Stiripesurse; Mar-15(Wed)
ရိုမေးနီးယားနှင့် အမေရိကန်အစိုးရတို့သည် နှစ်နိုင်ငံအကြား (၈) ကြိမ်မြောက် မဟာဗျူဟာဆိုင်ရာဆွေးနွေးမှုအား ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက် (Bucharest) မြို့၌ မတ်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပူးတွဲထုတ်ပြန်ချက်တစ်စောင်အား အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပါသည်။ အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် ဥရောပနှင့် ဗဟိုအာရှအကြား မဟာဗျူဟာဆက်သွယ်မှုတစ်ရပ်အဖြစ် ပင်လယ်နက်ဒေသ၏ အလားအလာများ အပြည့်အဝ ရရှိစေရန် ခွင့်ပြုပေးခြင်းအပါအဝင် အနာဂတ်ကာလအတွင်း မည်သည့်ရန်လိုမှုများကိုမဆို တားဆီးရာတွင် အတ္တလန္တိတ်ဖြတ်ကျော်စည်းလုံးညီညွတ်မှု၏အရေးပါမှုကို အဓိကအချက် အဖြစ် ဖော်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ မဟာဗျူဟာရေးရာအတွင်းဝန် ယူလီယန်ဖိုတာ (Iulian Fota) နှင့် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒါရက်ဟိုဂန် (Dereck Hogan) တို့က ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။
၎င်းတို့သည် ပင်လယ်နက်ဒေသအနေဖြင့် စွမ်းအင်ထောက်ပံ့မှုများအား လက်နက် အဖြစ်အသုံးပြုနေသည့် ရုရှားနိုင်ငံ၏လုပ်ဆောင်ချက်များအား ခံနိုင်ရည်ရှိစေရေးအတွက် သက်ဆိုင်သည့် စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကိုမြှင့်တင်ရန် အလေးထား ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ခရီးသွားလာခွင့်ကန့်သတ်ချက်များ လျှော့ပေါ့ပေးရေး အစီအစဉ်သို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် ဥပဒေအရ လိုအပ်သည့်စံသတ်မှတ်နှုန်းများ ပြည့်ဝစေရန် အမေရိကန်နိုင်ငံအနေဖြင့် ရိုမေးနီးယားနိုင်ငံအား ကူညီထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ အစည်းအဝေးအတွင်း နျူကလီးယားစွမ်းအင် နယ်ပယ်ရှိ မဟာဗျူဟာစီမံကိန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ အလားအလာများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကျိုးစီးပွား ကိစ္စရပ်၊ တရားရေးနှင့် ရဲတပ်ဖွဲ့နယ်ပယ်များ ပူးပေါင်းဆောင်ရွက်ရေး၊ လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (Organisation for Economic Co-operation and Development- OECD) သို့ ရိုးမေးနီးယားနိုင်ငံအား ဝင်ရောက်ခွင့်ရရှိရေးဆိုင်ရာလုပ်ငန်းစဉ်များ စသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ပူးတွဲထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။
သုံးသပ်ချက်
ရိုမေးနီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ၁၉၉၇ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက်ဆက်ဆံရေးတိုးမြှင့်မှုများ စတင်ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် လာခဲ့ပါသည်။ (၈)ကြိမ်မြောက် အမေရိကန်-ရိုမေးနီးယား မဟာဗျူဟာဆိုင်ရာ ဆွေးနွေး မှုသည် ဆယ်စုနှစ်များအတွင်း ဥရောပ-အတ္တလန္တိတ်လုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု၏ နောက်ဆက်တွဲအခြေအနေများအပေါ် ဆန့်ကျင်သည့်အနေဖြင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ရုရှား-ယူကရိန်းပဋိပက္ခ၏ အကျိုးဆက်များအနေဖြင့် စွမ်းအင်နှင့် အစားအစာလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ယူကရိန်းပြည်သူများအပါအဝင် နိုင်ငံတကာအပေါ် ဆိုးရွားသည့်သက်ရောက်မှုများ အပေါ် အဓိကထားဆွေးနွေးခဲ့ပါသည်။ ဥရောပနှင့် ဗဟိုအာရှအကြား မဟာဗျူဟာ ဆက်သွယ်မှုတစ်ရပ်အဖြစ် ပင်လယ်နက်ဒေသ၏ အလားအလာများ အပြည့်အဝရရှိ စေရန်အတွက် ချဉ်းကပ်မှုများအား ခွင့်ပြုပေးခြင်းအပါအဝင် အနာဂတ်ကာလအတွင်း မည်သည့်ရန်လိုမှုများကိုမဆို တားဆီးရာတွင် အတ္တလန္တိတ်စည်းလုံးညီညွတ်မှုသည် အရေးပါလျက်ရှိသည်ဟု နှစ်နိုင်ငံအနေဖြင့် ပူးတွဲထုတ်ပြန်ကြေညာခဲ့ပါသည်။ ပင်လယ်နက် ဒေသ၌ ရုရှား၏ မတည်ငြိမ်သောလုပ်ဆောင်ချက်များ၏ ဖြစ်နိုင်ချေရှိသော အန္တရာယ်ကို အထူးသတိပြုမိသဖြင့် မော်လ်ဒိုဗာသမ္မတနိုင်ငံ၏ လုံခြုံရေးနှင့်တည်ငြိမ်မှုကို ကာကွယ်ရေး အတွက် ဥရောပပေါင်းစည်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန်နှင့် NATO အဖွဲ့အတွင်း စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်ကတိပြုခဲ့ကြပါသည်။ ထို့ပြင် ပင်လယ်နက်ဒေသအနေဖြင့် စွမ်းအင်ထောက်ပံ့မှုများအား လက်နက်အဖြစ် အသုံးပြုနေသည့် ရုရှားနိုင်ငံ၏လုပ်ဆောင်ချက်များအား ခံနိုင်ရည်ရှိစေရေးအတွက် သက်ဆိုင်သည့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို မြှင့်တင်ရန် အလေးထားဆွေးနွေးခဲ့ပါသည်။ သို့ဖြစ်၍ မဟာဗျူဟာမြောက်ဆွေးနွေးမှုမှတစ်ဆင့် ရုရှား၏လုပ်ဆောင်ချက်များကို ဟန့်တားနိုင်ရန်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်မြှင့်တင်လာနိုင်ဖွယ်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း ပိုမိုနက်ရှိုင်း လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment