Thursday, April 7, 2022

အမေရိကန်အနေဖြင့် F-16 တိုက်လေယာဉ်များအား တူရကီသို့ ရောင်းချသွားမည်ဆိုခြင်း

 

Anadolu Agency;Apr-7(Thu)  

              အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏အကျိုးစီးပွားများနှင့် NATO အဖွဲ့ စည်းလုံး ညီညွတ်မှုကိုခိုင်မာအားကောင်းစေရန်အတွက် တူရကီနိုင်ငံသို့ F-16 တိုက်လေယာဉ်များ ရောင်းချမည့်ကိစ္စရပ်နှင့်ပတ်သက်၍ သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) က လွှတ်တော်ထံ တင်ပြခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဧပြီလ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနှင့် အမေရိကန်နိုင်ငံတို့သည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် နှစ်နိုင်ငံအကြား စစ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။ တူရကီနိုင်ငံသည် နိုင်ငံ၏လုံခြုံရေးအား အဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူခြင်းနှင့် နိုင်ငံအတွင်းစမ်းသပ်မှုများပြုလုပ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ S-400 ဝယ်ယူမှုသည် ၎င်းတို့၏ F-35 တိုက်လေယာဉ်များအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဆိုသော အကြောင်းပြချက်ဖြင့် အပြင်းအထန်ကန့်ကွက်လျက် ရှိသည့်အပြင် F-35 တိုက်လေယာဉ်များရောင်းချပေးရန် စီစဉ်ထားမှုကိုရပ်ဆိုင်းခဲ့ပြီး တူရကီနိုင်ငံအတွင်း၌ အမေရိကန်နိုင်ငံနှင့် အကျိုးတူပြုလုပ်လျက်ရှိသည့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုကဏ္ဍအားရပ်ဆိုင်းခြင်းအပြင် အရေးယူပိတ်ဆို့မှုများလည်းချမှတ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့နောက် တူရကီသမ္မတသည် ဘိုင်ဒင်အစိုးရလက်ထက်တွင် နှစ်နိုင်ငံ အကြားဖြစ်ပေါ်လျက်ရှိသည့် သဘောထားတင်းမာမှုများကို လျှော့ချရန်အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန်နှင့် ဒေသတွင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှု ရလဒ်များမြင့်မားလာစေရန် လုပ်ဆောင်လာခဲ့သည်ကိုတွေ့ရှိရပါသည်။ ထို့ပြင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင်လည်း အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပြေငြိမ်းရေးတို့အတွက် ကြားဝင်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် အမေရိကန် အစိုးရသည် ၎င်း၏အကျိုးစီးပွားများနှင့် NATO အဖွဲ့ စည်းလုံးညီညွတ်မှုကို ခိုင်မာအားကောင်း စေရန်အတွက် တူရကီနိုင်ငံသို့ F-16 တိုက်လေယာဉ်များရောင်းချမည့်ကိစ္စရပ်နှင့်ပတ်သက်၍ ကွန်ဂရက်ထံတင်ပြခဲ့ကြောင်းသိရှိရပါသည်။ သို့ဖြစ်၍ ကွန်ဂရက်အနေဖြင့် လက်နက် ရောင်းချရေးနှင့်ပတ်သက်၍ အတည်ပြုခဲ့မည်ဆိုပါက အမေရိကန်နိုင်ငံနှင့် တူရကီနိုင်ငံတို့ အကြား ဖြစ်ပေါ်လျက်ရှိသည့်တင်းမာမှုများနှင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်း ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးသစ်တစ်ရပ်ကိုလည်း ထူထောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment