Yahoo; Sep-18(Mon)
ဘူလ်ဂေးရီးယားစစ်ဘက်၏ ဗုံးရှင်းလင်းရေးအဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် ပင်လယ်နက်ဒေသရှိ တိုင်လီနိုဗို (Tyulenovo) ဆိပ်ကမ်းမြို့သို့ ဆင်းသက်လာသည့် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းတစ်စင်းကို စက်တင်ဘာလ ၁၈ ရက်တွင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဘူလ်ဂေးရီးယားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဗုံးရှင်းလင်းရေးအဖွဲ့အနေဖြင့် အဆိုပါ Drone ဆင်းသက်သည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဒရုန်းတွင် ဖောက်ခွဲရေးပစ္စည်းများ တွဲဆက်တပ်ဆင်ထားသည့်အတွက် အခြားနေရာသို့ ရွှေ့ပြောင်းရန်မဖြစ်နိုင်ကြောင်းနှင့် ယခုဖြစ်စဉ်သည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့်ဆက်နွှယ်နေသည်ဟု ယူဆနိုင်ကြောင်း ဘူလ်ဂေးရီးယားစစ်ဘက်မှ ပြောကြားခဲ့ပါသည်။ ထို့ပြင် လက်ရှိဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခသည် ဘူလ်ဂေးရီးယားနိုင်ငံလုံခြုံရေးအတွက် အန္တရာယ် ရှိသည့်အခြေအနေများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီး တိုဒေါ တာဂါရဗ် (Todor Tagarev) က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
အဆိုပါဒရုန်းသည် NATO အဖွဲ့ဝင် ဘူလ်ဂေးရီးယားနိုင်ငံသို့ မည်သည့်နေရာမှ ရောက်ရှိလာခဲ့သည်ဟူသော အသေးစိတ်အချက်အလက်များကို ၎င်းအနေဖြင့် ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ တိုင်လီနိုဗို အပန်းဖြေမြို့သည် ခရိုင်းမီးယားကျွန်းဆွယ်နှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိပြီး ရိုမေးနီးယား နယ်စပ်၏တောင်ဘက် ကီလိုမီတာ ၇၀ (၄၃ မိုင်) အကွာရှိ မြို့တစ်မြို့ဖြစ်ပါသည်။ ဘူလ်ဂေးရီးယားရဲတပ်ဖွဲ့သည် စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် အဆိုပါဧရိယာကို ပိတ်ဆို့ခဲ့ပြီး ဒေသတွင်းစားသောက်ဆိုင်များသို့ အများပြည်သူဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း ရှာဗလာ (Shabla) မြို့တော်ဝန် မာရီရာဇီချက်ဗ် (Marian Zhechev) က ပြောကြားခဲ့ပါသည်။ အဆိုပါဒရုန်းအား တိုင်လီနိုဗိုမြို့ဆိပ်ကမ်းအနီး ကျောက်ဆောင်များအထက်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းဘက်သို့ ပျံသန်း လာကြောင်းနှင့် အရှည် ၃ မီတာမှ ၃.၅ မီတာခန့်ရှိကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်များကို ကိုးကား၍ Nova.bg သတင်းဌာနက ဖော်ပြထားကြောင်း သိရှိ ရပါသည်။
No comments:
Post a Comment