Wednesday, November 4, 2020

ဂရိဆိုက်ပရပ်စ်နှင့် တူရကီဆိုက်ပရပ်စ်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန် ကုလသမဂ္ဂက အဆိုပြုပြောကြားခဲ့ခြင်း

 

AP; Nov-4 (Wed)

              ဂရိဆိုက်ပရပ်စ်သမ္မတ နီကို့စ်အန်နာစတာဆီယာဒက် (Nicos Anastasiades) နှင့် တူရကီဆိုက်ပရပ်စ်သမ္မတ  အာဆင်တာတာ (Ersin Tatar) တို့သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres) ၏ ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် တောင်းဆိုချက်အပေါ် သဘောတူထောက်ခံခဲ့ကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ အေလင်းစစ်ဒီး (Aleem Siddique) က နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် ၃ နှစ်ခွဲခန့် ကြာမြင့်ခဲ့ပြီးနောက် အလွတ်သဘောဆွေးနွေးပွဲ အား သင့်လျော်သောအခြေအနေတစ်ခုတွင် ပြန်လည်ကျင်းပပြုလုပ်ရန် အပြုသဘော ဆောင်၍ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းကြေညာခဲ့ပါသည်။ ခေါင်းဆောင် နှစ်ဦးအနေဖြင့် ၂ နာရီအကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ဂူတာရက်စ်၏ တောင်းဆိုချက် အပေါ်လိုက်နာရန် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။

              အာဆင်တာတာသည် တူရကီဆိုက်ပရပ်စ်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး နောက် သမ္မတနှစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် မျက်နှာစုံညီဆွေးနွေးပွဲတစ်ရပ်ကျင်းပ ပြုလုပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲအား ဆိုက်ပရပ်စ်ရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့အကြီးအကဲ အဲလိဇဘက်စဖီဟာ (Elizabeth Spehar) က ကမကထပြု ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် ဂရိ၊ တူရကီနှင့် ဗြိတိန်နိုင်ငံတို့လည်း ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း  သိရှိရပါသည်။

No comments:

Post a Comment