ပေးပို့နိုင်သည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း TRT World သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါ သည်။ အဆိုပါသဘောတူညီချက်အသစ်သည် ၁၃ နှစ်တာကာလ အကျုံးဝင်မည်ဖြစ်ပြီး ဘူလ်ဂေးရီးယားနိုင်ငံအပါအဝင် ဥရောပ၏ သဘာဝဓာတ်ငွေ့ဖူလုံရေးအတွက် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ အထက်ပါသဘောတူညီချက်ကို တူကီယဲရေနံ ပိုက်လိုင်းကော်ပိုရေးရှင်းနှင့် ဘူလ်ဂါဂက်ဇ် (Bulgargaz) ကုမ္ပဏီတို့မှ အထွေထွေမန်နေဂျာ များက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, January 3, 2023

ယူကရိန်းနှင့် ဥရောပသမဂ္ဂတို့သည် ဖေဖော်ဝါရီလတွင် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်အား ကျင်းပပြုလုပ်သွားမည်ဆိုခြင်း

Malaymail; Jan-3 (Tue)

ယူကရိန်းနှင့် ဥရောပသမဂ္ဂ (European Union-EU) တို့သည် ဘဏ္ဍာရေးနှင့် စစ်ရေးဆိုင်ရာအကူအညီများပေးအပ်ရေးနှင့်ပတ်သက်သည့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၃ ရက်တွင် ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ် (Kyiv) ၌ ကျင်းပပြုလုပ် သွားမည်ဟု ယူကရိန်းသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ကြောင်း Malaymail သတင်းဌာနက ဇန်နဝါရီလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။

Monday, January 2, 2023

ဗြိတိန်အစိုးရသည် အယ်လ်ဘေးနီးယားရွှေ့ပြောင်းဝင်ရောက်သူများ ပြည်နှင်ဒဏ်ပေးရေးဆိုင်ရာ ဥပဒေတစ်ရပ်ကိုပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိခြင်း

The National News; Jan-2 (Mon)

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနပ် (Rishi Sunak) သည် အယ်လ်ဘေးနီးယား ရွှေ့ပြောင်းဝင်ရောက်လာသူများအား လေကြောင်းမှတစ်ဆင့်နှင်ထုတ်ရာတွင် ပိုမိုလွယ်ကူ စေမည့် ဥပဒေတစ်ရပ်အား အဆိုပြုပြဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း The National News သတင်းဝဘ်ဆိုက်က ဇန်နဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။

Sunday, January 1, 2023

တူကီယဲနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအပေါ် အခွန်ကောက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်လုပ်ဆောင်သွားမည်ဆိုခြင်း

တူကီယဲနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအပေါ် အခွန်ကောက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Novinite သတင်းဌာနက ဇန်နဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါအစီအစဉ်အရ နိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအနေဖြင့် ဟိုတယ်များ၊ မိုတယ်များ၊ တည်းခိုခန်းများနှင့် ခရီးသွားအေဂျင်စီများမှ စီစဉ်ထားသည့် နေရာထိုင်ခင်းများအတွက် အခွန် ၂ ရာခိုင်နှုန်း အပိုပေးဆောင်ရမည်ဖြစ်ပါသည်။ သို့သော် သံတမန်ရေးဆိုင်ရာ မစ်ရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သံတမန်အဆင့်ရှိ ဝန်ထမ်းများအနေဖြင့် ခရီးသွားအခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် ခရီးသွား အခွန် ကောက်ခံခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ၂၀၁၉ ခုနှစ်တွင် ပြန်လည်ချမှတ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ကိုဆိုဗိုတွင်NATO တပ်ဖွဲ့ဝင်များ တည်ရှိမှုအရေ အတွက်အားတိုးမြှင့်ရန် လုပ်ဆောင်လျက်ရှိခြင်း

ကိုဆိုဗိုအနေဖြင့် အနောက်ဘောလ်ကန်ဒေသတွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ခိုင်မာအားကောင်းလာစေရန်အတွက် ကိုဆိုဗိုရှိ NATO တပ်ဖွဲ့ဝင်များ တည်ရှိမှုအရေ အတွက်အားတိုးမြှင့်ရန် မျှော်မှန်းထားကြောင်း ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ကိုဆိုဗို၏ ကာကွယ်ရေးအသုံးစရိတ်၊ တပ်ဖွဲ့ဝင်အရေအတွက်နှင့် အရန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ကိုဆိုဗို၌ ဂျာမနီနိုင်ငံမှ တပ်ဖွဲ့ဝင် ၇၀ ဦးခန့်အပါအဝင် NATO ဦးဆောင်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၃,၈၀၀ ဦးခန့် တပ်ဖြန့်ချထားကြောင်း သိရှိရပါသည်။

ဆွီဒင်နိုင်ငံသည်ဥရောပသမဂ္ဂကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုလွှဲပြောင်းရယူသွားမည်ဆိုခြင်း

ဆွီဒင်နိုင်ငံသည် ချက်သမ္မတနိုင်ငံထံမှ ဥရောပသမဂ္ဂကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဇန်နဝါရီလ ၁ ရက်တွင် လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၁ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် ဂါဘွန်၊ ဘရာဇီးလ်နှင့် ဂွါတီမာလာနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ဂါဘွန်၊ ဘရာဇီးလ်နှင့် ဂွါတီမာလာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၁ ရက်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။

တူကီယဲ စစ်အခြေစိုက်စခန်းတစ်ခုအား အမည်မသိတိုက်ခိုက်သူများက ဖေဖော်ဝါရီလ ၁ ရက်တွင် ဒုံးကျည် ၈ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း

အီရတ်နိုင်ငံမြောက်ပိုင်း၊ နိုင်းဗက်ရှ် (Ninevah) ပြည်နယ်ရှိ Zilkan တူကီယဲ စစ်အခြေစိုက်စခန်းတစ်ခုအား အမည်မသိတိုက်ခိုက်သူများက ဖေဖော်ဝါရီလ ၁ ရက်တွင် ဒုံးကျည် ၈ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုံးကျည် ၂ စင်းသည် စခန်းအတွင်းပိုင်းသို့ ကျရောက်ခဲ့ကြောင်း အီရတ်ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြမ်းဖက်မှုနှိမ်နင်းရေး အဖွဲ့က ပြောကြားခဲ့သည်ဟု Pak Observer သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်အခြေစိုက်စခန်းထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိ ကြောင်းနှင့် လူအသေအပျောက်မရှိကြောင်းကိုလည်း တူကီယဲလုံခြုံရေးသတင်းအရင်းအမြစ်က ပြောကြားခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လုပ်ဆောင် သည်ဟု ချက်ချင်းထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရှိရပါသည်။