China.org; May-22(Mon)
ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) ၏ New Democracy (ND) ပါတီသည် မေလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေ ရွေးကောက်ပွဲအတွင်း ထောက်ခံမဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ပါသည်။ လက်ရှိမဲရေတွက်မှု ၉၆.၀၃ ရာခိုင်နှုန်းအပြီးတွင် ND ပါတီသည် ထောက်ခံမဲ ၄၀.၇၉ ရာခိုင်နှုန်း ရရှိထားပြီး လွှတ်တော်အမတ်နေရာ ၃၀၀ အနက် ၁၄၅ နေရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သော တရားဝင်ရလဒ်များအရ သိရပါသည်။ အဓိကအတိုက်အခံပါတီ ဖြစ်သော SYRIZA-Progressive Alliance ပါတီသည် လွှတ်တော်တွင် အမတ်နေရာ ၇၂ နေရာ (၂၀.၀၅ ရာခိုင်နှုန်း)၊ တတိယအကြီးဆုံးပါတီဖြစ်သော PASOK-KINAL ပါတီသည် အမတ်နေရာ ၄၁ နေရာ (၁၁.၅၂ ရာခိုင်နှုန်း)၊ ဂရိကွန်မြူနစ်ပါတီသည် အမတ်နေရာ ၂၆ နေရာ (၇.၂၁ ရာခိုင်နှုန်း) နှင့် လက်ယာယိမ်း Elliniki Lysi ပါတီသည် အမတ်နေရာ ၁၆ နေရာ (၄.၄၅ ရာခိုင်နှုန်း) ရရှိခဲ့ပါသည်။ ND ပါတီအနေဖြင့် ဆန္ဒမဲထက်ဝက်ကျော်မရသဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းရန်အတွက် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။
အဆိုပါရွေးကောက်ပွဲတွင် ဂရိနိုင်ငံသား ၉,၈၁၃,၅၉၅ ဦးသည် မဲပေးခွင့်ရှိပြီး ၎င်းတို့အနက် ၁၁၂,၂၃၆ ဦးသည် အသက် ၁၇ နှစ်အရွယ် လူငယ်များဖြစ်ပြီး ပထမဆုံး အကြိမ် မဲပေးသူများဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၆၀.၂၆ ရာခိုင်နှုန်းသာ ဆန္ဒမဲပေးခဲ့ပါသည်။ မေလ ၂၀ ရက်အစောပိုင်းတွင် ပထမဦးဆုံးအကြိမ် အဖြစ် ပြည်ပရောက်ဂရိနိုင်ငံသား ၂၂,၈၅၅ ဦးက မဲပေးခဲ့ပါသည်။ ဆန္ဒမဲပေးသူများသည် ဂရိနိုင်ငံ၏ ပါတီ ၃၆ ခု၊ ညွန့်ပေါင်းပါတီ ၈ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ ဦးတို့အား ရွေးချယ်မဲပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ND ပါတီက လွှတ်တော်အမတ် ၁၅၈ နေရာ (၃၉.၈ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ပြီး အတိုက်ခံ SYRIZA ပါတီက လွှတ်တော်အမတ် ၈၆ နေရာ (၃၁.၅ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment