Thursday, April 8, 2021

တူရကီသမ္မတသည် D-8 ညီလာခံသို့တက်ရောက်သွားမည်ဆိုခြင်း

Anadalu Agency; Apr-8(Thu)
            တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဧပြီလ ၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၁၀)ကြိမ်မြောက် D-8 ညီလာခံသို့တက်ရောက်သွားမည်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အဆိုပါဆွေးနွေးပွဲ၌ လာမည့် ၂ နှစ်တာကာလအတွက် တာဝန်ထမ်းဆောင်မည့် D-8 အဖွဲ့၏ဥက္ကဋ္ဌတာဝန်အား တူရကီနိုင်ငံထံသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။ “ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုတစ်ခုအတွက် မိတ်ဖက်ဆက်ဆံရေး၊ လူငယ်နှင့်နည်းပညာ စွမ်းအားကိုအသုံးချခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သွားမည့် ညီလာခံသို့ D-8 အဖွဲ့ဝင် နိုင်ငံများ၏ခေါင်းဆောင်များအပြင် အထူးဧည့်သည်အဖြစ်ဖိတ်ကြားခံရသည့် အစ္စလာမ္မစ် ဖွံ့ဖြိုးတိုးတက်မှုဘဏ်ဥက္ကဋ္ဌလည်း တက်ရောက်မည်ဖြစ်ပါသည်။ 
     ညီလာခံအတွင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များသည် D-8 ၏အစီအစဉ်တွင် ပါဝင်သွားမည်ဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေသော ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်များဖလှယ်သွားမည်ဖြစ်ပါသည်။ အစည်းအဝေးအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုတိုက်ဖျက်ရာ၌ ညှိနှိုင်းဆောင်ရွက်ခြင်း အပြင် အဖွဲ့အစည်းအတွင်းရှိ နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများအရှိန်မြှင့်ရန်၊ အနာဂတ်အတွက် မျှော်မှန်းချက်ကိုဖော်ထုတ်ရန်နှင့် လမ်းပြမြေပုံရေးဆွဲရန်တို့ကို ရည်ရွယ်၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ညီလာခံအပြီးတွင် ၂၀၂၀-၂၀၃၀ ပြည့်နှစ်အတွက် Dhaka Declaration နှင့် D-8 Decennial Roadmap စာရွက်စာတမ်းနှစ်ခုကို အတည်ပြုသွား မည်ဖြစ်သည်ဟု သိရှိရပါသည်။

No comments:

Post a Comment