Reuters; Apr -19(Mon)
အစ္စရေးနှင့် ဂရိနိုင်ငံတို့သည် အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံတန်ဖိုး ရှိသည့် ကာကွယ်ရေးပစ္စည်းဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်အား ဧပြီလ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၎င်းသဘောတူညီချက်သည် နှစ်နိုင်ငံအကြား ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်ခန်း ကျင်းပခြင်းအပြင် နိုင်ငံရေးနှင့်စီးပွားရေးတို့ကို ခိုင်မြဲစေမည့် အကြီးမားဆုံးသော ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုလည်းဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံတန်ဖိုးရှိသည့် သဘောတူစာချုပ်တွင် အစ္စရေးကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Elbit Systems အနေဖြင့် ဂရိလေတပ်အတွက် လေကျင့်ရေး စင်တာတစ်ခု တည်ဆောက်ပေးရမည်ဖြစ်ပါသည်။ ယင်းလေ့ကျင့်ရေးစင်တာအား အစ္စရေး၏ ကိုယ်ပိုင်လေကြောင်းတက္ကသိုလ်ပုံစံအတိုင်း စံနမူနာထား၍ တည်ဆောက် သွားမည်ဖြစ်ပါသည်။
အထက်ပါ လေ့ကျင့်ရေးစင်တာတွင် အီတလီနိုင်ငံ လီယိုနာဒိုကုမ္ပဏီမှ ထုတ်လုပ်သော M-346 အမျိုးအစား လေ့ကျင့်ရေးအမောင်းသင်လေယာဉ် ၁၀ စင်းအား အသုံးပြုသွားမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်တွင် ဂရိ၊ ဆိုက်ပရပ်စ်နှင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အဆိုပါသဘောတူကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း လည်းဖြစ်ပါသည်။ ဂရိနှင့် အစ္စရေးလေတပ်တို့သည် ဧပြီလ ၁၈ ရက်တွင်လည်း ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတစ်ခုကို ဂရိနိုင်ငံတွင် စတင်ပြုလုပ်ခဲ့ပါသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းအတွင်း ရုရှားနိုင်ငံထုတ် S-300 အမျိုးအစား လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်များ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်သည့် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment