Xinhua ; Apr- 18 (Mon)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဧပြီလ ၁၇ ရက်တွင် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် (Mahmoud Abbas) နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုအတွင်း အစ္စရေးနိုင်ငံ၊ မြို့တော် ဂျေရုစလင် (Jerusalem) ရှိ အယ်လ်အက်ဆာ (Al-Aqsa) ဗလီ၌ ပါလက်စတိုင်း ဝတ်ပြုဆုတောင်း သူများအပေါ် အစ္စရေး၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ကြောင်း Xinhua သတင်းဌာနက ဧပြီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်အနေဖြင့် အဆိုပါ တယ်လီဖုန်းပြောဆိုမှုအတွင်း အယ်လ်အက်ဆာဗလီရှိ ဝတ်ပြုသူများအား အစ္စရေး၏ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် အယ်လ်အက်ဆာဗလီ၏ ယုံကြည်သက်ဝင်မှုနှင့် လက်ရှိအနေအထားအပေါ် ရန်စခြိမ်းခြောက်မှုများကို ဆန့်ကျင် ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့ ပါသည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တင်းမာမှုသည် ပြီးခဲ့သည့်သီတင်းပတ် များအတွင်း အနောက်ဘက်ကမ်းဒေသနှင့် အရှေ့ဂျေရုစလင်တို့တွင် အရှိန်မြင့်တက် လာခဲ့ပြီး အထူးသဖြင့် မွတ်စလင်တို့၏ ရာမဒန်ဥပုသ်ကာလအတွင်း ဂျူးလူမျိုးတို့၏ ဘာသာရေးပွဲတော်စတင်ချိန်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။
ဂျေရုစလင်မြို့ရှိ အယ်လ်အက်ဆာဗလီဝင်းအတွင်း ဧပြီလ ၁၅ ရက်တွင် ပါလက်စတိုင်းနှင့် အစ္စရေးရဲတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း လူပေါင်း ၁၆၀ ကျော်ဒဏ်ရာရရှိခဲ့ပါသည်။ တူရကီအနေဖြင့် ပါလက်စတိုင်းနှင့်အတူ အမြဲရပ်တည်လျက်ရှိကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပြီး အထက်ပါဖြစ်ရပ် များကြောင့် ပါလက်စတိုင်းအဖွဲ့အစည်းများအနေဖြင့် စည်းလုံးညီညွတ်ရေးနှင့် ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်းကိုလည်း ထပ်လောင်း အတည်ပြုပြောကြားခဲ့ပါသည်။ တူရကီနှင့် အစ္စရေးအကြား ဆက်ဆံရေးသည် ၂၀၁၀ ပြည့်နှစ်မှစတင်၍ တင်းမာလာခဲ့ပြီးနောက် မကြာသေးမီလများအတွင်း နှစ်နိုင်ငံအကြား အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ကြပြီး မတ်လ ၉ ရက်က သွားရောက် ခဲ့သော အစ္စရေးသမ္မတ အစ်ဆက်ဟာဇော့ (Issac Herzog) ၏ တူရကီ ခရီးစဉ်အတွင်း ပါလက်စတိုင်းအရေးသည် တူရကီနိုင်ငံအတွက် ထိရှလွယ်သောကိစ္စရပ်တစ်ခုဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment