Sunday, April 24, 2022

တူရကီသမ္မတနှင့် ကုလသမဂ္ဂအကြီးအကဲတို့သည် ရုရှား-ယူကရိန်း အရေးကိစ္စများ နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း

 


Xinhua; Apr-25 (Mon)

 

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ် (Antonio Guterres) တို့သည် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ ဧပြီလ ၂၅ ရက်တွင် ရုရှား-ယူကရိန်းအရေးကိစ္စများနှင့်စပ်လျဉ်း၍  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှု တွင် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခနှင့် အရပ်သားပြည်သူများခံစားနေရသည့် ဆင်းရဲ ဒုက္ခအခြေအနေများ အလျင်အမြန်အဆုံးသတ်နိုင်ရေးအပါအဝင် စွမ်းအင်၊ စားနပ် ရိက္ခာနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအပေါ် ခေါင်းဆောင်နှစ်ဦးအနေဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ အန်တိုနီရိုဂူတာရက်စ်သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခနှင့်စပ်လျဉ်း၍ တူရကီနိုင်ငံ၏ သံတမန်ရေးနည်းလမ်းအရ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

              အထက်ပါဆွေးနွေးမှုတွင် ဒေသတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ပေးခြင်းအပါအဝင် အရပ်သားပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီဆောင်ရွက်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းများ ရပ်တန့်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်မှု များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခအဆုံးသတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း အဖြစ် အာဒိုဂန်သည် ဧပြီလ ၂၆ ရက်တွင် ရုရှားသမ္မတနှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အန်တိုနီရိုဂူတာရက်စ် အနေဖြင့်လည်း ရုရှားနှင့်ယူကရိန်းသမ္မတတို့အား ဧပြီလ ၂၆ ရက်နှင့် ၂၈ ရက်တွင် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              လက်ရှိအချိန်တွင် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်ပွားမှုကာလသည် ၂ လကျော် အထိကြာမြင့်လာခဲ့ပြီး အဆိုပါစစ်ပွဲမှ အိမ်နီးချင်းနိုင်ငံများသို့ စစ်ဘေးရှောင်အရေ အတွက်သည် ၄.၅ သန်းကျော်ထိ မြင့်တက်လျက်ရှိပါသည်။ ထိုကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်အနေဖြင့် ရုရှား-ယူကရိန်း စစ်ရေး ပဋိပက္ခအဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနှင့် ယူကရိန်း သမ္မတတို့အား ဧပြီလ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် သီးခြားတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ဂူတာရက်စ်အနေဖြင့် အထက်ပါတွေ့ဆုံမှုမတိုင်မီ ဧပြီလ ၂၅ ရက်တွင် တူရကီသမ္မတ နှင့်လည်း သွားရောက်တွေ့ဆုံခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သော်လည်း ရုရှားနိုင်ငံနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ရပ်အား တည်ဆောက်ထားနိုင်သည့်အပြင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားသည့်အချိန်မှစ၍ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်များကိုလည်း တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ တူရကီသမ္မတ အာဒိုဂန်နှင့် ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်တို့ တွေ့ဆုံဆွေးနွေးရာတွင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ အမြန်အဆုံးသတ်စေရေး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအဆုံးသတ်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် တူရကီနိုင်ငံအနေဖြင့် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိခြင်းကြောင့် ဂူတာရက်စ်၏ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် တူရကီနိုင်ငံအနေဖြင့် ၎င်းတို့၏နိုင်ငံရေးပုံရိပ်အား မြှင့်တင် ဆောင်ရွက်သွားနိုင်ရန်အတွက်  အလေးထားပူးပေါင်းဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment