Tuesday, May 16, 2023

ဟန်ဂေရီသည် ယူကရိန်းအတွက် EU ၏ နောက်ထပ်ပံ့ပိုးမှုအား တားမြစ်သွားမည်ဆိုခြင်း



Tvp World;May-16(Tue)

EU အနေဖြင့် ဥရောပငြိမ်းချမ်းရေးပံ့ပိုးမှုအစီအစဉ် (European Peace Facility- EPF) ခေါင်းစဉ်အောက်မှ အခြားသောနယ်ပယ်ကဏ္ဍများတွင်ရှိသည့် EU ၏ အကျိုးစီးပွား များကို မြှင့်တင်နိုင်ရန်အတွက် လုံလောက်သည့်ရန်ပုံငွေများကို ခွင့်ပြုပေးခြင်းမရှိဘဲ ယူကရိန်းအရေးတစ်ခုတည်းကိုသာ အသုံးပြုနေသည်ဟူသောအချက်ကို ဟန်ဂေရီနိုင်ငံက သဘောမတူကြောင်း အစိုးရရုံးပြောရေးဆိုခွင့်ရှိသူက မေလ ၁၆ ရက်တွင် အီတလီ မီဒီယာတစ်ခုမှ Reuters သို့ အီးမေးလ်ဖြင့် တုံ့ပြန်ပြောဆိုခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ထူထောင်ခဲ့သည့် EPF သည် EU ၏ ပဋိပက္ခများကိုတားဆီးရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့် နိုင်ငံတကာလုံခြုံရေးကိုအားကောင်းစေရေး စသည့် စွမ်းဆောင်ရည်များကိုမြှင့်တင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထူထောင်ထားခြင်းဖြစ်ပါသည်။

၎င်းရန်ပုံငွေများအား ဘော်လ်ကန်၊ သို့မဟုတ် မြောက်အာဖရိကနိုင်ငံများ အပါအဝင် အခြားသောနေရာများတွင်လည်း အသုံးပြုနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ EU သည် EPF ခေါင်းစဉ်အောက်မှ ယူကရိန်းအတွက် စစ်ရေး ထောက်ပံ့မှုကို ယခုအချိန်အထိ စုစုပေါင်း ယူရို ၃.၆ ဘီလီယံခန့် ထောက်ပံ့ပေးခဲ့ပြီးဖြစ် ပါသည်။ ဟန်ဂေရီနိုင်ငံသည် ရုရှားအပေါ် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြိမ်ဖန် များစွာဝေဖန်ခဲ့သော်လည်း နောက်ဆုံးတွင် EU ၏ ဆောင်ရွက်မှုအားလုံးကို ထောက်ခံ ခဲ့ပါသည်။ ဟန်ဂေရီအစိုးရသည် တရားရေးဆိုင်ရာလွတ်လပ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နေစဉ် အတွင်း EU ၏ ပြန်လည်ထူထောင်ရေးရန်ပုံငွေများကို ဆိုင်းငံ့ခြင်းခံထားရသောကြောင့် ဟန်ဂေရီနိုင်ငံသည် EU နှင့် အငြင်းပွားလျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

၂၀၂၁ ခုနှစ်၊ မတ်လတွင်တည်ထောင်ခဲ့သည့် ဥရောပငြိမ်းချမ်းရေးပံ့ပိုးမှုအစီအစဉ် (European Peace Facility-EPF) သည် EU ၏ ပဋိပက္ခများကိုတားဆီးရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် နိုင်ငံတကာလုံခြုံရေးတို့ကိုအားကောင်းစေရန် စသည့်စွမ်းဆောင်ရည် များကိုရည်ရွယ်၍ ဖွဲ့စည်းထူထောင်ထားခြင်းဖြစ်ပါသည်။ EPF သည် ဘုံနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ (Common Foreign and Security Policy-CFSP) အရ စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာသက်ရောက်မှုများနှင့်အတူ EU ၏ လုပ်ဆောင်ချက်များအတွက် ဘတ်ဂျက်ငွေထောက်ပံ့သည့် ယန္တရားတစ်ခုဖြစ်ပါသည်။ ၎င်းသည် ၂၀၂၁-၂၀၂၇ ခုနှစ် ကာလအတွက် စုစုပေါင်းအသုံးစရိတ် ယူရို ၇၀၀ ဘီလီယံကျော် (ယူရို သန်း ၇,၀၀၀ ကျော်) ရှိပါသည်။ EPF တွင် မဏ္ဍိုင်နှစ်ရပ်ပါဝင်ပြီး ၎င်းတို့မှာ စစ်ဆင်ရေးနှင့် ထောက်ပံ့ကူညီရေး တို့ဖြစ်ပါသည်။

EPF သည် တတိယနိုင်ငံများ၊ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများအား စစ်ရေး၊ သို့မဟုတ် ကာကွယ်ရေးဆိုင်ရာသက်ရောက်မှုများနှင့်အတူ ဘဏ္ဍာရေး၊ နည်းပညာ၊ သို့မဟုတ် ပစ္စည်းအထောက်အပံ့များ ပံ့ပိုးပေးခြင်းတို့ကိုလည်း လုပ်ဆောင် လျက်ရှိပါသည်။ ထို့ကြောင့် EU သည် EPF လက်အောက်မှ ယူကရိန်းနိုင်ငံအတွက် စစ်ရေးထောက်ပံ့မှုအား စုစုပေါင်း ယူရို ၃.၆ ဘီလီယံခန့် ထောက်ပံ့ပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်ကတည်းက အာဏာရလာသည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန် (Viktor Orban) သည် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မီဒီယာနှင့် တရားရုံးများကို ထိန်းချုပ်မှုများလုပ်ဆောင်ထားခြင်းအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ များ၏အခွင့်အရေးနှင့် ကန့်သတ်ထားခြင်းတို့ကြောင့် ဥရောပကော်မရှင်နှင့် EU ၏ အမှုဆောင်အဖွဲ့တို့တွင် အငြင်းပွားမှုများဖြစ်ပွားခဲ့ရပါသည်။

ထို့ပြင် ဟန်ဂေရီအစိုးရသည် တရားရေးဆိုင်ရာလွတ်လပ်မှုနှင့် အကျင့်ပျက် ခြစားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ EU ၏ ပြန်လည်ထူထောင်ရေးရန်ပုံငွေများကို ဆိုင်းငံ့ထားခံခဲ့ရ ပါသည်။ ယခုအခါ ယူကရိန်းနိုင်ငံသို့ EU ၏ ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဟန်ဂေရီနိုင်ငံသည် EU နှင့် အငြင်းပွားလျက်ရှိပါသည်။ ဟန်ဂေရီနိုင်ငံသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်၍ အခြားသောနိုင်ငံများနှင့် သဘောထား အမြင်ကွဲလွဲလျက်ရှိသော်လည်း နောက်ဆုံးတွင် အများသဘောဆန္ဒအတိုင်း လိုက်ပါ ဆောင်ရွက်ခဲ့ရသည်များလည်းရှိပါသည်။ ဟန်ဂေရီနိုင်ငံသည် EU အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း အဖွဲ့ဝင်ဖြစ်ခြင်း၏ အကျိုးကျေးဇူးကို လက်ရှိအချိန်တွင် ခံစားရခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ အဖွဲ့ဝင်မဖြစ်သေးသော ယူကရိန်းနိုင်ငံအပေါ်သို့ EU ၏ ထောက်ပံ့မှု များစွာပြုလုပ်ခြင်းနှင့်ပတ်သက်၍ ဟန်ဂေရီသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ ဟန်ဂေရီနိုင်ငံ၏ အဆိုပါထုတ်ပြန်မှုသည် EU အဖွဲ့ဝင် နိုင်ငံများအကြား သဘောထားကွဲလွဲမှုမှာ ယခင်ကထက် ပိုမိုသိသာထင်ရှားလာပြီး EU နှင့် ဟန်ဂေရီနိုင်ငံတို့၏ ဆက်ဆံရေးမှာလည်း ပိုမိုတင်းမာလာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment