Tuesday, April 7, 2020

ပိုလန်အစိုးရသည် စာတိုက်မှတရားမဝင်မဲပေးခြင်းကို ပြုလုပ်ရန် ဖိအားပေးလျက်ရှိခြင်း


Khpg.org; Apr-7(Tue) 

ပိုလန်နိုင်ငံတွင် မေလ ၁၀ ရက်၌ ကျင်းပပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ အား စာတိုက်မှတစ်ဆင့် မဲပေးခွင့်နှင့်ပတ်သက်၍ လွှတ်တော်အတွင်း မဲပေးခဲ့ရာ လက်ရှိအာဏာရဥပဒေနှင့် တရားမျှတရေးပါတီ (Law and Justic) အစိုးရက ထောက်ခံမဲပေးခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲမတိုင်မီ ၆ လအလိုတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုပြောင်းလဲခြင်းသည် တရားမဝင်နည်းလမ်းဖြစ်ပြီး အထက်ပါလုပ်ဆောင်မှုသည် ဒီမိုကရေစီရွေးကောက်ပွဲ၏ အခြေခံမူများကို ချိုးဖောက်မှု ဖြစ်ကြောင်း သတင်းရင်းမြစ်များကရေးသားဖော်ပြခဲ့ကြပါသည်။ ထို့ပြင် ပိုလန်နိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကပ်ရောဂါကူးစက်ပျံ့နှံ့မှုများပြားလာခြင်းအား ဖြေရှင်းရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံတော်အရေးပေါ်အခြေအနေ၊ သို့မဟုတ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်ကိုကြေညာရန် အစိုးရထံတောင်းဆိုထားခဲ့သော်လည်း အစိုးရက အပြင်းအထန်ငြင်းဆန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြခဲ့ပါသည်။ 

ထို့ပြင် လက်ရှိအစိုးရအနေဖြင့် COVID-19 ရောဂါကူးစက်ခံရသူ အရေ အတွက်နှင့် သေဆုံးသူအရေအတွက်အား ကျန်းမာရေးဝန်ကြီးဌာနကတင်ပြသည့် အရေအတွက်ထက် လျော့နည်း၍ထုတ်ပြန်စေခဲ့သည့်အတွက် ပြည်သူများအား ထိတ်လန့်မှုများ ဖြစ်ပေါ်စေလျက်ရှိပါသည်။ ပိုလန်အစိုးရအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ တင်ပြချက်များအားငြင်းပယ်၍ ကူးစက်ခံရသူများနှင့်သေဆုံးသူ အရေအတွက်အား လျှော့ချ၍ထုတ်ပြန်နေခြင်းသည် လက်ရှိရရှိထားသည့်အာဏာအား ဆက်လက်စွဲကိုင်နိုင်ရန်အတွက် ပြည်သူများ၏ဘဝများနှင့် ကစားနေခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက စွပ်စွဲပြစ်တင်ခဲ့ပါသည်။ သို့သော် လက်ရှိအာဏာရ Law and Justic ပါတီခေါင်းဆောင် ဂျာရိုစ်လောကာစင်စကီး (Jaroslaw Kaczynski) က မေလ ၁၀ ရက်တွင် ရွေးကောက်ပွဲများအား တရားမျှတစွာကျင်းပပြုလုပ်သွားရန် တိုက်တွန်းထားခဲ့ကြောင်း သိရှိရပါသည်။

Sunday, April 5, 2020

တူရကီသည် COVID-19 ရောဂါကူးစက်မှုကို တိုက်ဖျက်ရန် စစ်ဘက်တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို လျှော့ချသွားမည်ဆိုခြင်း

Aljazeera; Apr-6(Mon) 

တူရကီနိုင်ငံသည် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်သည့် အနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ စစ်ဆင်ရေးဇုန်များအတွင်း ၎င်းတပ်ဖွဲ့ဝင် များ၏ လှုပ်ရှားမှုများကို လျှော့ချသွားမည်ဖြစ်ပါသည်။ တူရကီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရမှုကြောင့် ၂၄ နာရီအတွင်း သေဆုံးသူဦးရေ ၇၃ ဦးမှ ၅၇၄ ဦးထိ မြင့်တက်ခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃၁၃၅ ဦးမှ ၂၇၀၆၉ ဦးထိမြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရီတင်ကိုကာ (Fahrettin Koca) က ပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအများဆုံးနိုင်ငံများအနက် ၉ နိုင်ငံမြောက်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်း (Johns Hopkins) တက္ကသိုလ်က ထုတ်ပြန်သည့်စာရင်းများအရ သိရပါသည်။ တူရကီနိုင်ငံအနေဖြင့် လက်ရှိတွင် လူမှုလှုပ်ရှားမှုများကိုတားမြစ်ခဲ့ပြီး ၎င်း၏နယ်စပ်များနှင့် စီးပွားရေး လုပ်ငန်းများကိုပိတ်ပင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှုအား ထိန်းချုပ်လျက် ရှိပြီး ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် ဌာနအသစ်တစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ 

ယခုအခါ ဆီးရီးယားနိုင်ငံတွင် တပ်ဖြန့်ချထားသည့်တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေး ဒေသများသို့ ဝင်ထွက်မှုများအား တူရကီကြည်းတပ်အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် သာ သွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၌ ပြီးခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါဖြစ်ပွားမှု များပြား လာခဲ့သည့်အတွက် မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းနှင့် စစ်ဘက် တပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုကို အနည်းဆုံးအထိ လျှော့ချသွားမည်ဖြစ်ပါသည်။ တူရကီ အစိုးရသည် မကြာသေးမီက အသက် ၂၀ ​​အောက်လူငယ်များအား နေအိမ်များအတွင်း ၌သာ နေထိုင်ကြရန်အမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်သည် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးပိုင်းများအပေါ်၌လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသည် ဘူလ်ဂေရီးယားလေတပ်အတွက် F-16 Block 70 အမျိုးအစားတိုက်လေယာဉ်ထုတ်လုပ်ရေး ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်း

၁၂။ အမေရိကန်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Lockheed Martin ကုမ္ပဏီသည် ဘူလ်ဂေရီးယားလေတပ်အတွက် F-16 Block 70 အမျိုးအစားတိုက်လေယာဉ် ၈ စင်းထုတ်လုပ်ရေးဆိုင်ရာ အမေရိကန်ဒေါ်လာ ၅၁၂ သန်း တန်ဖိုးရှိသည့် ကန်ထရိုက်လုပ်ငန်းသဘောတူစာချုပ်အား ချုပ်ဆိုခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ Lockheed Martin ကုမ္ပဏီ အနေဖြင့် အဆိုပါလေယာဉ်များအား ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် အပြီးသတ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဘူလ်ဂေးရီးယားလေတပ်သည် အဆိုပါ F-16 Block 70 လေယာဉ်များအားဝယ်ယူရန် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းကဆုံးဖြတ်ခဲ့ပြီး ၎င်းတို့အား လက်ရှိအသုံးပြုလျက် ရှိသည့် MiG-29 Fulcrums အမျိုးအစား တိုက်လေယာဉ်များနေရာ၌ အစားထိုး အသုံးပြုရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Saturday, April 4, 2020

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တူရကီကျောထောက်နောက်ခံပြု စစ်သွေးကြွများသည် တူရကီနိုင်ငံအပေါ် ဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ပြီး ၎င်းတို့အတွက် လုပ်ခလစာများပေးချေသွားရန် တောင်းဆိုခဲ့ခြင်း

၁၀။ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တူရကီကျောထောက်နောက်ခံပြု စစ်သွေးကြွများသည် တူရကီနိုင်ငံအပေါ် ဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ပြီး ၎င်းတို့အတွက် လုပ်ခလစာများပေးချေသွားရန် တောင်းဆိုခဲ့ပါသည်။ စစ်သွေးကြွဒါဇင်ပေါင်းများစွာ သည် ဆန္ဒပြမှုများပြုလုပ်လျက်ရှိကြောင်းနှင့် ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း၊ တယ်လ်အာဗျက် (Tal Abyad) မြို့ရှိ အယ်လ်အလမ်(al-Alam) ရင်ပြင်အနီးတွင် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့က ဧပြီလ ၅ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည် ဆီးရီးယားနိုင်ငံအတွင်းရှိ တူရကီဦးဆောင်သည့်တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် အခြားသောနယ်မြေများသို့ ရွှေ့ပြောင်းပေးသွားရန်အတွက်လည်း တောင်းဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။

ရွေးကောက်ပွဲတွင် စာတိုက်မှတစ်ဆင့် ဆန္ဒမဲပေးသည့်နည်းလမ်းကို အသုံးပြုရန် ဖြစ်နိုင်ခြေရှိကြောင်း ပိုလန်သမ္မတက ပြောကြားခဲ့ခြင်း




Reuters; Apr-4(Sat) 

လာမည့် မေလတွင် ကျင်းပမည့် ပိုလန်သမ္မတရွေးကောက်ပွဲတွင် မဲဆန္ဒရှင် များအနေနှင့် စာတိုက်မှတစ်ဆင့် မဲဆန္ဒပေးခြင်းနည်းလမ်းသည် ဖြစ်နိုင်ခြေရှိကြောင်း ပိုလန်သမ္မတ အန်ဒါဇက်ဒူဒါ (Andrzej Dudr) က ပြောကြားခဲ့ပါသည်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်နေသော်လည်း မေလ ၁၀ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လူကိုယ်တိုင်လာရောက်မဲပေးခြင်းအစား စာတိုက်မှ တစ်ဆင့် မဲပေးခြင်းနည်းလမ်းဖြင့် အစားထိုးသွားရန် လွှတ်တော်တွင် အဆိုပြုချက် တင်ပြထားပြီးဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကို ဖြစ်အောင်ကျင်းပသွားရန် လိုလား ကြောင်း အမျိုးသားရေးဝါဒီဖြစ်သော ဥပဒေနှင့်တရားမျှတရေးပါတီ (Law and Justice – PiS) ပါတီက ပြောကြားခဲ့ပါသည်။ 

PiS ပါတီ၏ ညွန့်ပေါင်းမဟာမိတ်တစ်ဦးဖြစ်သော အက်ကော့ (Accord) ကမူ ရွေးကောက်ပွဲကို သတ်မှတ်ရက်တွင် ကျင်းပသွားရန်မှာ မဖြစ်နိုင်ကြောင်းနှင့် နောက်သို့ ၂ နှစ် ရွှေ့ဆိုင်းကျင်းပသင့်ကြောင်း အကြံပြုတင်ပြထားပါသည်။ ရွေးကောက်ပွဲကို စာတိုက်မှတစ်ဆင့်မဲပေးသည့်စနစ်ဖြင့် ကျင်းပရေးနှင့် ရွေးကောက်ပွဲရွှေ့ဆိုင်းရေး အငြင်းပွားမှုကိစ္စကြောင့် အာဏာရညွန့်ပေါင်းအစိုးရအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သည်ဟုဆိုပါသည်။ ရွေးကောက်ပွဲကို စာတိုက်မှမဲပေးသည့်စနစ်ဖြင့် လုပ်ဆောင်မည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အာဏာရပါတီသည် နိုင်ငံ၏ စာတိုက်အကြီးအကဲအား အစားထိုးခန့်အပ်ထားပြီးဖြစ်ပါသည်။ ပိုလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် စာသင်ကျောင်းများ ပန်းခြံများ ဟိုတယ်များစသည့် လူစုလူဝေးကိစ္စများကို ပိတ်ပင်ထားပြီးဖြစ်ရာ လာမည့် မေလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လူကိုယ်တိုင်လာစရာမလိုသောစာတိုက် မဲပေးခြင်း စနစ်ကို အာဏာရပါတီက အဆိုပြုနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် Javelin ဟုအမည်ပေးထားသည့် တင့်ဖျက် ဒုံးကျည်စနစ် ၁၂၈ ခုအား အက်စတိုးနီးယားနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်း

၉။ အမေရိကန်ပြည်ထောင်စုသည် Javelin ဟုအမည်ပေးထားသည့် တင့်ဖျက် ဒုံးကျည်စနစ် ၁၂၈ ခုအား အက်စတိုးနီးယားနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံရှိ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမေရိကန်ပြည်ထောင်စုတို့ ချုပ်ဆိုခဲ့သော စာချုပ်ပါစစ်ပစ္စည်းများ တင်ပို့မှုတစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ တင်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း အက်စတိုးနီးယားနိုင်ငံရှိ အမေရိကန်သံရုံးက ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပါသည်။ အက်စတိုးနီးယား တပ်ဖွဲ့များနှင့် အမေရိကန်တပ်မတော် ဥရောပဒေသကွပ်ကဲရေးဌာနချုပ်တို့သည် ပူးတွဲမဟာဗျူဟာများ အောင်မြင်ရေးနှင့် ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက် ကြမည် ဖြစ်ပါသည်။ ယခုကဲ့သို့ အက်စတိုးနီးယားနိုင်ငံအား Javelin တင့်ဖျက် ဒုံးစနစ်ရောင်းချရေးအတွက် အမေရိကန်နိုင်ငံက ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ အတွင်းက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Friday, April 3, 2020

တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားမြောက်ပိုင်းတွင်ပြုလုပ်လျက်ရှိသော ထိုးစစ်အတွင်း ကာ့ဒ် (Kurdistan Workers Party -PKK) သူပုန်အဖွဲ့ဝင် ၁၄ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်း

 ၁၁။        တူရကီစစ်ဘက်အနေဖြင့် ဆီးရီးယားမြောက်ပိုင်းတွင်ပြုလုပ်လျက်ရှိသော ထိုးစစ်အတွင်း ကာ့ဒ် (Kurdistan Workers Party -PKK) သူပုန်အဖွဲ့ဝင် ၁၄ ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဧပြီလ ၃ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုမှ ဖော်ပြခဲ့ပါသည်။ ယူဖရေးတီးမြစ်ဝှမ်းတစ်လျှောက်၌ စစ်ဆင်ရေးဆောင်ရွက်လျက် ရှိသော တူရကီအထူးတပ်ဖွဲ့ဝင်များအား ဆီးရီးယားနှင့် တူရကီနိုင်ငံအတွင်းရှိ ကာ့ဒ်သူပုန်အဖွဲ့တို့မှ တိုက်ခိုက်ရန်ပြင်ဆင်မှုများဆောင်ရွက်နေစဉ် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများ လုပ်ဆောင်သည့်အနေဖြင့် မလွဲသာမရှောင်သာ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် တည်တံ့ခိုင်မြဲမှုအား ခြိမ်းခြောက် လျက်ရှိသည့် ခွဲထွက်ရေးတောင်းဆိုဆန့်ကျင်လျက်ရှိသော တူရကီနိုင်ငံ အရှေ့ တောင်ဘက်နှင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များကိုလည်း သုတ်သင် ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။  

ဆီးရီးယားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၃ ရက်တွင် အိုင်ဒဲလစ်စီရင်စုသို့ စစ်လက်နက်အသစ်များ ယူဆောင်လာခဲ့ ကြောင်း စစ်ဘက်ထောက်လှမ်းရေးတစ်ဦးက ပြောကြားခဲ့ခြင်း

၁၀။ ဆီးရီးယားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၃ ရက်တွင် ဆီးရီးယား အနောက်မြောက်ပိုင်း၊ အိုင်ဒဲလစ်စီရင်စုသို့ စစ်လက်နက်အသစ်များ ယူဆောင်လာခဲ့ ကြောင်း စစ်ဘက်ထောက်လှမ်းရေးတစ်ဦးက ပြောကြားခဲ့ပါသည်။ တူရကီစစ်ဘက် သည် အိုင်ဒဲလစ်စီရင်စုအတွင်းရှိ တူရကီစစ်ဘက်စောင့်ကြည့်လေ့လာရေးစခန်းသို့ စစ်ယာဉ် ၃၅ စီးစေလွှတ်ခဲ့ပြီး မတ်လ ၅ ရက်မှစ၍ ဒေသတွင်းဝင်ရောက်လာသော စစ်ယာဉ်ပေါင်း ၂,၂၂၅ စီးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ဝင်ရောက်ခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အိုင်ဒဲလစ်စီရင်စုအတွင်းရှိ စစ်ဆင်ရေးနယ်မြေများ သို့လည်း အင်အားဖြည့်တင်းပေးခဲ့ကြောင်း ဗြိတိန်အခြေစိုက်စောင့်ကြည့်ရေးအဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

ဆားဘီးယား၌ COVID-19 အား တိုက်ဖျက်ရာတွင် အကူအညီပေးရန် ရုရှားမှသယ်ယူပို့ဆောင်ရေးလေယာဉ်များစေလွှတ်ခဲ့သည်ဆိုခြင်း

၈။ ဘော်လ်ကန်ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့် ဆားဘီးယား (Serbia) ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အား တိုက်ဖျက်ရာတွင် အကူအညီပေးရန် ရုရှား လေကြောင်းအာကာသတပ်ဖွဲ့များမှ အမှတ်(၇)နှင့် အမှတ်(၈) သယ်ယူပို့ဆောင်ရေး လေယာဉ်များအား ၎င်းနိုင်ငံသို့စေလွှတ်ခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုမှ ဧပြီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါလေယာဉ်များနှင့်အတူ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆေးဝန်ထမ်းများ စုစုပေါင်း ၈၇ ဦးပါဝင်ပြီး ရောဂါကူးစက်မှုအကာအကွယ်ဝတ်စုံများနှင့် ဆေးဝါးများလည်း ပါရှိကြောင်း သိရှိရပါသည်။ ဆားဘီးယားကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်း များအရ COVID-19 ရောဂါကူးစက်ခံသူ ၁,၄၇၆ ဦးရှိပြီး သေဆုံးသူ ၃၉ ဦးရှိပြီဖြစ် ကြောင်း သိရှိရပါသည်။

ဂရိဝန်ကြီးချုပ်သည် တူရကီသို့ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှုများအားလျှော့ချရန် ဂျာမနီဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတတို့ထံ စာရေးသားပေးပို့ခဲ့မှုအား တူရကီက ပြစ်တင်ရှုတ်ချခဲ့ခြင်း

၃။ ဂရိဝန်ကြီးချုပ် ခရီယာကိုစ့်မစ်ဆိုတာကစ် (Kyriakos Mitsotakis) သည် ဒုက္ခသည်ပဋိပက္ခဖြစ်ပွားလျက်ရှိစဉ် တူရကီနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှု များအားလျှော့ချရန် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့ထံ စာရေးသား ပေးပို့ခဲ့မှုနှင့်စပ်လျဉ်း၍ တူရကီအစိုးရက ဧပြီလ ၃ ရက်တွင် အပြင်းအထန်ပြစ်တင် ရှုတ်ချခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟာမီအေကေဆွိုင်း (Hami Aksoy) က ပြောကြားခဲ့ပါသည်။ ထို့နောက် တူရကီအစိုးရသည် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ၄ သန်းအတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံသုံးစွဲခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဥရောပသမဂ္ဂသည် ဒုက္ခသည် များအား အကူအညီပေးအပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံ ကတိပြု ထားရှိသော်လည်း အဆိုပါပမာဏ၏ ထက်ဝက်ခန့်မျှသာလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Thursday, April 2, 2020

ရုရှားနိုင်ငံသို့သွားရောက်မည့် ပိုလန်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် ၎င်းတို့၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း

၇။ ရုရှားနိုင်ငံ၊ စမားလင့် (Smolensk) မြို့နှင့် ကာသင်းန် (Katyn) ဒေသသို့ သွားရောက်မည့် ပိုလန်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြောင့် ၎င်းတို့၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဝန်ကြီးချုပ် မာတစ်မိုရာဇန်ခီ (Mateusz Moraxiecki) က ၎င်းအနေဖြင့် ရုရှားနိုင်ငံရှိ စမားလင့် (Smolensk) မြို့နှင့် ကာသင်းန် (Katyn) ဒေသတို့ရှိ ဝမ်းနည်းဖွယ်ရာ သမိုင်းအဖြစ်အပျက် များအတွက်ပြုလုပ်သည့် အထိမ်းအမှတ်ပွဲများသို့သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း နှင့် ပိုလန်သမ္မတ အန်ဒါဇက်ဒူဒါ (Andrzej Duda) သည် အဆိုပါချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ သွားရောက်မည်မဟုတ်ကြောင်း အစောပိုင်း၌ ပြောကြား ခဲ့ပါသည်။ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် အဆိုပါခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု ရုရှားနိုင်ငံမြို့တော် မော်စကိုရှိ ပိုလန်သံရုံးမှ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

ပိုလန်၊ ဟန်ဂေရီနှင့် ချက်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအား လက်ခံရေးနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပွားနေစဉ်အတွင်း ဒုက္ခသည်များအချိုးကျလက်ခံရေး ခွဲတမ်းအား ငြင်းပယ်ခဲ့ခြင်း


၁၅။ ပိုလန်၊ ဟန်ဂေရီနှင့် ချက်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအား လက်ခံရေးနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပွားနေစဉ်အတွင်း ဒုက္ခသည်များအချိုးကျလက်ခံရေး ခွဲတမ်းအား ငြင်းပယ်ခဲ့ပါသည်။ ထို့ကြောင့် ၎င်းတို့ ၃ နိုင်ငံသည် ဥရောပသမဂ္ဂ (EU)အဖွဲ့၏ စည်းမျဉ်းများအား ချိုးဖောက်ခဲ့ကြောင်း EU တရားရုံးက ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ EU အဖွဲ့ဝင်နိုင်ငံများအနေဖြင့် EU မှချမှတ်ထားသည့် စည်းမျဉ်းများအား ချိုးဖောက်ခဲ့မည်ဆိုပါက ပြစ်ဒဏ်ပေး/ အရေးယူခံရမှုများနှင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီးသည် NATO အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

၁၁။ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် မဟာမိတ်နိုင်ငံများအတွင်း ပထမဆုံးသမိုင်းဝင်လုပ်ရပ်တစ်ခုဖြစ်စေနိုင်မည့် NATO အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဗီဒီယိုမှတစ်ဆင့် (Via Teleconference-VTC) တွေ့ဆုံဆွေးနွေးမှုကို ဧပြီလ ၂ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ VTC ဆွေးနွေးမှုတွင် ၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဟန့်တားနိုင်ရေးတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲအတွင်း မဟာမိတ်နိုင်ငံများ၏ ခိုင်မာ အားကောင်းသည့် နိုင်ငံရေးအခန်းကဏ္ဍများအပြင် နေတိုးအဖွဲ့၏လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆီးရီးယားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့် လက်နက်စွန့်လွှတ်ရေးကို သူပုန်ဘက်က လိုက်နာမှုမရှိသကဲ့သို့ တူရကီဘက်ကလည်း လိုက်နာမှုမရှိခြင်းကြောင့် Su-24 ဗုံးကြဲလေယာဉ် ၂ စင်းအား ရုရှားက ဆီးရီးယားသို့စေလွှတ်ခဲ့ကြောင်း ဘူလ်ဂေးရီးယားစစ်ဘက်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း


၁၀။ ဆီးရီးယားအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့် လက်နက်စွန့်လွှတ်ရေးကို သူပုန်ဘက်က လိုက်နာမှုမရှိသကဲ့သို့ တူရကီဘက်ကလည်း လိုက်နာမှုမရှိခြင်းသည် ရုရှားအား ဆီးရီးယားအရေးတွင် စစ်ရေးပြန်လည်စတင်ရန် လှုံ့ဆော်မှုဖြစ်စေခဲ့သဖြင့် Su-24 ဗုံးကြဲလေယာဉ် ၂ စင်းအား ရုရှားက ဆီးရီးယားသို့စေလွှတ်ခဲ့ကြောင်း ဘူလ်ဂေးရီးယားစစ်ဘက်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ Airborne 96 RED နှင့် Airborne 95 RED အမျိုးအစား ဗုံးကြဲလေယာဉ် ၂ စင်းသည် ဆီးရီးယားရှိ ခန်မီမင် (Khmeimim) လေဆိပ်သို့ ဧပြီလ ၂ ရက်တွင် တိတ်တဆိတ်လျှို့ဝှက်စွာ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် ရုရှားက သူပုန်များနှင့် တူရကီတို့၏ လုပ်ဆောင်ချက်အပေါ် လက်မခံကြောင်းပြသသည့်အနေဖြင့် အိုင်ဒဲလစ် (Idlib) စီရင်စုရှိ အမ်(၄)(M4) အမြန်လမ်းမကြီးအား ပြန်ဖွင့်သွားရန် ဧပြီလအစ၌ သူပုန်များ အား ရာဇသံပေးခဲ့ကြောင်း သိရှိရပါသည်။

Wednesday, April 1, 2020

အကျဉ်းသား ၉၀,၀၀၀ အား ပြန်လွှတ်ပေးရန် တူရကီအစိုးရက ပြင်ဆင်လျက်ရှိခြင်း

 IBTimes; Apr-1(Wed)

              တူရကီနိုင်ငံရှိအကျဉ်းထောင်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ အား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အာဏာရ တရားမျှတရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (Justice and Development Party-AKP) နှင့် အမျိုးသားလှုပ်ရှားမှုပါတီ (Nationalist Movement Party-MHP) တို့သည် မတ်လ ၃၁ ရက်တွင် တူရကီ လွှတ်တော်၌ ဥပဒေမူကြမ်းတစ်ရပ်အား တင်သွင်းခဲ့ပါသည်။ အဆိုပါ ဥပဒေမူကြမ်း အရ တူရကီအကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရသူ ၄၅,၀၀၀ ဦးအား ယာယီလွတ်လပ်ခွင့်ပြုခြင်းနှင့် အခြားအကျဉ်းသား ၄၅,၀၀၀ ဦးကိုလည်း လက်ရှိ ပြစ်ဒဏ်ကျခံနေရမှုမှ အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်များ ပေးအပ်ခြင်းတို့ ပြုလုပ်သွား မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းဥပဒေမူကြမ်း၌ အသက် ၆၅ နှစ်အထက် အကျဉ်းသား များနှင့် ၆ နှစ် အောက်ကလေးငယ်ရှိသော အမျိုးသမီးအကျဉ်းသားများကိုလည်း လွှတ်ပေးသွားမည့်အပြင် ပြစ်ဒဏ်ကာလတစ်ဝက်အထိ အကျဉ်းကျပြီးသူများကိုလည်း ပြန်လည်လွတ်မြောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပါရှိပါသည်။

              သို့သော် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ကာဟစ်အော့ဇ်ကန် (Cahit Ozkan) ကမူ ယာယီလွတ်မြောက်ခွင့်ရရှိသူအကျဉ်းသားများအား အကျဉ်းထောင်မှ ၎င်းတို့၏နေအိမ်များတွင် လွှဲပြောင်းထိန်းသိမ်းသွားဖွယ်ရှိကြောင်း ပြောကြားထား ပါသည်။ ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းကျခံနေရသူများအပါအဝင် လိင်အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အကြမ်းဖက်မှုတို့နှင့်ပတ်သက်၍ အကျဉ်းကျခံနေသူများမှာ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် ပါဝင်ခြင်းမရှိပေ။ တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အကျဉ်းသား ၇၀,၀၀၀ ‌ကျော်ရှိကြောင်း သိရှိရပါသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရမှုကြောင့် အီရန်မှတူရကီသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းခဲ့ရခြင်း

aljazeera;Mar-31(Tue) 

အီရန်နိုင်ငံနှင့်ထိစပ်လျက်ရှိသော တူရကီနယ်စပ်ဒေသအတွင်းရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရပြီးနောက် အီရန်နိုင်ငံမှ တူရကီနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းခဲ့ရကြောင်း အီရန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ၏ အရာရှိတစ်ဉီးက ပြောကြားခဲ့ပါသည်။ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအား PKK ကာ့ဒ်သူပုန်အဖွဲ့က လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်းနှင့် အဆိုပါပိုက်လိုင်းသည် ပြီးခဲ့သည့် နှစ်များအတွင်းကလည်း တိုက်ခိုက်ခံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ပြုပြင်သွားရန်အတွက် အများဆုံး ၄ ရက်ကြာမြင့်မည် ဖြစ်ကြောင်းနှင့် ပြုပြင်ပြီးမှသာ ဓာတ်ငွေ့တင်ပို့မှု ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့ပါသည်။ 

အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးခံရမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါဒေသအတွင်း စစ်ဘက်တပ်ဖွဲ့ များအား တပ်ဖြန့်ချထားကြောင်း တူရကီနိုင်ငံပိုင် အန်နာဒိုလူ (Anadolu) သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံမှ တူရကီနိုင်ငံသို့ နှစ်စဉ်သဘာဝဓာတ်ငွေ့ ၁၀ ဘီလီယံကုဗမီတာ တင်ပို့လျက်ရှိသည့် အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ကာ့ဒ်စစ်သွေးကြွများ၏တိုက်ခိုက်မှုကို မကြာခဏခံခဲ့ ရကြောင်း သိရှိရပါသည်။

တူရကီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်နှင့် ဆိုးရွားစွာရင်ဆိုင်ကြုံတွေ့ရလျက်ရှိသော အီတလီနိုင်ငံနှင့် စပိန်နိုင်ငံ များသို့ ဆေးဝါးဆိုင်ရာအကူအညီများပေးအပ်သွားမည်

၆။ တူရကီစစ်ဘက်လေယာဉ် ၁ စီးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်နှင့် ဆိုးရွားစွာရင်ဆိုင်ကြုံတွေ့ရလျက်ရှိသော အီတလီနိုင်ငံနှင့် စပိန်နိုင်ငံ များသို့ ဆေးဝါးဆိုင်ရာအကူအညီများပေးအပ်နိုင်ရန်အတွက် တူရကီနိုင်ငံမှ ဧပြီလ ၁ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် စပိန်နိုင်ငံတွင် သေဆုံးသူအရေ အတွက် ၈,၁၈၉ ဦးနှင့် အီတလီနိုင်ငံတွင် ၁၂,၄၂၈ ဦးအထိ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၈၀ တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လျက်ရှိရာ ရောဂါ ကူးစက်ခံရသူ အရေအတွက်သည် ၈၆၀,၉၂၇ ဦးအထိရောက်ရှိခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၄၂,၃၆၁ ဦးအထိရောက်ရှိခဲ့ကာ ၁၇၈,၅၄၀ ဦး ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း သိရှိရပါသည်။