Tuesday, November 30, 2021

ဥရောပအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာသစ်များအား ထိန်းချုပ်ရန်အတွက် နိုင်ငံတကာစံနှုန်းများသတ်မှတ်ရာတွင် ကမ္ဘာတစ်ဝန်းကို ဦးဆောင်ရန်လိုအပ်ကြောင်း ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး

 ဥရောပအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာသစ်များအား ထိန်းချုပ်ရန်အတွက် နိုင်ငံတကာစံနှုန်းများသတ်မှတ်ရာတွင် ကမ္ဘာတစ်ဝန်းကို ဦးဆောင်ရန်လိုအပ်ကြောင်း ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဂျာကဘ်ကူဟာနက် (Jakub Kulhanek) က ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကူဟာနက်သည် ၂ ရက်ကြာ  ကျင်းပပြုလုပ်ခဲ့သည့် ချက်သမ္မတနိုင်ငံ၏ လုံခြုံရေးဖိုရမ်၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့အတူ ဥရောပအနေဖြင့် နည်းပညာသစ် များအားထိန်းချုပ်ရာတွင် လူ့အခွင့်အရေးကိုအခြေခံသည့်နည်းလမ်းများကို တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ နည်းပညာကိုအသုံးချ၍ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား ထိခိုက်စေနိုင်သည့် ကြိုးပမ်းနေမှုများ အပေါ် ဥရောပအနေဖြင့် တားဆီးရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

ပိုလန်ပြည်ထဲရေးဝန်ကြီးသည် တရားမဝင် ဝင်ရောက်နေထိုင်မှုများအပေါ် ၃ လကြာ ပိတ်ပင်သည့်အမိန့်တစ်ရပ်အား ထုတ်ပြန်ခဲ့ခြင်း

 

ပိုလန်ပြည်ထဲရေးဝန်ကြီး မာရီယူဇ်ခမ်မင်စကီ (Mariusz Kaminski) အနေဖြင့် နိုင်ငံ၏ အရေးပေါ်နယ်မြေအဖြစ်သတ်မှတ်ထားသည့် ဘီလာရုဇ်နယ်စပ်ဒေသတစ်လျှောက်၌ တရားမဝင် ဝင်ရောက်နေထိုင်မှုများအပေါ် ဒီဇင်ဘာလ ၁ ရက်မှ မတ်လ ၁ ရက်အထိ ၃ လကြာ ပိတ်ပင်သည့်အမိန့်တစ်ရပ်အား ထုတ်ပြန်ခဲ့ကြောင်း Tass သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်နိုင်ငံ၏ နယ်စပ်ဒေသဆိုင်ရာ ပြင်ဆင် ဖြည့်စွက်ထားသည့် ဥပဒေသစ်အရ အမိန့်ထုတ်ပြန်ခဲ့သည့် အဆိုပါတားမြစ်မိန့်သည် ဘီလာရုဇ်နယ်စပ်မှ ၃ ကီလိုမီတာအတွင်း နေထိုင်လျက်ရှိသော ရွှေ့ပြောင်းအခြေချ နေထိုင်သူ ၁၈၃ ဦးအပေါ်၌ အကျိုးသက်ရောက်သွားစေမည်ဖြစ်ပါသည်။ အဆိုပါဥပဒေသစ် အား ပိုလန်သမ္မတနှင့် လွှတ်တော်တို့က နိုဝင်ဘာလ ၃၀ ရက်တွင် အတည်ပြုချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နှင့် ဆိုက်ပရပ်စ်တို့သည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့် တိုးမြှင့်ရန် သဘောတူညီခဲ့ခြင်း

 China.org.cn;Dec-1(Wed)

              တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ဆိုက်ပရပ်စ်သမ္မတ နီကိုးစ်အက်နာ စတာဆီရာဒစ် (Nicos Anastasiadis) တို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု၏ နှစ် ၅၀ ပြည့်အထိမ်းအမှတ်မတိုင်မီ နှစ်နိုင်ငံဆက်ဆံရေးအား မဟာ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့် တိုးမြှင့်ရေးနှင့်ပတ်သက်၍ နိုဝင်ဘာလ ၃၀ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တရုတ်ဒေသ တွင်း သတင်းအရင်းအမြစ်တစ်ခုက ဒီဇင်ဘာလ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း သမ္မတ ရှီအနေဖြင့် ဆိုက်ပရပ်စ်နှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ပြီးချိန်မှစ၍ ကမ္ဘာ့နိုင်ငံများအကြား ရင်းနှီးချစ်ကြည်သောဆက်ဆံရေးကို ပြသနိုင်ခဲ့ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ထို့နောက် သမ္မတ ရှီသည် တရုတ်- ဆိုက်ပရပ်စ်ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက် ချက်ပါဝင်သည့် အဆိုပြုချက် တစ်ရပ်ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

          သမ္မတ ရှီ၏ အချက် ချက်ပါဝင်သည့် အဆိုပြုချက်တွင် ၎င်းတို့နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန်လေးစားလိုက်နာမှုရှိရေး၊ ရပ်ဝန်းနှင့်လမ်းကြောင်းအစီအစဉ် (Belt and Road Initiative-BRI) ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရေး၊ တရုတ်-ဥရောပသမဂ္ဂ(EU) ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သောလမ်းညွှန်ချက် များကိုထိန်းသိမ်းရေးနှင့် တရားမျှတသည့် နိုင်ငံတကာစည်းမျဉ်းများကို ထောက်ခံရေး တို့ပါဝင်ပါသည်။ တရုတ်နိုင်ငံသည် ဆိုက်ပရပ်စ် အဓိကမိတ်ဖက်နိုင်ငံဖြစ်သည့်နည်းတူ ဆိုက်ပရပ်စ်နိုင်ငံအနေဖြင့်လည်း BRI စီမံကိန်းအရ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အခြားသောကဏ္ဍများတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန်အသင့်ရှိကြောင်း သမ္မတ အက်နာစတာဆီရာဒစ်က ပြောကြား ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုများအပြီးတွင် ၎င်းတို့နှစ်နိုင်ငံသည် တရုတ်-ဆိုက်ပရပ်စ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးထူထောင်မှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တစ်ရပ် အား ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Monday, November 29, 2021

    တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တာ့ခ်မင်နစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ပါကစ္စတန် သမ္မတ အာရစ်ဖ်အယ်ဗီ (Arif Alvi) နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ မြို့တော် အရှာဂါဘတ် (Ashgabat) ၌ တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုအား မြှင့်တင်ရန် သဘောတူညီခဲ့ကြောင်း The news သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Economic Cooperation Organisation-ECO) ခိုင်မာအားကောင်း လာစေရန် သဘောတူညီခဲ့ကြပြီး အစ္စလာမ်မုန်းတီးရေးကို ဟန့်တားနိုင်ရန်အတွက် အစ္စလာမ္မစ်နိုင်ငံများ၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများလိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် ဒေသတွင်းရင်ဆိုင်နေရသော အခက်အခဲ များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အတူတကွပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်သည်ဟု သမ္မတ အယ်ဗီက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    ဘောလ်တစ် ၃ နိုင်ငံမှ လွှတ်တော်အမတ်များသည် ဥရောပသမဂ္ဂနိုင်ငံများနှင့် ထိုင်ဝမ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုအဖြစ် နိုဝင်ဘာလ ၂၉ ရက် တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-Wen) နှင့် တွေ့ဆုံခဲ့ပါသည်။ လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့မှ လွှတ်တော်အမတ်များသည် ၎င်းတို့၏ ပထမဆုံးသော ပူးတွဲခရီးစဉ်အဖြစ် ထိုင်ဝမ်သို့လာရောက်ခြင်းဖြစ်ကြောင်း သမ္မတ ဆိုင်က ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်တွင် မကြာမီဖွင့်လှစ်တော့မည့် လစ်သူရေးနီးယား ကုန်သွယ်ရေးရုံးသည် ထိုင်ဝမ်နှင့် လစ်သူရေးနီးယားတို့အကြား မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်စေမည်ဖြစ်သည့်အပြင် ထိုင်ဝမ်နှင့် ဥရောပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ပိုမိုနီးကပ်စေရန် အထောက်အပံ့ဖြစ်စေမည်ဟုမျှော်လင့်ကြောင်း လစ်သူရေးနီးယား ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ မက်တက်စ် မော့ဒေးကစ် (Matas Maldeikis) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့တို့သည် ဘီလာရုဇ်နှင့် ရုရှား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်သွားမည်ဆိုခြင်း

 

TRTworld; Nov-29 (Mon)

              နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်းစတိုတန်ဘတ် (Jens Stoltenberg) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယမ် (Ursula Von der Leyen) တို့သည် ယခုသီတင်းပတ်အတွင်း လတ်ဗီးယားနိုင်ငံ၌ ပြုလုပ်မည့် နေတိုးအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ နိုဝင်ဘာလ ၂၉ ရက်တွင် လစ်သူရေးနီးယားနိုင်ငံ၊ ဗီနီးယက် (Vilnius) မြို့၌ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း ဥရောပသမဂ္ဂ (EU) နှင့် နေတိုးခေါင်းဆောင်များသည် ယူကရိန်းနယ်စပ်အနီး၌ ရုရှား၏ စစ်ရေးတည်ဆောက်မှုများနှင့် ဘီလာရုဇ် ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ အကျပ်အတည်းများနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လျက်ရှိသည့် မျိုးစပ်ခြိမ်းခြောက်မှုများ (Hybrid Threats) အား တုံ့ပြန်ရာတွင် အတူတကွလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ထို့ပြင် နေတိုးနှင့် EU အကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေး ခဲ့ကြောင်း စတိုတန်ဘတ်က ပြောကြားခဲ့ပါသည်။

              ဘီလာရုဇ်နိုင်ငံသည် ဥရောပသမဂ္ဂအား ပစ်မှတ်ထားသည့် မျိုးစပ်ခြိမ်းခြောက်မှုများ ပြုလုပ်ရန် ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ အကျပ်အတည်းအား ကြိုးကိုင် ခြယ်လှယ်လျက်ရှိကြောင်း စတိုတန်ဘတ်နှင့် ဗွန်ဒါလီယမ်တို့က စွပ်စွဲပြောကြားခဲ့ပါ သည်။ အရှေ့အလယ်ပိုင်းဒေသမှ ရွှေ့ပြောင်းအခြေချနေထိုင်သူထောင်ပေါင်းများစွာသည် ပြီးခဲ့သည့်လများအတွင်း ဘီလာရုဇ်နယ်စပ်မှတစ်ဆင့် EU နှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ် သော လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံတို့အား ဝင်ရောက်ရန် ကြိုးပမ်း ခဲ့ကြပါသည်။ ထိုသို့ ဝင်ရောက်ရန်ကြိုးပမ်းမှုများကို ကာကွယ်ရန်အတွက် ဥရောပ သမဂ္ဂအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံတို့၏ နယ်စပ်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၂၂၆ သန်းကို ရန်ပုံငွေအဖြစ် သတ်မှတ်ထားရှိကြောင်းကိုလည်း ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယမ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။