Sunday, September 13, 2020

ဂရိသမ္မတသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဂရိကျွန်းတစ်ခုသို့ သွားရောက်ခဲ့ခြင်း

 Edition; Sep-14 (Mon)

              ဂရိသမ္မတ ကတ်တာရီနာဆက်ကီလာရိုပူလို (Katerina Sakellaropoulou) သည် အငြင်းပွားဖွယ်မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဂရိကျွန်းငယ်တစ်ခုဖြစ်သည့် ကာစတီ လာရီဇို (Kastellorizo) ကျွန်းသို့  စစ်ဘက်သုံးအဆင့်မြင့်ရဟတ်ယာဉ်ဖြင့် စက်တင်ဘာလ ၁၃ ရက်တွင် သွားရောက်ခဲ့ပါသည်။ အေဂျီယန် (Aegean) ပင်လယ်နှင့် မြေထဲပင်လယ် အရှေ့ပိုင်းတွင်  တူရကီနိုင်ငံ၏ တရားမဝင်လုပ်ဆောင်မှုများသည်  ၎င်းဒေသအတွင်း ယခင်ကဖြစ်ပွားခဲ့ခြင်းမရှိသည့် တင်းမာမှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း အဆိုပါ ခရီးစဉ်အတွင်း သမ္မတ ဆက်ကီလာရိုပူလိုက ကာစတီလာရီဇိုကျွန်းရှိ ဒေသခံများအား ပြောကြားခဲ့ပါသည်။ တူရကီ၏ အဆိုပါလုပ်ဆောင်မှုများသည် ဂရိနိုင်ငံကိုသာမက ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့တို့အတွက်လည်း တင်းမာမှုများကိုဖြစ်ပေါ်စေခဲ့ကြောင်းနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ၎င်းက ပြောကြား ခဲ့ပါသည်။ 

          တူရကီ၏ လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားတင်းမာမှု များကိုလျှော့ချရာတွင် နိုင်ငံရေးအရဆွေးနွေးအဖြေရှာရန်လိုအပ်လျက်ရှိပြီး ဂရိနိုင်ငံ အနေဖြင့်လည်း ဆွေးနွေးမှုများပြုလုပ်ရန် လမ်းဖွင့်ထားကြောင်း ၎င်းက အဆိုပါခရီးစဉ် အတွင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံအနေဖြင့် စစ်ဘက်အား အဆင့်မြှင့်တင်သည့်အနေဖြင့် ပြင်သစ်နိုင်ငံထံမှ ခေတ်မီတိုက်လေယာဉ် ၁၈ စီးအား ဝယ်ယူခဲ့သည့်အပြင် ရေတပ်အတွက် ဖရီးဂိတ်စစ်ရေယာဉ်သစ် ၄ စီးဝယ်ယူရန်အတွက်လည်း လေ့လာဆန်းစစ်လျက်ရှိကြောင်းနှင့် တပ်မတော်တွင် တပ်ဖွဲ့ဝင် ၁၅,၀၀၀ ကျော်အား ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကူရီယာကော့စ်မစ်ဆိုတာကစ် (Kyriakos Mitsotakis) က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့အကြား မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရက်သတ္တပတ်များစွာကြာဖြစ်ပွားလျက်ရှိသော ထိပ်တိုက် ရင်ဆိုင်မှုများသည် နေတိုးမဟာမိတ်အဖွဲ့ဝင် ၂ နိုင်ငံအကြား ဒေသတွင်းပဋိပက္ခတစ်ခု ဖြစ်ပွားနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများကို မြင့်တက်စေလျက်ရှိကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment