Wednesday, March 2, 2022

ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း

Tahrir2day; Mar-2 (Wed)

              ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက် ပစ္စည်းများ ထောက်ပံ့သွားမည်မဟုတ်ကြောင်းနှင့် ယူကရိန်းနိုင်ငံသို့ပေးပို့မည့် စစ်လက်နက် ပစ္စည်းများကိုလည်း ၎င်းတို့နိုင်ငံမှတစ်ဆင့် ဖြတ်သန်းပေးပို့ခွင့်ပြုမည်မဟုတ်ကြောင်းဖြင့်  ရုရှား-ယူကရိန်းစစ်ပွဲနှင့်စပ်လျဉ်း၍ ဟန်ဂေရီနိုင်ငံ၏ရပ်တည်ချက်အား  နိုင်ငံခြားရေး ဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က မတ်လ ရက်တွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

              ယူကရိန်းအရေးနှင့်ပတ်သက်၍ လိပ်ခဲတည်လည်း အခြေအနေဖြစ်ပေါ်နေစဉ် တွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(North Atlantic Treaty Organization-NATO) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော အမေရိကန်၊ ကနေဒါ၊ ဂရိ၊ စပိန်နိုင်ငံများနှင့် ဥရောပသမဂ္ဂ တို့သည် ယူကရိန်းနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ စစ်ရေးထောက်ပံ့မှုများနှင့် စစ်လက်နက်ပစ္စည်းများ ပေးပို့လျက်ရှိပါသည်။ သို့သော် လက်ရှိတွင် NATO အဖွဲ့ဝင်ဖြစ်သည့် ဟန်ဂေရီနိုင်ငံကမူ ယူကရိန်းနိုင်ငံသို့ စစ်ဘက် တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့သွားမည်မဟုတ်ကြောင်းနှင့် မိတ်ဖက် နိုင်ငံများမှ ယူကရိန်းနိုင်ငံသို့ပေးပို့သည့် စစ်လက်နက်ပစ္စည်းများကိုလည်း ၎င်း၏နိုင်ငံ အတွင်းမှ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ယူကရိန်းနိုင်ငံမှတစ်ဆင့်ဝင်ရောက်လာမည့် လက်နက်ကိုင်တပ်ဖွဲ့များအား ကာကွယ်တားဆီးနိုင်ရေးအတွက် နိုင်ငံ၏အရှေ့ဘက် နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင်များ ထပ်မံတပ်ဖြန့်ချသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ယူကရိန်းနိုင်ငံ၏ အနောက်ပိုင်းတွင်နေထိုင်သည့် ဟန်ဂေရီနိုင်ငံသားများအပါအဝင် နိုင်ငံသားအားလုံးကို ကာကွယ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်မူ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြားဖြစ်ပွားလျက် ရှိသည့် အပြန်အလှန်ရန်လိုမှုများအား ရပ်တန့်ရန် တောင်းဆိုခဲ့ပြီး  နှစ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို သံတမန်ရေးနည်းလမ်းအရ ဆက်လက် ဖြေရှင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြားပြုလုပ်မည့် အလားအလာရှိသောဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးရန် အသင့်အနေထားတွင်ရှိကြောင်းနှင့် ပဋိပက္ခများ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သည့်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် အခမ်းအနား တစ်ရပ်ပြုလုပ်ပေးရန်လည်း အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိ ရပါသည်။ သို့ဖြစ်၍ ဟန်ဂေရီနိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခတွင် ကြားနေနိုင်ငံ အဖြစ် ဆက်လက်ရပ်တည်သွားနိုင်ဖွယ်ရှိပြီး နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကိုသာ အလေးထားဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

No comments:

Post a Comment