Sunday, March 6, 2022

တူရကီနှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီးတို့သည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း

 

Ahvalnews; Mar-6 (Sun)

              တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် ရုရှား-ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တစ်ရပ် ထူထောင်ခြင်းကို အပစ် အခတ်ရပ်စဲရေးအတွက် လိုအပ်သော နည်းလမ်းတစ်ရပ်အဖြစ်လုပ်ဆောင်ရန် လိုအပ် ကြောင်း မတ်လ ၆ ရက်တွင် ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီရက်ခ်နီကော့ဗ် (Oleksii Reznikov) ထံ ပြောကြားခဲ့ကြောင်း Daily Sabah သတင်းစာက ဖော်ပြ ခဲ့ပါသည်။ ထို့ပြင် စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံတွင် ပိတ်မိနေသော တူရကီနိုင်ငံသား များအား ရွှေ့ပြောင်းမှုများဆက်လက်လုပ်ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဟူလူဆီအကာ က ၎င်း၏ စိုးရိမ်ပူပန်မှုများအား  ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရုရှားနှင့် ယူကရိန်း နိုင်ငံတို့သည် မာရီယူပူးလ်(Mariupol) မြို့နှင့် ဗော်နိုဗာခါ (Volnovakha) မြို့အနီး လူသားချင်းစာနာထောက်ထားမှုစင်္ကြံများ ထူထောင်ရန်အတွက် မတ်လ ၅ ရက်တွင် အပစ်အခတ်ရပ်စဲရန်အတွက် သဘောတူညီခဲ့ကြပါသည်။

              သို့သော်လည်း မြို့များအား ပြန်လည်ဖွင့်လှစ်မည့် မတ်လ ၆ ရက် ဒေသ စံတော်ချိန် နေ့လယ် ၁၂ နာရီမတိုင်မီအချိန်အတွင်း နှစ်နိုင်ငံအကြား တိုက်ခိုက်မှု များဆက်လက်ဖြစ်ပွားခဲ့သဖြင့် အထက်ပါစင်္ကြံများကို ယာယီပိတ်ထားခဲ့ရကြောင်း ဒိုးနက်စ် (Donetsk) ဒေသရှိ ယူကရိန်းအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါသည်။ ရုရှား နိုင်ငံသည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံသို့ စစ်ရေးအရဝင်ရောက် တိုက်ခိုက်စဉ် ထောင်ပေါင်းများစွာသော တူရကီနိုင်ငံသားများသည် ယူကရိန်းနိုင်ငံတွင် ကျန်ရှိနေခဲ့ပါသည်။ မျှော်မှန်းထားသည့် ကျူးကျော်မှုမတိုင်မီ ယူကရိန်းနိုင်ငံရှိ ၎င်းတို့ နိုင်ငံသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အနောက်နိုင်ငံများက တိုက်တွန်း ခဲ့သော်လည်း တူရကီနိုင်ငံသည်  ယူကရိန်းနိုင်ငံရှိ ၎င်း၏ နိုင်ငံသားများအား အလားတူ အကြံပေးခြင်းမျိုး ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား စတင် တိုက်ခိုက်ခဲ့ပြီးနောက် တူရကီနိုင်ငံသည် ၎င်း၏နိုင်ငံသားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှုမတိုင်မီ အထက်ပါကဲ့သို့ အကြံပြုချက်အစား နိုင်ငံအရှေ့ပိုင်းဘက်ရှိ ဒွန်းဘတ်စ်ဒေသသို့ ခရီးသွားလာခြင်းအား ရှောင်ကြဉ်ရန်သာ တိုက်တွန်းခဲ့ပါသည်။ သို့သော်လည်း တူရကီနိုင်ငံသည် ဥရောပရှိ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ၎င်းတို့ နိုင်ငံသားများအား နေရပ်ပြန်ရေးအတွက် လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ရန် စီစဉ်ပေး ခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၃ ရက်အထိ ခန့်မှန်းခြေ နိုင်ငံသား ၉,၆၅၃ ဦးအား ကယ်ဆယ် နိုင်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့ပါသည်။ ထို့ပြင် မတ်လ ၅ ရက်အထိ နောက်ထပ် နိုင်ငံသား ၂၇၃ ဦး သည် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ၎င်းက ထုတ်ပြန်ထားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment