BSS News; Sep-19(Tue)
ဘင်္ဂလားဒေ့ရှ်နှင့် ဟန်ဂေရီနိုင်ငံတို့သည် စက်တင်ဘာလ ၁၉ ရက်တွင် စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် သဘောတူညီချက်တစ်ရပ်နှင့် နားလည်မှု စာချွန်လွှာနှစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း BSS News သတင်းဌာနက စက်တင်ဘာလ ၁၉ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူလ်မိုမန် (Dr AK Abdul Momen) နှင့် ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာဇက်ဂျာတို (Peter Szijjarto) တို့က နယူးယောက်မြို့၌ (၇၈)ကြိမ်မြောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထွေထွေညီလာခံ (UNGA) ကျင်းပ နေစဉ်အတွင်း အဆိုပါသဘောတူစာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါသဘောတူညီချက်သုံးရပ်မှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်နှင့် ၂၀၂၄-၂၀၂၆ ခုနှစ်တွင် ဟန်ဂေရီပညာသင်ဆုအစီအစဉ် များအတွက် ထောက်ပံ့ကြေးပေးအပ်ရေးနှင့် ၂၀၂၃-၂၀၂၅ ခုနှစ်တွင် ကျန်းမာရေး ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများပါဝင်သည်ဟု သိရှိရပါသည်။ တွေ့ဆုံစဉ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စွမ်းအင်ကဏ္ဍလုံခြုံရေး၊ ရာသီဥတုပြောင်းလဲခြင်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။ ထို့ပြင် ဟန်ဂေရီဝန်ကြီးချုပ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးစဉ် သွားရောက်ရန် စီစဉ်လျက်ရှိပြီး ၎င်းခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အခွန်နှစ်ဆ ပေးဆောင်ခြင်းမှရှောင်ရှားရန်၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကာကွယ်ရေးနှင့် ရေအရင်းအမြစ် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင်လည်း သဘောတူညီချက်များရရှိရန် ရည်ရွယ် ထားကြောင်း သိရှိရပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးအား ၎င်းနိုင်ငံ၏ ရော့ပ်ပါ (Rooppur) နျူကလီးယားဓာတ်အားပေး စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရှိရပါသည်။
Ref; Bangladesh, Hungary sign 3 instruments
No comments:
Post a Comment