Anadolu Agency; Mar-9(Thu)
တူကီယဲ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ရေရှည်ခိုင်မာသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ယန္တရားတစ်ရပ် တည်ဆောက်သွားရန် သဘောတူညီခဲ့ကြသည့် အပြင် အဆိုပါမူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း NATO အဖွဲ့က မတ်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပါသည်။ ထို့ပြင် လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗွီနီးယက်စ် (Vilnius) ၌ ဇူလိုင်လတွင် ပြုလုပ်မည့် NATO ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ၎င်းတို့သုံးနိုင်ငံအကြား ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း လည်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဖင်လန်နှင့် ဆွီဒင်တို့သည် တူကီယဲ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်ရေးမကြုံစဖူးခြေလှမ်းများကို စတင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် လက်ရှိအချိန်သည် အဖွဲ့ဝင်မဟာမိတ်နိုင်ငံအားလုံးအတွက် ဗွီနီးယက်စ် မြို့၌ပြုလုပ်မည့် NATO ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဖွဲ့ဝင်သစ်လက်ခံမည့် အတည်ပြုရေး လုပ်ငန်းစဉ်ကိုအပြီးသတ်၍ ဖင်လန်နှင့်ဆွီဒင်နိုင်ငံတို့ကို အဖွဲ့ဝင်သစ်များအဖြစ် ကြိုဆို ရမည့်အချိန်ဖြစ်ကြောင်း NATO အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြားထားပါသည်။
လက်ရှိသုံးနိုင်ငံဆွေးနွေးမှုအတွင်း သက်ဆိုင်ရာကိုယ်စားလှယ်များသည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်မူကြမ်းကို အကောင်အထည်ဖော်နိုင်စေရေးအတွက် ခိုင်မာသည့်ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်မူကြမ်းတွင် သဘောတူညီ ခဲ့ကြသည့် ကိစ္စရပ်များမှာ သုံးနိုင်ငံအကြား လက်နက်တင်ပို့မှုကန့်သတ်ချက်များ မထားရှိရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေး ပူးပေါင်းဆောင်ရွက်မှုများကို သိသိသာသာ တိုးမြှင့်ရေးတို့ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဆွီဒင်နိုင်ငံသည် PKK အကြမ်းဖက် အဖွဲ့အပါအဝင် အကြမ်းဖက်မှုဆန့်ကျင်ရေးတင်းကျပ်သည့်ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ် ကြောင်း NATO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားပါသည်။ အထက်ပါ သဘောတူညီချက်မူကြမ်းကို တူကီယဲ၏ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို ဖြေရှင်း ဆောင်ရွက်ပေးရေးနှင့်ပတ်သက်၍ စပိန်နိုင်ငံ၊ မြို့တော် မတ်ဒရစ် (Madrid) ၌ပြုလုပ်သည့် NATO ထိပ်သီးဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့ဝင် ၃၀ ရှိသည့် NATO အဖွဲ့သို့ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့ ဝင်ရောက်ရေးနှင့်ပတ်သက်၍ တူကီယဲနှင့် ဟန်ဂေရီနိုင်ငံတို့ကသာ အတည်မပြုသေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment