National Interest;Apr-6(Wed)
ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုသည် အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် ဆက်လက်ခြိမ်းခြောက်နေသည့်အတွက် ပိုလန်နိုင်ငံအနေဖြင့် Abrams တင့်ကား ၂၅၀ စီး ဝယ်ယူရန် အမေရိကန်နိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း National Interest သတင်းဌာနက ဧပြီလ ၆ ရက်တွင်ဖော်ပြခဲ့ပါသည်။ ပိုလန်စစ်ဘက်အား ခိုင်မာအားကောင်းလာစေရန်လုပ်ဆောင်နေပြီး ဖြစ်ပေါ်လာနိုင်သည့် ကျူးကျော်ရန်စမှု များကိုလည်း ဟန့်တားနိုင်စေရန် လုပ်ဆောင်လျက်ရှိသည်ဟု ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီရပ်စ်ဘလက်ဇက် (Mariusz Blaszczak) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ပိုလန်နှင့် အမေရိကန်နိုင်ငံတို့သည် NATO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးတစ်ရပ်ကိုထူထောင်ထားပြီး အမေရိကန် အနေဖြင့် ပိုလန်နိုင်ငံအပေါ် စစ်ရေးအရထောက်ပံ့မှုများစွာပေးလျက်ရှိပါသည်။ လက်ရှိ ဖြစ်ပေါ်နေသည့် ရုရှား-ယူကရိန်အရေးပဋိပက္ခသည် NATO အဖွဲ့ဝင်နိုင်ငံများအပါအဝင် ယူကရိန်း၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အရှေ့ဥရောပဒေသနိုင်ငံများအတွက်လည်း စိုးရိမ်ဖွယ်ရာအဖြစ်သို့ရောက်ရှိလျက်ရှိပါသည်။ အရှေ့ဥရောပဒေသရှိ နိုင်ငံအများစုသည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည်နှင့်အညီ ရုရှားနိုင်ငံနှင့်ဆက်ဆံရေးမှာ အေးခဲလျက်ရှိပြီး အထူးသဖြင့် ရုရှားနှင့်ပိုလန်နိုင်ငံ၏ဆက်ဆံရေးသည် များစွာဆိုးရွားလျက်ရှိပါသည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းသို့တိုက်ခိုက်နေခြင်းအား အမေရိကန်အပါအဝင် NATO အဖွဲ့ဝင်နိုင်ငံများက သဘောကျနှစ်ခြိုက်ခြင်းမရှိသော်လည်း ၎င်းတို့အနေဖြင့် စစ်ပွဲအတွင်းသို့ ဝင်ရောက်၍ ယူကရိန်းဘက်မှတိုက်ခိုက်ခြင်းမပြုဘဲ စစ်ဘက်ဆိုင်ရာ၊ သို့မဟုတ် အခြားသော ကူညီမှုများဖြင့်သာ ထောက်ပံ့ကူညီခဲ့ကြပါသည်။ NATO အဖွဲ့အနေဖြင့် ရုရှားနိုင်ငံ၏ အင်အားကြီးထွားလာမှုအား တုံ့ပြန်ထိန်းချုပ်ရန်နှင့် ရုရှားတို့၏တိုက်ချင်းပစ်ဒုံးကျည် များဖြင့်တိုက်ခိုက်လာနိုင်မှုမှ ကာကွယ်နိုင်ရန်အတွက် တိုက်ချင်းပစ်ဒုံးကျည်ကာကွယ်ရေး စနစ်များအား ပိုလန်နိုင်ငံ၌ထားရှိရန် ပြင်ဆင်လာမှုကြောင့် ပိုလန်နှင့် ရုရှားတို့အကြား ဆက်ဆံရေးသည် ရန်သူသဖွယ်ဖြစ်ပေါ်လာခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲကိုနမူနာယူ၍ တစ်ချိန်တွင် ၎င်းတို့၏နယ်မြေများအား ရုရှားတို့မှ ဝင်ရောက်တိုက်ခိုက် လာနိုင်သည်ဟု သံသယများဖြစ်ပေါ်ခြင်းကြောင့် ၎င်းတို့ဒေသအတွင်း နေတိုးတပ်ဖွဲ့ဝင် အများအပြားအား တပ်ဖြန့်ချထားခြင်းနှင့်အတူ စစ်လက်နက်ပစ္စည်းများကိုလည်း အဆင့်မြှင့်တင်မှုနှင့် အသစ်ထပ်မံဝယ်ယူဖြည့်တင်းမှုများ လုပ်ဆောင်လာခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ အမေရိကန်နိုင်ငံထံမှ Abrams တင့်ကား ၂၅၀ စီးဝယ်ယူရန် အမေရိကန်ဒေါ်လာ ၄.၇၅ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကိုချုပ်ဆိုခဲ့ပါသည်။ ပိုလန်အနေဖြင့် နိုင်ငံ၏စစ်ဘက်အား တောင့်တင်းခိုင်မာစေရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် ကျူးကျော်ရန်စမှုများကို ဟန့်တား နိုင်စေရန်အတွက် အမေရိကန်နိုင်ငံထံမှ ကာကွယ်ရေးပစ္စည်းများဝယ်ယူဖြည့်တင်းလျက် ရှိခြင်းကြောင့် ပိုလန်-ရုရှားဆက်ဆံရေးမှာ တင်းမာသည့်အခြေအနေ၌သာ ဆက်လက်တည်ရှိ နေဦးမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment