Anadolu Agency; Sep-18(Mon)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် Tesla ကားကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် (Elon Musk) နှင့် စက်တင်ဘာလ ၁၇ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် (New York) မြို့၌ ပြုလုပ်သည့် တွေ့ဆုံမှုအတွင်း တူကီယဲနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ပြီး Tesla ၏ သတ္တမမြောက် စက်ရုံကို နိုင်ငံအတွင်းတည်ဆောက်ရန် တောင်းဆိုခဲ့ကြောင်း Anadolu Agency သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ နယူးယောက်မြို့၊ မန်ဟတ်တန် (Manhattan) စီရင်စုရှိ တာကီဗ် စင်တာ (Turkevi Center) ၌ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် သမ္မတ အာဒိုဂန် သည် Tesla နှင့် SpaceX တည်ထောင်သူ အီလွန်မက်စ်နှင့်တွေ့ဆုံ၍ တူကီယဲနိုင်ငံ၏ တူကီယဲဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအစီအစဉ် (Digital Türkiye) နှင့် အမျိုးသား ဉာဏ်ရည်တု ထောက်လှမ်းရေးမဟာဗျူဟာ (National Artificial Intelligence Strategy) ကဲ့သို့သော နည်းပညာဆိုင်ရာ တိုးတက်အောင်မြင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ကြောင်း တူကီယဲဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါသည်။
သမ္မတအာဒိုဂန်သည် SpaceX နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိရန်နှင့် တူကီယဲ၏ အာကာသအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အဇ်မားရ် (Izmir) ၌ ကျင်းပပြုလုပ်မည့် Teknofest လေကြောင်းအာကာသနှင့် နည်းပညာပြပွဲသို့ အီလွန်မက်စ် အား ဖိတ်ကြားထားကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ တူကီယဲ နည်းပညာကုမ္ပဏီများသည် Tesla နှင့် ပူးတွဲလုပ်ကိုင်နေပြီဖြစ်ပြီး တူကီယဲသည် နောက်ထပ်စက်ရုံဖွင့်လှစ်မှုအတွက် အဓိကကျသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း အီလွန်မက်စ်က ပြောကြားခဲ့ပါသည်။ SpaceX ကုမ္ပဏီနှင့် Starlink ဂြိုဟ်တုဝန်ဆောင်မှု အပြင် ဉာဏ်ရည်တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် သမ္မတ အာဒိုဂန်၏ ကမ်းလှမ်းချက်နှင့်ပတ်သက်၍ တူကီယဲနိုင်ငံရှိ Starlink ဂြိုဟ်တုဝန်ဆောင် မှုများ ပေးဆောင်ရန်အတွက် လိုအပ်သောလိုင်စင်ရရှိရန် တူကီယဲအာဏာပိုင်များနှင့် လက်တွဲလုပ်ဆောင်သွားလိုကြောင်းလည်း အီလွန်မက်စ်က ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှု အတွင်း အာဒိုဂန်သည် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်ရာတွင် တူကီယဲနိုင်ငံ၏ အောင်မြင်မှုရလဒ်များကို ထုတ်ဖော်ပြောကြားခဲ့ကြောင်းနှင့် အီလွန်မက်စ် အနေဖြင့်လည်း Bayraktar မောင်းသူမဲ့လေယာဉ်များအပေါ် ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စား မှုများရရှိထားသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့ကြသည်ဟု သိရှိရပါသည်။
No comments:
Post a Comment