Wednesday, April 20, 2022

ဂျာမနီနှင့် အရှေ့ဥရောပနိုင်ငံများသည် ယူကရိန်းနိုင်ငံအား စစ်လက်နက်ပစ္စည်းများ ထပ်မံထောက်ပံ့သွားရန် သဘောတူညီခဲ့ခြင်း

 

The Defense Post; Apr-21(Thu)

              ဂျာမနီနိုင်ငံအနေဖြင့် လာမည့်ရက်ပိုင်းများအတွင်း ယူကရိန်းနိုင်ငံအား စစ်လက်နက်ပစ္စည်းအမြောက်အမြား ကူညီထောက်ပံ့ပေးသွားရန်အတွက် အရှေ့ဥရောပ နိုင်ငံများနှင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ခရစ်စတီးလန်ဘရန့်ရှ် (Christine Lambrecht) က ဧပြီလ ၂၁ ရက်တွင် ပြောကြားခဲ့ ပါသည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် လာမည့်သီတင်းပတ်နှစ်ပတ်အတွင်း အဆုံးအဖြတ် ရလဒ်ထွက်ပေါ်လာနိုင်ကြောင်း စစ်ဘက်ကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းသုံးသပ်ချက် များ ထွက်ပေါ်လာလျက်ရှိသည့်အတွက် ၎င်းစစ်လက်နက်ပစ္စည်းများအား ဆောလျင်စွာ ပေးပို့သွားမည်ဖြစ်ကြောင်း လန်ဘရန့်ရှ်က ထည့်သွင်းပြောကြားခဲ့ပါသည်။ ယူကရိန်း နိုင်ငံသို့ ထောက်ပံ့ပေးသွားမည့် စစ်လက်နက်ပစ္စည်းများတွင် တင့်ကားများနှင့် သံချပ်ကာ ကားများပါဝင်ကြောင်းနှင့် ဆလိုဗေးနီးယားနိုင်ငံမှ T-72 အမျိုးအစား တိုက်ပွဲဝင် တင့်ကားများအားလည်း ယူကရိန်းနိုင်ငံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံပိုင် သတင်းဌာနများက ဖော်ပြထားပါသည်။

              ဂျာမနီနိုင်ငံအနေဖြင့် ၎င်းနိုင်ငံထုတ် Panzerhaubitze 2000 အမျိုးအစား တင့်ကားများမှာ အလုံအလောက်မရှိသည့်အတွက် အဆိုပါတင့်ကားများကို ယူကရိန်း နိုင်ငံသို့ ပေးပို့သွားနိုင်ခြင်းမရှိသော်လည်း နယ်သာလန်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ပေးပို့ သွားမည့် ၎င်းအမျိုးအစားတင့်ကားများအား အသုံးပြုနိုင်ရန်အတွက် ယူကရိန်းစစ်ဘက် တပ်ဖွဲ့ဝင်များကို သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း လန်ဘရန့်ရှ်က ထပ်လောင်း ပြောကြားခဲ့ပါသည်။ ယူကရိန်း၏ မဟာမိတ်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်နှင့် ချက်သမ္မတနိုင်ငံတို့သည် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးအပ်လျက် ရှိသော်လည်း ဂျာမနီအနေဖြင့် ယူကရိန်းအား ငွေကြေးထောက်ပံ့မှုများသာ ပေးအပ်လျက် ရှိပြီး လက်နက်ကြီးများကိုမူ ထောက်ပံ့ပေးအပ်ရန် ငြင်းဆန်လျက်ရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment