aljazeera;Mar-31(Tue)
အီရန်နိုင်ငံနှင့်ထိစပ်လျက်ရှိသော တူရကီနယ်စပ်ဒေသအတွင်းရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရပြီးနောက် အီရန်နိုင်ငံမှ တူရကီနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းခဲ့ရကြောင်း အီရန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ၏ အရာရှိတစ်ဉီးက ပြောကြားခဲ့ပါသည်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအား PKK ကာ့ဒ်သူပုန်အဖွဲ့က လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်းနှင့် အဆိုပါပိုက်လိုင်းသည် ပြီးခဲ့သည့် နှစ်များအတွင်းကလည်း တိုက်ခိုက်ခံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ပြုပြင်သွားရန်အတွက် အများဆုံး ၄ ရက်ကြာမြင့်မည် ဖြစ်ကြောင်းနှင့် ပြုပြင်ပြီးမှသာ ဓာတ်ငွေ့တင်ပို့မှု ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့ပါသည်။
အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးခံရမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါဒေသအတွင်း စစ်ဘက်တပ်ဖွဲ့ များအား တပ်ဖြန့်ချထားကြောင်း တူရကီနိုင်ငံပိုင် အန်နာဒိုလူ (Anadolu) သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံမှ တူရကီနိုင်ငံသို့ နှစ်စဉ်သဘာဝဓာတ်ငွေ့ ၁၀ ဘီလီယံကုဗမီတာ တင်ပို့လျက်ရှိသည့် အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ကာ့ဒ်စစ်သွေးကြွများ၏တိုက်ခိုက်မှုကို မကြာခဏခံခဲ့ ရကြောင်း သိရှိရပါသည်။
No comments:
Post a Comment