MSN;May-20(Sat)
ဆားဘီးယားနိုင်ငံရှိ ထောင်ပေါင်းများစွာသော ပြည်သူများသည် အကြမ်းဖက်မှု များကိုဆန့်ကျင်သည့် ဆန္ဒပြပွဲအား ဆားဘီးယားနိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ် (Belgrade) ၌ ထပ်မံပြုလုပ်ခဲ့ကြောင်း MSN သတင်းဌာနက မေလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၌ ယခုလအတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်းကြောင့် အကြမ်းဖက်မှုအားဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ ယခုဆန္ဒပြမှုသည် တစ်လအတွင်း (၃)ကြိမ်မြောက် ဆန္ဒပြမှုလည်းဖြစ်ပါသည်။ ဆန္ဒပြ ပြည်သူများက သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) ဦးဆောင်သော အစိုးရ အနေဖြင့် ဆားဘီးယားလူ့အဖွဲ့အစည်းတွင် ရာဇဝတ်မှုဆိုင်ရာအရေးကိစ္စရပ်များကို အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည့်အပြင် ပြည်ထဲရေးဝန်ကြီး ဘရားတစ်ဆလစ်ဗ် ဂက်စစ် (Bratislav Gasic)၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးတို့အား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြပါသည်။အစိုးရအနေဖြင့် ရုပ်မြင်သံကြားလိုင်းများမှ အကြမ်းဖက်မှုများကိုဖြစ်ပေါ်စေသည့် အကြောင်းအရာများ ထုတ်လွှင့်ခြင်းအပေါ် အရေးယူရန် ပျက်ကွက်လျက်ရှိသည်ဟုလည်း အတိုက်အခံပါတီများက စွပ်စွဲထားလျက်ရှိပါသည်။ သမ္မတ ဘူစစ်က အစိုးရအတိုက်အခံ ပါတီများအနေဖြင့် ၎င်းတို့အာဏာရရှိရေးအတွက် လက်ရှိဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲ များကို အသုံးချနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဘဲလ်ဂရိတ်မြို့အရှေ့ဘက်ရှိ ပန်စီဗို (Pancevo) မြို့တွင် တန်ပြန်ဆန္ဒပြပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ သမ္မတ ဘူစစ် သည် လက်ရှိဖြစ်ပွားလျက်ရှိသော ဆန္ဒပြပွဲများကို နိုင်ငံရေးဆိုင်ရာကြံဖန်လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ပြောကြားထားသည့်အပြင် ဆားဘီးယားသမိုင်းတွင် အကြီးမားဆုံး စုဝေးမှုဟု အမည်ပေးထားသည့် ဆန္ဒပြပွဲတစ်ခုအား လာမည့်သီတင်းပတ်တွင်ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment