Sunday, September 20, 2020

ဥရောပသမဂ္ဂသည် တူရကီကုမ္ပဏီများနှင့် လစ်ဗျားနိုင်ငံသားများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်း

 

USnews; Sep-21(Mon)

              ဥရောပသမဂ္ဂ (European Union - EU) သည် တူရကီနိုင်ငံပိုင် Avrasya Shipping အမည်ရှိ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုအား လစ်ဗျားနိုင်ငံအပေါ် ချမှတ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့် တစ်ရပ်ကို ချိုးဖောက်လျက်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ဥရောပသမဂ္ဂက စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကုမ္ပဏီပိုင် Cirkin ကုန်တင်သင်္ဘောသည် ယခုနှစ် မေလနှင့် ဇွန်လများအတွင်း လစ်ဗျားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများအား တရားမဝင်သယ်ယူပို့ဆောင်ခဲ့ကြောင်း EU က စွပ်စွဲထားသော်လည်း ၎င်းစွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်းနှင့် Cirkin ကုန်တင် သင်္ဘောသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများ ကိုသာ လစ်ဗျားနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တူရကီဘက်မှ တုံ့ပြန်ပြောကြား ခဲ့ပါသည်။

              ပြင်သစ်စစ်သင်္ဘောတစ်စီးသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် (NATO)အဖွဲ့၏ မစ်ရှင်တစ်ခုအား ဆောင်ရွက်နေစဉ်အတွင်း ဇွန်လ ၁၀ ရက်၌ အဆိုပါ Cirkin ကုန်သင်္ဘော အား စစ်ဆေးရန်လုပ်ဆောင်စဉ် တူရကီရေတပ်သင်္ဘော ၃ စီးက နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လစ်ဗျားနိုင်ငံတွင် မွမ်မာကဒါဖီ (Muammar Gaddafi) ကျဆုံးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံအတွင်းမတည်ငြိမ်မှုများကြောင့် လစ်ဗျားနိုင်ငံ အပေါ်လက်နက်ကုန်သွယ်မှုပိတ်ပင်မိန့်အား ချမှတ်ခဲ့ပါသည်။ ထို့နောက် EU သည် ကုလသမဂ္ဂ၏ အဆိုပါအမိန့်အား ထိန်းသိမ်းရန် ရေတပ်ဆိုင်ရာမစ်ရှင်တစ်ရပ်အား ချမှတ်၍ လစ်ဗျားနိုင်ငံသို့ ရေကြောင်းမှဝင်ရောက်နိုင်သည့် မြေထဲပင်လယ်ပြင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ ဥရောပသမဂ္ဂမှ အရေးယူပိတ်ဆို့မှုချမှတ်ခဲ့ သည့်စာရင်းတွင် တူရကီနိုင်ငံပိုင် အခြားကုမ္ပဏီများဖြစ်သော ကာဇက်စတန် (Kazakhstan)  အခြေစိုက် Sigma Airlines ကုမ္ပဏီနှင့် ဂျော်ဒန် (Jordan) အခြေစိုက် Med Wave Shipping ကုမ္ပဏီတို့အပြင် ပြည်သူ ၃၃ ဦးအား သတ်ဖြတ်မှု၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ဖြင့် အီးယူမှ စွပ်စွဲခံရသူ လစ်ဗျားအရှေ့ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သော  မာမွတ်အယ်လ်ဝါဖေးအလီ (Mahmoud al-Werfalli) နှင့် လူကုန်ကူးမှု၊ မုဒိမ်းမှုနှင့် ဒုက္ခသည်များအား သတ်ဖြတ်မှုဖြင့် အီးယူမှစွပ်စွဲခံရသူ မူဆာဒိုင်ဘီ (Moussa Diab) တို့ပါဝင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment