Thursday, April 28, 2022

ပိုလန်နိုင်ငံသည် အကြီးစားစစ်ရေးလေ့ကျင့်ခန်းတစ်ခုအား ပြုလုပ်သွားမည်ဆိုခြင်း

RT; Apr-28 (Thu)

ပိုလန်နိုင်ငံက အကြီးစားစစ်ရေးလေ့ကျင့်ခန်းတစ်ခုအား ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်းနှင့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းအား မေလ ၁ ရက်မှ ၃၁ ရက်ထိကျင်းပပြုလုပ်သွားမည်ဟု ပိုလန်စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား ကြောင်း ရုရှားနိုင်ငံပိုင် RT သတင်းဌာနက ဧပြီလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန် နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းအား ဝင်ရောက်ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ရန် ပြင်ဆင်လျက်ရှိကြောင်း ရုရှားပြည်ပ ထောက်လှမ်းရေးဌာန(Russia Foreign Intelligence Service-SVR)၏ ညွှန်ကြားရေးမှူး ဆာဂျီနာရှက်ရှ်ကင်(Sergy Naryshkin)က စွပ်စွဲပြောကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ပိုလန်နိုင်ငံ၏ အထက်ပါ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းအား သမိုင်းကြောင်းအရ ၎င်းတို့နိုင်ငံပိုင်ဖြစ်ကြောင်း ယူဆလျက်ရှိပြီး ရုရှားနိုင်ငံ၏ စစ်ရေးအရတိုက်ခိုက်မှုများကို ကာကွယ်ပေးသွားရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းသို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်၍ ၎င်းဒေသအား ပိုလန်နိုင်ငံပိုင်ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း နာရှက်ရှ်ကင်က ပြောကြားထားခဲ့ပါသည်။

ထို့ပြင် ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းအား သိမ်းပိုက်နိုင်ရန် အတွက် အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိသည့်အပြင် အခြားသော နိုင်ငံများအားလည်း ၎င်းတို့နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လာစေရန် ကြိုးပမ်းလျက်ရှိ ကြောင်းလည်း နာရှက်ရှ်ကင်က ထည့်သွင်းပြောကြားခဲ့ပါသည်။ ပိုလန်အစိုးရကမူ ၎င်းတို့နိုင်ငံ အနေဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းအား တိုက်ခိုက်သိမ်းပိုက်ရန် အစီအစဉ်မရှိကြောင်းနှင့် နာရှက်ရှ်ကင်အနေဖြင့် ပိုလန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား နားလည်မှုလွဲမှားစေရန်ရည်ရွယ်၍ အထက်ပါအတိုင်း စွပ်စွဲပြောကြားမှုများကို ပြုလုပ် နေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။ ပိုလန်စစ်ဘက်အနေဖြင့် အကြီးစား စစ်ရေးလေ့ကျင့်ခန်းအား ကျင်းပပြုလုပ်သွားရန် ထုတ်ဖော်ပြောကြားခဲ့သော်လည်း ၎င်းစစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်မည့်တပ်ဖွဲ့ဝင်များ၏ အရေအတွက်နှင့် အသုံးပြု သွားမည့် စစ်လက်နက်ပစ္စည်းများ၊ စစ်သုံးယာဉ်များ၏ အရေအတွက်အား ထုတ်ပြန် ဖော်ပြထားခြင်းမရှိခဲ့ကြောင်းသိရှိရပါသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ဗင်နီဇွဲလားနိုင်ငံ၌ ကောလိပ်ကျောင်းဖွှင့်လှစ်ပေးခဲ့ခြင်း

 

    တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလတ်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော် ကာရာကတ်စ် (Caracas) တူရကီ Maarif Foundation အဖွဲ့၏ San Roman ကောလိပ်ကျောင်းကို ဧပြီလ ၂၈ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဧပြီလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ကျောင်းဖွင့်လှစ်မှုသည် ဗင်နီဇွဲလားနိုင်ငံ၏အနာဂတ်အား သိသာထင်ရှားစွာ တိုးတက် စေမည်ဟု ယုံကြည်လျက်ရှိကြောင်း မက်ဗလတ်ကာဗူဆိုဂလူက အဆိုပါကောလိပ်ဖွင့်ပွဲ၌ ပြောကြားခဲ့ပါသည်။ ထို့ပြင် မကြာမီကာလအတွင်း၌ ကောလိပ်ကျောင်းအရေအတွက်နှင့် ကျောင်းသား၊ ကျောင်းသူအရေအတွက် လျင်မြန်စွာတိုးတက်လာမည်ဟု ၎င်းအနေဖြင့် မျှော်မှန်းလျက်ရှိသည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Wednesday, April 27, 2022

လစ်သူရေးနီးယားနိုင်ငံ၌ အိန္ဒိယသံရုံးအသစ်အား ဖွင့်လှစ်သွားရန် အိန္ဒိယဝန်ကြီးချုပ်က အတည်ပြုခဲ့ခြင်း

 

Webindia 123; Apr-27 (Wed)

              အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) ဦးဆောင်သော ပြည်ထောင်စု အစိုးရအဖွဲ့သည် လစ်သူရေးနီးယားနိုင်ငံ၌ အိန္ဒိယသံရုံးအသစ်အား ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်သွားရန်အတည်ပြုခဲ့ကြောင်း Webindia 123 သတင်းဌာနက ဧပြီလ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) နှင့် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဂါဘရီလီရက်စ်လန်စ်ဘာ့ဂျစ် (Gabrielius Landsbergis) တို့သည် ဧပြီလ ၂၆ ရက်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အထက်ပါဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ လစ်သူရေးနီးယားနိုင်ငံ၌ အိန္ဒိယ သံရုံးအသစ်အားဖွင့်လှစ်ရန် ဆုံးဖြတ်ချက်သည် အိန္ဒိယနိုင်ငံ၏အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်သည့် ခြေလှမ်းသစ်တစ်ခုစတင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်၊၊

              အထက်ပါသံရုံးအသစ်အား ဖွင့်လှစ်ခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ သံတမန်ရေးရာ ကိစ္စရပ်များတိုးမြှင့်ဆောင်ရွက်နိုင်ခြင်းအပါအဝင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက် ခြင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုနက်ရှိုင်းခိုင်မာစေမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကြား လူမှုဆက်ဆံရေးကိုပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အိန္ဒိယ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ကောင်းများ ရရှိစေမည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြ ခဲ့ကြောင်း သိရှိရပါသည်။

Tuesday, April 26, 2022

တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြားဖြစ်ပေါ်လျက်ရှိသည့် ဆက်ဆံရေးတင်းမာ မှုများကို အဆုံးသတ်ရန် တူရကီသမ္မတသည် ယခုသီတင်းပတ်အတွင်း ဆော်ဒီသို့ သွားရောက်မည်ဆိုခြင်း

Avhal news; Apr-26 (Tue)

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ဧပြီလ ၂၈ ရက်တွင် သွားရောက်၍ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့်တွေ့ဆုံရန် ပြင်ဆင်လျက်ရှိကြောင်း Middle East Eye သတင်းဌာနကဖော်ပြခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ ဆော်ဒီ အာရေဗျကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီအာရေဗျအတိုက်အခံသတင်းထောက် ဂျမေးလ်ခါရှော့ဂီ (Jamal Khoshoggi) သတ်ဖြတ်ခံရပြီးနောက် ယိုယွင်းလာခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြုပြင်ရန် ကြိုးပမ်းမှုအဖြစ် အဆိုပါခရီးစဉ်အား သွားရောက်ရန် စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့၏ ဆက်ဆံရေးသည် ၁၉ ရာစုမှစ၍ ရှုပ်ထွေးသောဆက်နွှယ်မှုများ ရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ်က ဆော်ဒီအာရေဗျ သတင်းထောက် ဂျမေးလ်ခါရှော့ဂီ သတ်ဖြတ်ခံခဲ့ရမှုသည် နှစ်နိုင်ငံဆက်ဆံရေးကို တင်းမာလာစေခဲ့ပါ သည်။ ဂျမေးလ်ခါရှော့ဂီသည် ထင်ရှားကျော်ကြားသည့် သတင်းသမားတစ်ယောက် ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီသံရုံးသို့သွားရောက်စဉ် အသတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ အဆိုပါလုပ်ကြံသတ်ဖြတ်မှုသည် ဆော်ဒီအာရေဗျထောက်လှမ်းရေးသမားများ၏ လုပ်ရပ်ဖြစ်ကြောင်း တူရကီအာဏာပိုင် များက ပြောကြားခဲ့သော်လည်း ဆော်ဒီအာရေဗျအစိုးရအရာရှိများကမူ ၎င်းတို့၏လုပ်ရပ် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၄ နှစ် အကြာဖြစ်သည့် ၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်တွင် တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) နှင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ်ဘင်ဖာဟန် အယ်လ်ဆော့ဒ် (Faisal bin Farhan Al Saud) တို့သည် နှစ်နိုင်ငံအကြားဖြစ်ပေါ် လျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးသည် လိပ်ခဲတည်းလည်းအနေအထားတွင်သာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် နှစ်နိုင်ငံအကြား ယိုယွင်းပျက်စီးလျက်ရှိသည့် ဆက်ဆံရေးကို ပြုပြင်ရန် ကြိုးပမ်းမှုအဖြစ် ဧပြီလ ၂၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ရန်စီစဉ်ခဲ့သော်လည်း အချိန်ဇယားရေးဆွဲမှု ပြဿနာများအရ လာမည့် မေလအထိ ကြန့်ကြာနိုင်မည်ဖြစ်ပါသည်။ အာဒိုဂန်၏ ဆော်ဒီအာရေဗျခရီးစဉ်သည် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် စီးပွားရေးအကျပ်အတည်းများအတွက် အရင်းအနှီးနှင့် ရင်းနှီးမြှုပ်နှံမှုများ ရယူရန်အပြင် ဆော်ဒီအာရေဗျနိုင်ငံနှင့် ဆက်ဆံရေးကိုမြှင့်တင်နိုင် စေရန်အတွက်လည်းဖြစ်ပါသည်။ သို့ဖြစ်၍ ယခုကဲ့သို့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များအား အတူတကွလုပ်ဆောင်ခြင်းအပြင် ဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်သွားနိုင်မည်ဆိုပါက ယခင်ဖြစ်ပေါ်ခဲ့သည့် ဆက်ဆံရေး တင်းမာမှုများကို ပြေလျော့စေနိုင်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ရုရှားနိုင်ငံသည် ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံအပေါ် ဓာတ်ငွေ့ထောက်ပံ့မှု ဆိုင်းငံ့ ထားကြောင်း နှစ်နိုင်ငံအာဏာပိုင်များက ပြောကြားခဲ့ခြင်း

 

APnews; Apr-26 (Tue)

              ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် သဘာဝဓာတ်ငွေ့ဝယ်ယူမှုတွင် ရူဘယ်လ် ငွေကြေးဖြင့် ပေးဆောင်ရမည်ဟူသော အဆိုပြုချက်ကို ငြင်းဆန်ခဲ့သောကြောင့် ရုရှား နိုင်ငံသည် ၎င်းတို့နိုင်ငံသို့ ပေးပို့လျက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ဖြတ်တောက် ခဲ့ကြောင်း ပိုလန်နှင့် ဘူလ်ဂေးရီးယားအာဏာပိုင်များက ဧပြီလ ၂၆ ရက်တွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီဖြစ်သည့် Gazprom ကုမ္ပဏီကလည်း ဧပြီလ ၂၇ ရက်မှစတင်ကာ ဓာတ်ငွေ့ပေးပို့မှုကို ရပ်ဆိုင်းသွားမည်ဟုလည်း ၎င်းတို့ နှစ်နိုင်ငံအား အသိပေးပြောကြားထားကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              ယူကရိန်းအပေါ် ရုရှားတို့ စစ်ရေးတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ နှောင်းပိုင်းမှစတင်ကာ ပိုလန်သည် ယူကရိန်းနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးအပ်လာသကဲ့သို့ ဘူလ်ဂေးရီးယားနိုင်ငံသည်လည်း ရုရှားနှင့်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ယူကရိန်းအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အခြားသောဥရောပနိုင်ငံများနှင့် ပူးပေါင်းကာ အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံကလည်း တန်ပြန်ဆောင်ရွက်သည့်အနေဖြင့် ၎င်းတို့ နိုင်ငံမှ ပေးပို့လျက်ရှိသည့် သဘာဝဓာတ်ငွေ့များနှင့်ပတ်သက်၍ ငွေပေးချေရာတွင် ဒေါ်လာနှင့် ယူရိုငွေကြေးအစား ရုရှားနိုင်ငံသုံး ရူဘယ်လ်ငွေကြေးဖြင့် ပေးချေရမည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ပြီးခဲ့သည့်လတွင်  ကြေညာခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါကြေညာချက်နှင့်ပတ်သက်၍ ဟန်ဂေရီနိုင်ငံ တစ်နိုင်ငံတည်းကသာ လိုက်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အခြားသော နိုင်ငံများကမူ ငြင်းပယ်ခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အပေါ် ဓာတ်ငွေ့ထောက်ပံ့မှုကို ဧပြီလ ၂၇ ရက်မှစတင်ကာ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ရုရှားနိုင်ငံက တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များ ဆောင်ရွက်နေသည့်နည်းတူ တစ်ဖက်တွင်လည်း ပိုလန်သည် ရုရှား၏ စွမ်းအင်ကဏ္ဍအပေါ် မှီခိုအားထားမှုများကိုလျှော့ချရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်နှစ်များအတွင်း၌ ဘောလ်တစ်ပင်လယ်ကမ်းရိုးတန်းရှိ မြို့တစ်မြို့တွင် နိုင်ငံ၏ ပထမဆုံး သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas-LNG) ဆိပ်ကမ်းအား ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင်လည်း နော်ဝေနိုင်ငံမှ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု သွယ်တန်းတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် ဘူလ်ဂေးရီးယားနိုင်ငံကလည်း နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီများသည် ဓာတ်ငွေ့အရင်းအမြစ်ရရှိရေးအတွက် အတူတကွ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ပိုလန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အနေဖြင့် စီစဉ်ဆောင်ရွက်ထားသည့် ကိစ္စရပ် များအား အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက ရုရှား၏ စွမ်းအင်ကဏ္ဍအပေါ် မှီခိုအားထားမှုများ လျှော့ချနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။