Wednesday, April 1, 2020

အကျဉ်းသား ၉၀,၀၀၀ အား ပြန်လွှတ်ပေးရန် တူရကီအစိုးရက ပြင်ဆင်လျက်ရှိခြင်း

 IBTimes; Apr-1(Wed)

              တူရကီနိုင်ငံရှိအကျဉ်းထောင်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ အား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အာဏာရ တရားမျှတရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (Justice and Development Party-AKP) နှင့် အမျိုးသားလှုပ်ရှားမှုပါတီ (Nationalist Movement Party-MHP) တို့သည် မတ်လ ၃၁ ရက်တွင် တူရကီ လွှတ်တော်၌ ဥပဒေမူကြမ်းတစ်ရပ်အား တင်သွင်းခဲ့ပါသည်။ အဆိုပါ ဥပဒေမူကြမ်း အရ တူရကီအကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသူ ၄၅,၀၀၀ ဦးအား ယာယီလွတ်လပ်ခွင့်ပြုခြင်းနှင့် အခြားအကျဉ်းသား ၄၅,၀၀၀ ဦးကိုလည်း လက်ရှိ ပြစ်ဒဏ်ကျခံနေရမှုမှ အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်များ ပေးအပ်ခြင်းတို့ ပြုလုပ်သွား မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းဥပဒေမူကြမ်း၌ အသက် ၆၅ နှစ်အထက် အကျဉ်းသား များနှင့် ၆ နှစ် အောက်ကလေးငယ်ရှိသော အမျိုးသမီးအကျဉ်းသားများကိုလည်း လွှတ်ပေးသွားမည့်အပြင် ပြစ်ဒဏ်ကာလတစ်ဝက်အထိ အကျဉ်းကျပြီးသူများကိုလည်း ပြန်လည်လွတ်မြောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပါရှိပါသည်။

              သို့သော် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ကာဟစ်အော့ဇ်ကန် (Cahit Ozkan) ကမူ ယာယီလွတ်မြောက်ခွင့်ရရှိသူအကျဉ်းသားများအား အကျဉ်းထောင်မှ ၎င်းတို့၏နေအိမ်များတွင် လွှဲပြောင်းထိန်းသိမ်းသွားဖွယ်ရှိကြောင်း ပြောကြားထား ပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းကျခံနေရသူများအပါအဝင် လိင်အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အကြမ်းဖက်မှုတို့နှင့်ပတ်သက်၍ အကျဉ်းကျခံနေသူများမှာ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် ပါဝင်ခြင်းမရှိပေ။ တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အကျဉ်းသား ၇၀,၀၀၀ ‌ကျော်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment