Sunday, September 17, 2023

ဂရိနှင့် တူကီယဲအကြား ဆက်သွယ်ရေးကဏ္ဍများ ပြန်လည်ဖွင့်လှစ်ရေးသည် အရေးပါကြောင်း ဂရိဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

TRT World; Sep-18(Mon)

ဂရိနှင့် တူကီယဲအကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် အပြုသဘောဆောင်သောလုပ်ငန်းစဉ်များ မြှင့်တင်ဆောင်ရွက်ရေးသည် အရေးပါကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြား ခဲ့ကြောင်း TRT World သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံ၊ သက်ဆဲလ်လိုနီကီ (Thessaloniki) မြို့၌ ကျင်းပပြုလုပ်ခဲ့သော (၈၇)ကြိမ်မြောက် သက်ဆဲလ်လိုနီကီ နိုင်ငံတကာကုန်စည်ပြပွဲ (Thaessaloniki International Fair) ၏ ပြင်ပတွင် သီးခြားသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မစ်ဆိုတားကစ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဂရိအနေဖြင့် တူကီယဲနှင့်ပတ်သက်၍ ၎င်းတို့၏မဟာဗျူဟာကို ပြောင်းလဲမှုမရှိကြောင်း၊ သို့သော် သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာပါက နိုင်ငံတကာ ဥပဒေများနှင့်အညီ နှစ်နိုင်ငံအကြားကိစ္စရပ်များကို ဖြေရှင်းရန်ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဂရိဝန်ကြီးချုပ် မစ်ဆိုတားကစ်တို့သည် လစ်သူရေးနီးယားနိုင်ငံ၊ ဗီးလ်နီးယက်စ် (Vilnius) မြို့၌ ဇူလိုင်လတွင် ပြုလုပ်ခဲ့သော NATO ထိပ်သီးဆွေးနွေးပွဲအတွင်း ရရှိခဲ့သည့် အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များအပေါ် ကြိုဆိုကြောင်းကိုလည်း ပြောကြား ခဲ့ကြပါသည်။ ၎င်းတို့သည် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် (New York) မြို့၌ စက်တင်ဘာလ ၂၀ ရက်တွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ (United Nations General Assembly) ၏ ပြင်ပတွင် ထပ်မံတွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါသည်။ တူကီယဲ-ဂရိ အဆင့်မြင့်အရာရှိကြီးများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ကိုလည်း သက်ဆဲလ်လိုနီကီမြို့၌ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်နိုင်ရန် မျှော်မှန်းထား ကြောင်း သိရှိရပါသည်။


သုံးသပ်ချက်

NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂရိနှင့် တူကီယဲနိုင်ငံတို့သည် ဒေသတွင်းပထဝီနိုင်ငံရေးအနေအထားအရ နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိပါသည်။ အေဂျီယံ (Aegean) ပင်လယ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ဆယ်စုနှစ် များစွာကြာ ရေကြောင်းပိုင်နက်အငြင်းပွားမှုပြဿနာသည် နှစ်နိုင်ငံအငြင်းပွားမှု၏ အဓိကအချက်တစ်ချက်ဖြစ်ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအရေး၊ ဓာတ်သတ္တု ဆိုင်ရာကိစ္စရပ်များနှင့် စစ်ဘက်ဆိုင်ရာ စွမ်းအားမြှင့်တင်ခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့သော် ပြီးခဲ့သည့်ဇူလိုင်လတွင် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဂရိဝန်ကြီးချုပ် မစ်ဆိုတားကစ် တို့သည် လစ်သူရေးနီးယားနိုင်ငံ၊ ဗီးလ်နီးယက်စ် (Vilnius) မြို့၌ ပြုလုပ်ခဲ့သော NATO ထိပ်သီးဆွေးနွေးပွဲအတွင်း အပြုသဘောဆောင်သောဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ဂရိဝန်ကြီးချုပ်မစ်ဆိုတားကစ်က ဂရိအနေဖြင့် တူကီယဲနှင့် ဆက်ဆံရေးပြန်လည်စတင်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ပြီး ၎င်းအစည်းအဝေး အတွင်း နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအကြား ဆက်သွယ်မှုများ ပြန်လည် လုပ်ဆောင်ရန် သဘောတူညီခဲ့ပါသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် မစ်ဆိုတားကစ်က နှစ်နိုင်ငံအကြား အပြုသဘော ဆောင်သောဆက်ဆံရေးနှင့် လုပ်ငန်းစဉ်များ ပြန်လည်မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၏ အရေးပါမှုများကို ထပ်မံပြောကြားထားပါသည်။ တစ်ဖက်တွင်လည်း မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် G20 ခေါင်းဆောင်များအစည်းအဝေးတွင် အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ ဥရောပစင်္ကြံ (IMEC) တည်ဆောက်ရန် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ အဆိုပါသဘောတူညီချက်အရ အိန္ဒိယ နိုင်ငံ၊ မွမ်ဘိုင်းမြို့မှ ဂရိနိုင်ငံ၊ ပိုင်ရီးယပ်စ်မြို့ထိ ၎င်းမှတစ်ဆင့် ဥရောပကုန်းတွင်းပိုင်းအထိ ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်မည်ဖြစ်ပြီး ရေအောက်ဖိုင်ဘာဆက်သွယ်ရေး ကြိုး၊ လျှပ်စစ်ဓာတ်အားကြိုး၊ စွမ်းအင်ပိုက်လိုင်း (Hydrogen) တို့ကိုလည်း ချိတ်ဆက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ဂရိအနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ လက်ရှိဒေသတွင်း၌ လွှမ်းမိုးခြယ်လှယ်လျက်ရှိသော တူကီယဲနှင့် ပြန်လည် သင့်မြတ်ရေးကြိုးပမ်းလုပ်ဆောင်လိုလျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်နိုင်ပါက ၎င်းတို့အကြားဖြစ်ပွားလျက်ရှိ သည့် အငြင်းပွားမှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုများအတွက် ကောင်းမွန်သည့်အထောက်အပံ့ကောင်းများ ဖြစ်ပေါ် လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment