Aljazeera; Apr-6(Mon)
တူရကီနိုင်ငံသည် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်သည့် အနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ စစ်ဆင်ရေးဇုန်များအတွင်း ၎င်းတပ်ဖွဲ့ဝင် များ၏ လှုပ်ရှားမှုများကို လျှော့ချသွားမည်ဖြစ်ပါသည်။ တူရကီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရမှုကြောင့် ၂၄ နာရီအတွင်း သေဆုံးသူဦးရေ ၇၃ ဦးမှ ၅၇၄ ဦးထိ မြင့်တက်ခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃၁၃၅ ဦးမှ ၂၇၀၆၉ ဦးထိမြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖာရီတင်ကိုကာ (Fahrettin Koca) က ပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအများဆုံးနိုင်ငံများအနက် ၉ နိုင်ငံမြောက်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်း (Johns Hopkins) တက္ကသိုလ်က ထုတ်ပြန်သည့်စာရင်းများအရ သိရပါသည်။ တူရကီနိုင်ငံအနေဖြင့် လက်ရှိတွင် လူမှုလှုပ်ရှားမှုများကိုတားမြစ်ခဲ့ပြီး ၎င်း၏နယ်စပ်များနှင့် စီးပွားရေး လုပ်ငန်းများကိုပိတ်ပင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှုအား ထိန်းချုပ်လျက် ရှိပြီး ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် ဌာနအသစ်တစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုအခါ ဆီးရီးယားနိုင်ငံတွင် တပ်ဖြန့်ချထားသည့်တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေး ဒေသများသို့ ဝင်ထွက်မှုများအား တူရကီကြည်းတပ်အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် သာ သွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၌ ပြီးခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါဖြစ်ပွားမှု များပြား လာခဲ့သည့်အတွက် မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းနှင့် စစ်ဘက် တပ်ဖွဲ့ဝင်များ၏လှုပ်ရှားမှုကို အနည်းဆုံးအထိ လျှော့ချသွားမည်ဖြစ်ပါသည်။ တူရကီ အစိုးရသည် မကြာသေးမီက အသက် ၂၀ အောက်လူငယ်များအား နေအိမ်များအတွင်း ၌သာ နေထိုင်ကြရန်အမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်သည် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးပိုင်းများအပေါ်၌လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment