တူရကီနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ရီပက်ဘလစ်ကန်ပြည်သူ့ ပါတီ (Republican People’s Party-CHP) မှ လွှတ်တော်အမတ် တီရိုမန်ဆန်ကာ (Teoman Sancar) သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ၎င်း၏တွစ်တာစာမျက်နှာတွင် ကြေညာခဲ့ပါသည်။ ၎င်းအပြင် CHP ပါတီမှ လွှတ်တော် အမတ် မဲမစ်အလီဆဲလ်လီဘိုင် (Mehmet Ali Celebi)၊ အောဇ့်ကန်အိုဇယ် (Ozcan Ozel) နှင့် ဟူစီရင်အာက်ဆွိုင် (Huseyin Aksoy) တို့သည်လည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ပါလီမန်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရာထူးမှနုတ်ထွက် ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါနုတ်ထွက်မှုများနှင့်ပတ်သက်၍ လွှတ်တော် အမတ်ဟောင်းများစုစည်းပြီး နိုင်ငံရေးပါတီအသစ်တစ်ခုကို တည်ထောင်သွားမည်ဖြစ် ကြောင်း လွှတ်တော်အမတ်ဟောင်းဖြစ်သူ မူဟာရမ်အင့်စ် (Muharrem Ince) က ဇန်နဝါရီလ ၃၁ ရက်တွင် ပြောကြားခဲ့ပါသည်။ CHP ပါတီသည် အမျိုးသားရေးကိစ္စရပ် များကြောင့် ယိမ်းယိုင်လျက်ရှိပြီး လက်ရှိတွင် အမတ်နေရာ ၆၀၀ ရှိသည့် လွှတ်တော်၌ ၁၃၅ နေရာရရှိထားကြောင်း သိရှိရပါသည်။
Sunday, February 28, 2021
အမေရိကန်နိုင်ငံမှ F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များပေးပို့ရန် ငြင်းဆန်မှုအပေါ် တူရကီကာကွယ်ရေးဝန်ကြီးက ဝေဖန်ပြောကြားခဲ့ခြင်း
Ahval News;Feb-27(Sat)
အမေရိကန်နိုင်ငံအနေဖြင့် F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များအား တူရကီ နိုင်ငံသို့ပေးပို့ရန် ငြင်းဆန်မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များထုတ်လုပ်ရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါလေယာဉ်များထုတ်လုပ်ရန်အတွက် လိုအပ်သည့် အကူအညီများပေးအပ်ခြင်းနှင့် ဝယ်ယူရန်အတွက် ကျသင့်ငွေများပေးချေပြီးဖြစ်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါလေယာဉ်များအား တူရကီနိုင်ငံသို့ပေးပို့ သွားရန် အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆန်လျက်ရှိကြောင်း အကာက ပြောကြားခဲ့ ပါသည်။ တူရကီနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်အား ဝယ်ယူခဲ့ပြီးနောက် ၎င်းကာကွယ်ရေးစနစ်သည် NATO အဖွဲ့၏ ကာကွယ်ရေးစနစ်များနှင့် သဟဇာတဖြစ်မှုမရှိကြောင်း အမေရိကန်နိုင်ငံက ပြောကြား ခဲ့ပြီး တူရကီနိုင်ငံအား F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များ ထုတ်လုပ်ရေးအစီအစဉ်မှ ထုတ်ပယ်ခဲ့သည့်အပြင် ၎င်းလေယာဉ်များအား ဝယ်ယူခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါသည်။
အဆိုပါကိစ္စရပ်နှင့်ဆက်စပ်၍ အမေရိကန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၌ လည်း တူရကီကာကွယ်ရေးပစ္စည်းဝယ်ယူရေးဌာနမှ အရာရှိများအပေါ် အရေးယူပိတ်ဆို့မှု များချမှတ်ခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် S-400 လက်နက်စနစ်ကဲ့သို့သော အလားတူ လက်နက်စနစ်များအား ထပ်မံဝယ်ယူရန် ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါက ယခုထက်ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း လည်း အမေရိကန်သမ္မတအသစ် ဂျိုးဘိုင်ဒင် (Joe Biden) က သတိပေးပြောကြားထား ပါသည်။ သို့သော် S-400 လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်သည် NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂရိနိုင်ငံက ကရေတေ (Crete) ကျွန်းတွင် တပ်ဖြန့် ချထားသည့် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့်တူညီသည့် လက်နက်စနစ် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါလက်နက်စနစ်အားအကြောင်းပြ၍ တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခြင်းနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ဟူလူဆီအကာက အမေရိကန်အစိုးရထံသို့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် စာရေးသားတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
ဩစတြီးယားနှင့် ဒိန်းမတ်ဝန်ကြီးချုပ်တို့သည် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဆိုခြင်း
Israelnationlnews;Feb-27(Sat)
ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ် (Sebastian Kurz) နှင့် ဒိန်းမတ် ဝန်ကြီးချုပ် မက်တယ်ဖရီဒီရက်ဆန် (Mette Frederiksen) တို့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးရန်အတွက် အစ္စရေးနိုင်ငံသို့ လာမည့်မတ်လ ၄ ရက်တွင် ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ကြောင်း ဩစတြီးယားဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၂၇ ရက် တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် လက်ရှိကာကွယ်ဆေးအခြေအနေများနှင့် ကုသမှုအခြေအနေများကိုသုံးသပ်၍ အမြန်ဆုံးကုသကာကွယ်နိုင်မည့်နည်းလမ်းများ ချမှတ်ရန်၊ သို့မဟုတ် ဆေးဝါးအသစ်များကို တတ်နိုင်သမျှ လျင်မြန်စွာထုတ်လုပ်နိုင်ရန် အတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ရည်ရွယ်၍ အဆိုပါကဲ့သို့ သွားရောက်ရန်စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ကာဇ့်က ပြောကြားခဲ့ပါသည်။
ထို့ပြင် အစ္စရေး၊ ဩစတြီးယားနှင့်ဒိန်းမတ်နိုင်ငံတို့သည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် အနီးကပ်ဆက်ဆံရေးများရှိခဲ့ပြီး လာမည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု (Binyamin Netanyahu) နှင့်တွေ့ဆုံ၍ ၎င်းတို့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာဇ့်က ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း COVID-19 ကပ်ရောဂါကုသမှုနှင့် ဆေးဝါးထုတ်လုပ်မှု များအပြင် လေ့လာစမ်းသပ်မှုများနှင့် တီထွင်ထုတ်လုပ်မှုများကိုလည်း အတူတကွပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဩစတြီးယားဝန်ကြီးချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်မှုများနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဩစတြီးယားနိုင်ငံအတွင်း၌ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းထပ်မံဖြစ်ပွားချိန် တွင် ဝန်ကြီးချုပ် ကာဇ့်သည် အစ္စရေးဝန်ကြီးချုပ်နှင့် ဆွေးနွေးပြောဆိုခဲ့ပြီး အကူအညီ များထပ်မံတောင်းခံခဲ့ကြောင်း သိရှိရပါသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင် ၇၀၀ ကျော်သည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း တစ်ခုအား ပင်လယ်နက်အတွင်း စတင်ပြုလုပ်လျက်ရှိကြောင်း ရိုမေးနီးယားသတင်း ဌာနတစ်ခုက ထုတ်ပြန်ခဲ့ခြင်း
ဘူလ်ဂေးရီးယား၊ ပြင်သစ်၊ ဂရိ၊ စပိန်၊ အမေရိကန်၊ တူရကီနှင့် ရိုမေးနီးယား စသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင် ၇၀၀ ကျော်သည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း တစ်ခုအား ပင်လယ်နက်အတွင်း စတင်ပြုလုပ်လျက်ရှိကြောင်း ရိုမေးနီးယားသတင်း ဌာနတစ်ခုက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား ရိုမေးနီးယားရေတပ်မှ ဦးဆောင်ကျင်းပခြင်းလည်းဖြစ်ပါသည်။ ၎င်းတို့၏ အဆိုပါစစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘော ၁၃ စီး၊ တိုက်လေယာဉ် ၉ စီး၊ ဝန်ချီစက် ၁ စီး၊ မောင်းသူမဲ့ရေယာဉ် ၁ စီး (Underwater Robot) တို့ပါဝင်ပြီး ရေပြင်၊ မြေပြင်နှင့် ဝေဟင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
ဂရိလုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်၍ တူရကီနိုင်ငံဘက်သို့နှင်လွှတ် ခဲ့သော တရားမဝင်ရွှေ့ပြောင်းဒုက္ခသည် ၂၉ ဦးအား တူရကီလုံခြုံရေးတပ်ဖွဲ့မှ ကယ်တင် ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ခြင်း
ဂရိလုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်၍ တူရကီနိုင်ငံဘက်သို့နှင်လွှတ် ခဲ့သော တရားမဝင်ရွှေ့ပြောင်းဒုက္ခသည် ၂၉ ဦးအား တူရကီလုံခြုံရေးတပ်ဖွဲ့မှ ကယ်တင် ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ ဂရိလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒုက္ခသည်များအား အနိုင်ကျင့်နှိပ်စက်မှု များပြုလုပ်၍ ၎င်းတို့နှင့်အတူပါရှိသော ငွေများ၊ ဖုန်းများနှင့် ဖိနပ်များကိုလည်း သိမ်းယူ သွားခဲ့ကြောင်း၊ ၎င်းတို့အား ဥရောပအရှေ့တောင်ဘက် ဘော်လ်ကန် (Balkans) ဒေသ တစ်လျှောက် ဖြတ်သန်းစီးဆင်းနေသော မာရီးရှပ် (Maritsa) မြစ်၏ ကျွန်းငယ်တစ်ခု ပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းကိုလည်း တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် တရားမဝင်ရွှေ့ပြောင်းဒုက္ခသည် များ ဥရောပနိုင်ငံများသို့ ဝင်ရောက်နိုင်ရန်အတွက် အဓိကဝင်ပေါက်တစ်ခုသဖွယ်ဖြစ်တည် နေပြီး လက်ရှိတွင် တူရကီ၌ ဆီးရီးယားဒုက္ခသည် ၃.၆ သန်းကျော်အပါအဝင် ဒုက္ခသည် ၄ သန်းနီးပါးရှိကြောင်း သိရှိရပါသည်။
တူရကီနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ သံတမန်ဆက်ဆံရေး နှစ် (၁၀၀) ပြည့်အခမ်းအနားအားပြုလုပ်ရန် စီစဉ်ထားကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်း
တူရကီနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် ၎င်းတို့၏ သံတမန်ဆက်ဆံရေး နှစ် (၁၀၀) ပြည့်အခမ်းအနားအား ဖေဖော်ဝါရီလ ၂၉ ရက်တွင်ပြုလုပ်ရန် စီစဉ်ထား ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ သံတမန် ဆက်ဆံရေးတည်ထောင်ခဲ့သည့် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် တူရကီ နိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) သည် တူရကီနိုင်ငံ ဆိုင်ရာ အာဖဂန်သံအမတ်ကြီး အေမာရာမင် (Amir Ramin) နှင့် ဖေဖော်ဝါရီလ ၂၉ ရက်တွင် တူရကီနိုင်ငံအခြေစိုက် အာဖဂန်သံရုံး၌ တွေ့ဆုံသွားမည်ဖြစ်သည့်အပြင် အာဖဂန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာနီအတ်မာ (Mohammad Hanif Atmar) နှင့်လည်း Online မှတစ်ဆင့် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ တူရကီနှင့် အာဖဂန် နိုင်ငံတို့၏ သံတမန်ဆက်ဆံရေးကို ၁၉၂၁ ခုနှစ်၊ မတ်လ ၁ ရက်တွင် စတင်တည်ထောင် ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Saturday, February 27, 2021
တူရကီနိုင်ငံအနေဖြင့် ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် များကို နိုင်ငံလုံခြုံရေးအား ခြိမ်းခြောက်လာမှုနှင့် အန္တရာယ်ကျရောက်မှုများဖြစ်ပေါ် လာသည့် အခြေအနေတွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီး ပြောကြားခဲ့ခြင်း
တူရကီနိုင်ငံအနေဖြင့် ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် များကို နိုင်ငံလုံခြုံရေးအား ခြိမ်းခြောက်လာမှုနှင့် အန္တရာယ်ကျရောက်မှုများဖြစ်ပေါ် လာသည့် အခြေအနေတွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူဆီအာကာ (Hulusi Akar) က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့ ပါသည်။ အမေရိကန်နိုင်ငံကမူ အဆိုပါ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များသည် ၎င်း၏ F-35 တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့် နေတိုး၏ နယ်စပ်ကာကွယ်ရေးစနစ် များကို ခြိမ်းခြောက်လျက်ရှိသည်ဟု ပြောကြားထားပြီး တူရကီအနေဖြင့်ဝယ်ယူခြင်း မပြုရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သို့သော် တူရကီနိုင်ငံသည် အမေရိကန်၏ ပြောကြားချက်များကို ငြင်းဆိုခဲ့ပြီး S-400 ဒုံးကျည်သည် နေတိုးအဖွဲ့အား ယှဉ်ပြိုင် နိုင်မည်မဟုတ်ကြောင်းနှင့် နေတိုး၏ မိတ်ဖက်နိုင်ငံများမှ ရောင်းချသည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဝယ်ယူနိုင်ခြင်းမရှိသောကြောင့် S-400 အား ဝယ်ယူခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Thursday, February 25, 2021
တူရကီကာကွယ်ရေးဝန်ကြီးနှင့် ပိုလန် ကာကွယ်ရေးဝန်ကြီးတို့လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအားမြင်ချင်းဖလှယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ (Hulusi Akar) နှင့် ပိုလန် ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) တို့သည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တယ်လီဖုန်းမှတစ်ဆင့် အမြင်ချင်းဖလှယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း ၎င်းတို့ သည် နေတိုးအဖွဲ့သို့ ကာကွယ်ရေးအသုံးစရိတ်ထည့်ဝင်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါဆွေးနွေးမှုအတွင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက အီရတ် နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်အလုပ်သမားပါတီ (Kurdishan Worker Party-PKK) ခွဲထွက်ရေးသူပုန်များကြောင့် သေဆုံးခဲ့ရသည့်တူရကီနိုင်ငံသားများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါသည်။ တူရကီစစ်ဘက်အနေဖြင့် ၎င်းနိုင်ငံသားများနှင့် နယ်စပ်ဒေသများအား ဘေးကင်းလုံခြုံမှုသေချာခိုင်မာမှုရှိစေရန် ယခုလအစောပိုင်း တွင် အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဂါရာ (Gara) ဒေသတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး Operation Claw-Eagle 2 စစ်ဆင်ရေးအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
Wednesday, February 24, 2021
တူရကီ၊ အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့အကြား၎င်းတို့၏လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ပြီး အနာဂတ်အတွက် အရေးကြီးသည့်အကြံဉာဏ်နှင့် အဆိုပြုချက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း
တူရကီ၊ အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့အကြား ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော သုံးပွင့်ဆိုင်ယန္တရားသည် ဒေသ၏သာယာဝပြောမှုနှင့် တည်ငြိမ်အေးချမ်းမှုကို သိသာထင်ရှားစွာပံ့ပိုးကူညီမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဖေဖော်ဝါရီလ ၂၃ ရက်တွင် အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ဖြင့် ကျင်းပပြုလုပ်ခဲ့သော ပူးတွဲ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ ၎င်းတို့ ၃ နိုင်ငံအကြား အထူးတည်ဆောက် ထားသည့် ဆက်ဆံရေးသည် ယခုအချိန်တွင် ပြီးပြည့်စုံသော မိတ်ဖက်နိုင်ငံများဖြစ်လာ ခဲ့ကြောင်းနှင့် ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ပြီး အနာဂတ်အတွက် အရေးကြီးသည့်အကြံဉာဏ်နှင့် အဆိုပြုချက်များကို ထုတ်ဖော်ပြောကြားရန် ကာဗူဆိုဂလူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Tuesday, February 23, 2021
နေတိုးအဖွဲ့၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော Dynamic Manta 2021 စစ်ရေး လေ့ကျင့်ခန်းများပြုုလုပ်ခြင်း
၁၀။ နေတိုးအဖွဲ့၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သော Dynamic Manta 2021 စစ်ရေး လေ့ကျင့်ခန်းအား ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၅ ရက်အထိ အီတလီနိုင်ငံ၊ ဆစ္စလီ (Sicily) ကျွန်း၏ ကမ်းလွန်ရေပြင်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့၏ ပင်လယ်ရေကြောင်းဆိုင်ရာကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ခဲ့ပါသည်။ နေတိုးအဖွဲ့၏ ရေငုပ်သင်္ဘောကွပ်ကဲမှုဌာနချုပ်အောက်ရှိ ဂရိ၊ အီတလီ၊ တူရကီနှင့် အမေရိကန်နိုင်ငံတို့မှ ရေငုပ်သင်္ဘောများသည် ပြင်သစ်၊ ဂရိ၊ အီတလီ၊ စပိန်နှင့် တူရကီနိုင်ငံတို့မှ သင်္ဘောများနှင့် လာရောက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာနချုပ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ယခုနှစ်စစ်ရေးလေ့ကျင့်ခန်းတွင် ပြင်သစ်လေယာဉ်တင်သင်္ဘော Charles de Gaulle ဦးဆောင်သည့် တိုက်ခိုက်ရေးသင်္ဘောအုပ်သည်လည်း ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂရိနှင့် အမေရိကန်နိုင်ငံတို့မှ ရေပြင်တပ်ဖွဲ့ ၅ ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရေပြင်စစ်ဆင်ရေးဆိုင်ရာကျွမ်းကျင်မှုနှင့် အပြန်အလှန်စစ်ဆင်နိုင်မှုစွမ်းရည် တို့အား မြှင့်တင်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်များအား ရှုပ်ထွေးခက်ခဲသည့် စစ်ဆင်ရေး ဆိုင်ရာလေ့ကျင့်မှုရရှိစေရန်ရည်ရွယ်၍ အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Monday, February 22, 2021
တူရကီနိုင်ငံခြားရေးဝန်ကြီးသည် အာဖရိကဒေသတွင်းဆိုင်ရာ ပြန်လည်သုံးသပ်ရေး အစည်းအဝေးသို့ တက်ရောက်မည်ဆိုခြင်း
YENISAFAK; Feb-21(Sun)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) သည် ပဉ္စမအကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ( 5th UN Conference on the Least Developed Countries –LDC5)၏ ပဏာမ အဖြစ်ပြုလုပ်သော အာဖရိကဒေသတွင်းဆိုင်ရာ ပြန်လည်သုံးသပ်ရေးအစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်မှတစ်ဆင့် တက်ရောက်သွားမည်ဖြစ်ပါသည်။ အစည်းအဝေးအတွင်း ကာဗူဆိုဂလူအနေဖြင့် “တူရကီနိုင်ငံမှသည် ကာတာနိုင်ငံအထိ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများအတွက် ဆယ်စုနှစ်တစ်ခုကြာ မိတ်ဖက်နိုင်ငံများအဖြစ် တည်ရှိနိုင်ရေး” ခေါင်းစဉ် နှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ပါသည်။ အာဖရိကဒေသတွင်းဆိုင်ရာ ပြန်လည်သုံးသပ်ရေးအစည်းအဝေးသည် အာဖရိကဒေသအတွင်း အစ္စတန်ဘူလ်အစီအစဉ် (Istanbul Program of Action –IPoA) ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပါသည်။
LDC5 အစည်းအဝေးကို ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များ နှင့်အညီ ၁၀ နှစ်လျှင် ၁ ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆုံးဖြတ်ခဲ့ကြပါသည်။ LDC5 ညီလာခံကို ၂၀၁၁ ခုနှစ်၊ မေလ ၉ ရက်မှ ၁၂ ရက်အထိ တူရကီနိုင်ငံ၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် LDC5 ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်အထိ လုပ်ဆောင်ရမည့် လှုပ်ရှားမှုများနှင့် မဟာဗျူမြောက် ရည်မှန်းချက်များကို ချမှတ်လုပ်ဆောင်ခဲ့ပါသည်။ လာမည့် LDC5 ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကာတာနိုင်ငံ၊ မြို့တော် ဒိုဟာ၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း ဖော်ပြချက်များအရ သိရှိရပါသည်။
Sunday, February 21, 2021
အမေရိကန်နှင့် တူရကီတို့အကြား ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိလိုကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း
Reuters; Feb-21 (Sun)
တူရကီနှင့် အမေရိကန်တို့၏ နှစ်နိုင်ငံအကြား ကွဲပြားခြားနားမှုများသည် နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွားနှင့်နှိုင်းယှဉ်ပါက ပြောပလောက်သည့် အတိုင်းအတာ မရှိကြောင်းနှင့် နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများရရှိ လိုကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရုပ်မြင်သံကြားမိန့်ခွန်းတစ်ခု၌ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ ပါသည်။ တူရကီနှင့် အမေရိကန်တို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော်လည်း အချို့သောကိစ္စရပ်များနှင့်ပတ်သက်ပြီး တင်းမာမှုများဖြစ်ပေါ်လျက်ရှိပါသည်။ တူရကီ သည် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်က အရေးယူပိတ်ဆို့မှုချမှတ်ထားပြီး ဆီးရီးယားရှိ အကြမ်းဖက်အဖွဲ့ဟု တူရကီကသတ်မှတ်ထားသော YPG ကာ့ဒ်စစ်သွေးကြွများအား အမေရိကန်က အထောက်အပံ့ပြုခဲ့ခြင်းကလည်း တူရကီတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။
တူရကီတို့အနေဖြင့် အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေး အဆင်ပြေချောမွေ့ရေးကို လိုလားသောကြောင့် ဆီးရီးယားရှိ YPG ကာ့ဒ်စစ်သွေးကြွများကို ဆက်လက်ထောက်ပံ့ခြင်း မပြုရန် တောင်းဆိုထားပြီး အမေရိကန်တို့ကလည်း တူရကီ၏ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်လျက်ရှိပါသည်။ သို့သော်လည်း တူရကီနိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ရေရှည်သဘော ဆောင်သော ဆက်ဆံရေးတစ်ရပ်ထူထောင်သွားလိုကြောင်း၊ မဟာဗျူဟာမြောက် ဆက်ဆံရေးမိတ်ဖက်တစ်ဦးအနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူရကီသည် ရုရှားမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူခဲ့သောကြောင့် ထုတ်ပယ်ခံခဲ့ ရသည့် အမေရိကန်၏ F-35 တိုက်လေယာဉ်အစီအစဉ်တွင် ပြန်လည်ပါဝင်ခွင့်ရရေး စည်းရုံးပေးရန် ဝါရှင်တန်အခြေစိုက် Arnold & Porter ဥပဒေအကျိုးဆောင်ကုမ္ပဏီအား ငှားရမ်းထားရှိကြောင်း သိရှိရပါသည်။
အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့သည် ဆိုက်ဘာလုံခြုံရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခဲ့ခြင်း
Trend; Feb-20 (Sat)
အဇာဘိုင်ဂျန်သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် အဆင့်မြင့်နည်းပညာ ဝန်ကြီး ရာရှဒ်နာဘီရဗ် (Rashad Nabiyev) နှင့် တူရကီသယ်ယူပို့ဆောင်ရေးနှင့် အခြေခံ အဆောက်အအုံဝန်ကြီး အဒယ်ကရာမာရီလိုဂူ (Adil Karaismayiloglu) တို့သည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအတွင်း နှစ်နိုင်ငံဝန်ကြီးများသည် သယ်ယူပို့ဆောင်ရေး၊ ဆိုက်ဘာ လုံခြုံရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ယခုထက်ပိုမို၍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး နှစ်နိုင်ငံအပြန်အလှန် အကျိုးအမြတ်ရရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံဝန်ကြီးများသည် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများ၏ သုတေသနနှင့် တီထွင်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ခုကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် နှစ်နိုင်ငံအစိုးရများအကြား ပူးတွဲကော်မရှင်၏ မူဘောင်များနှင့်အညီ လက်မှတ်ရေးထိုးခဲ့ပါသည်။ ရာရှဒ်နာဘီရဗ်သည် ဖေဖော်ဝါရီလ ၁၇ ရက်တွင်လည်း တူရကီသယ်ယူ ပို့ဆောင်ရေးနှင့်အခြေခံအဆောက်အအုံဝန်ကြီး အဒယ်ကရာမာရီလိုဂူ၊ တူရကီနိုင်ငံ စက်မှုနှင့်နည်းပညာဝန်ကြီး မူစတာဖာဗာရန့်ခ် (Mustafa Varank) တို့နှင့် ပထမဆုံး အကြိမ်တွေ့ဆုံ၍ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း တူရကီအာကာသအေဂျင်စီ၏ဥက္ကဋ္ဌဖြစ်သူ ဆာဒါဟူဆန် (Sardar Huseyn) နှင့် အဇာဘိုင်ဂျန်နိုင်ငံ၏ Azercosmos OJSC ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့တို့သည် တူရကီအမျိုးသားအာကာသအစီအစဉ်၏ မဟာဗျူဟာ ရည်မှန်းချက်များအပြင် အဇာဘိုင်ဂျန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် ဖြစ်နိုင်ခြေ နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။
Friday, February 19, 2021
မြောက်မက်ဆီဒိုးနီးယား ကာကွယ်ရေးဝန်ကြီးနှင့် နေတိုးအဖွဲ့၏ ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အကြီးအကဲတို့ကလက်မှတ်ရေးထိုးခဲ့ခြင်း
၅။ မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် နိုင်ငံအတွင်းရှိ ဆိုက်ဘာလုံခြုံရေးအဖွဲ့ အစည်းများနှင့် နေတိုးအဖွဲ့တို့အကြား ဆိုက်ဘာကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှုနှင့် အကူအညီပေးမှုကို တိုးတက်လာစေမည့် နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း nato.int သတင်းဝဘ်ဆိုက်က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအသစ်သည် ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်မျှဝေရေးကို လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုကို ကာကွယ်တားဆီးရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကာ ဆိုက်ဘာခြိမ်းခြောက်မှုများကို တွန်းလှန်နိုင်စွမ်းလည်း မြင့်တက်လာစေမည် ဖြစ်ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအား မြောက်မက်ဆီဒိုးနီးယား ကာကွယ်ရေးဝန်ကြီးနှင့် နေတိုးအဖွဲ့၏ ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အကြီးအကဲတို့က ယခု သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
တူရကီရဲတပ်ဖွဲ့သည် IS စစ်သွေးကြွဟုသံသယရှိသူ၉ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း
၄။ တူရကီရဲတပ်ဖွဲ့သည် IS စစ်သွေးကြွဟုသံသယရှိသူများအား ဖေဖော်ဝါရီလ ၁၉ ရက်တွင် စီးနင်းရှာဖွေခဲ့ပြီး သံသယဖြစ်ဖွယ်လူ ၉ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Anadolu သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အစ္စတန်ဘူလ်ရဲဌာန၏ အကြမ်းဖက်မှု တုံ့ပြန်ရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သတင်းရရှိထားသည့် မြို့တော်တစ်ဝန်းရှိ နေရာ ၁၀ ခုအား စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါရှာဖွေစီးနင်းမှုသည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် လှုပ်ရှားခဲ့ပြီး တူရကီနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် IS အဖွဲ့ဝင်များအပေါ် ပစ်မှတ်ထားဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ စီးနင်းမှုအတွင်း အကြမ်းဖက် လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရပါသည်။
Tuesday, February 16, 2021
အမေရိကန်နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း
Xinhua; Feb-16 (Tue)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ(Melvet Cavusoglu) တို့သည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အန်တိုနီဘလင်ကန်က အီရတ်နိုင်ငံမြောက်ပိုင်း တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော တူရကီနိုင်ငံသားများ၏ သေဆုံးမှုကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အထက်ပါသေဆုံးမှုနှင့်ပတ်သက်၍ ကာ့ဒ်အကြမ်းဖက်သမား များတွင် တာဝန်ရှိကြောင်းကိုလည်း အတည်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးပါမှု၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရန်နှင့် ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းပဋိပက္ခကို နိုင်ငံရေးအရအဖြေရှာရန်အတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အန်တိုနီဘလင်ကန်က ကတိပြု ပြောကြားခဲ့ပါသည်။
အလားတူ NATO မဟာမိတ်အဖွဲ့ဖြစ်သည့် တူရကီနှင့် ဂရိနိုင်ငံတို့အကြား ပြုလုပ်လျက်ရှိသည့် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများကိုလည်း ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ထောက်ခံအားပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပိုင်ဆိုင် ထားခြင်းနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တူရကီအနေဖြင့် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဝေဖန်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ တူရကီသည် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်စစ်ဆင်ရေးပြုလုပ်နေစဉ်အတွင်း ကာ့ဒ်အကြမ်းဖက် အဖွဲ့ဝင်များက စစ်ဘက်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် အရပ်သား ၁၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပါသည်။ ကာ့ဒ်အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့အား ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ရုရှား၊ တူရကီနှင့် အီရန်နိုင်ငံတို့ ဦးဆောင်ကျင်းပလျက်ရှိသည့် ဆီးရီးယား ငြိမ်းချမ်းရေးဆိုင်ရာ အက်စတာနာ (Astana) နိုင်ငံတကာအစည်းအဝေးကျင်းပခဲ့ခြင်း
၆။ ရုရှား၊ တူရကီနှင့် အီရန်နိုင်ငံတို့ ဦးဆောင်ကျင်းပလျက်ရှိသည့် ဆီးရီးယား ငြိမ်းချမ်းရေးဆိုင်ရာ အက်စတာနာ (Astana) နိုင်ငံတကာအစည်းအဝေးအား ရုရှားနိုင်ငံ၊ ဆိုချီ (Sochi) မြို့၌ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၇ ရက်ထိ ၂ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပါသည်။ ၎င်းတို့ ၃ နိုင်ငံသည် အဆိုပါအစည်းအဝေးတွင် ဆီးရီးယားဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာကော်မတီအား လိုအပ်သော အကြံပေးမှုများ ပြုလုပ်နိုင်ရေးကိစ္စများအား ဆွေးနွေးသွားရန် မျှော်မှန်းထားလျက် ရှိပါသည်။ နောက်ဆုံးအကြိမ် အက်စတာနာ ငြိမ်းချမ်းရေးအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော်လည်း COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရပါသည်။
Saturday, February 13, 2021
တူရကီအနေဖြင့် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာ သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့ခြင်း
၅။ တူရကီအနေဖြင့် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာ သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်တွင် တောင်းဆိုခဲ့ပါသည်။ တူရကီတပ်ဖွဲ့ဝင်များသည် အီရတ်နိုင်ငံ Kurdistan ဒေသ အတွင်း၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် အမေရိကန်၏ အထက်ပါ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တူရကီစစ်ဘက်သည် "Claw-Eagle 2" အမည်ရှိ စစ်ရေးလှုပ်ရှားမှုတစ်ခုအား အီရတ်နိုင်ငံ Kurdistan ဒေသ၌ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစစ်ရေးလှုပ်ရှားမှု၌ တိုက်လေယာဉ် ၄၀ စီးအပါအဝင် မောင်းသူမဲ့ လေယာဉ်များ၊ လောင်စာဆီတင်လေယာဉ်များနှင့် ထိန်းချုပ်ရေးလေယာဉ်များပါ တပ်ဖြန့်ချထားခဲ့ကြောင်းနှင့် ပစ်မှတ်ပေါင်း ၅၀ ထက်မနည်းကို ပစ်ခတ်ဖျက်ဆီး နိုင်ခဲ့သည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိပါသည်။
Thursday, February 11, 2021
တူရကီသမ္မတသည် ဆိုက်ပရပ်စ်ပြန်လည်ပေါင်းစည်းရေးဆွေးနွေးမှုများအား ပယ်ချခဲ့ခြင်း
Thenationalnews; Feb-11(Thu)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆိုက်ပရပ်စ်ပြန်လည်ပေါင်းစည်းရေးအတွက် ဖက်ဒရယ်စနစ်ဆွေးနွေးခြင်းအားပယ်ချ ခဲ့ပြီး နှစ်နိုင်ငံသဘောတူညီချက်သာလျှင် တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် နှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့ဆုံမှုနှင့်တင်းမာမှုများအား လျှော့ချစေရန် ရည်ရွယ်၍ပြန်လည်လုပ်ဆောင်လျက်ရှိသည့် ဂရိ-တူရကီဆွေေးနွေးမှုများအားပျက်ပြား စေရန်လုပ်ဆောင်လျက်ရှိကြောင်း သမ္မတ အာဒိုဂန်က စွပ်စွဲပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guteeres) အနေဖြင့် ဆိုက်ပရပ်စ်ပြန်လည် ပေါင်းစည်းရေးဆွေးနွေးမှုများပြန်လည်စတင်ရန် ဂရိ ဆိုက်ပရပ်စ်၊ တူရကီဆိုက်ပရပ်စ်နှင့်ဆိုက်ပရပ်စ်လူမျိုးစုများအား အာမခံချက်ပေးထားသည့် ဂရိ၊ တူရကီနှင့် ဗြိတိန်နိုင်ငံတို့အကြား ၂၀၂၁ ခုနှစ်၊ မတ်လတွင် အစည်းအဝေးတစ်ရပ် ခေါ်ယူသွားရန်မျှော်လင့်လျက်ရှိပါသည်။
ဆိုက်ပရပ်စ်နိုင်ငံကို ဂရိနိုင်ငံနှင့်ပေါင်းစည်းရန်ရည်ရွယ်ခဲ့သည့် အာဏာသိမ်းမှု အပြီးတွင် တူရကီနိုင်ငံကကျူးကျော်ခဲ့သည့် ၁၉၇၄ ခုနှစ်မှစ၍ ဆိုက်ပရပ်စ်နိုင်ငံ နှစ်ပိုင်းကွဲခဲ့ခြင်းဖြစ်ပါသည်။ တူရကီအစိုးရသည် ဆိုက်ပရပ်စ်မြောက်ပိုင်း၏ သုံးပုံ တစ်ပုံအားလွတ်လပ်ရေးကြေညာခဲ့ပြီး တူရကီဆိုက်ပရပ်စ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ဂရိနိုင်ငံ၏ဦးစားပေးကိစ္စရပ်သည် ဆိုက်ပရပ်စ်တွင် တူရကီနိုင်ငံ၏ကျူးကျော်သိမ်းပိုက်မှု များအား အဆုံးသတ်စေရန်ဖြစ်ပြီး နှစ်နိုင်ငံဆွေးနွေးမှုများသည်လည်း လက်တွေ့ကျသည့် နည်းလမ်းတစ်ရပ်မဟုတ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ်က ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်လအတွင်းကလည်း ဂရိနှင့်တူရကီနိုင်ငံမှတာဝန်ရှိသူ များသည် တူရကီနိုင်ငံ၌ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်း
TASS; Feb-11 (Thu)
ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုတွင် ပူးတွဲကင်းလှည့်မှုများမလုပ်ဆောင်မီ ဆာရာကွစ်(Saraqib)မြို့၌ ပူးတွဲစစ်ရေးလေ့ကျင့်မှု များလုပ်ဆောင်ခဲ့ကြောင်း တူရကီစစ်ဘက်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူရကီတို့အနေဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အား ချိုးဖောက်လျက်ရှိသည့် အိုင်ဒဲလစ်စီရင်စုတွင် ပူးတွဲ ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ခြင်းမရှိသည်မှာ ၆ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် အတွက် ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုသည် ပူးတွဲကင်းလှည့်မှုလုပ်ငန်းတာဝန်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်တန်းများဖြင့်သွားလာစဉ် စစ်သွေးကြွများ၏ ချုံခိုတိုက်ခိုက်မှုခံခဲ့ရပါက ယာဉ်တန်းများအား ရွှေ့ပြောင်းမှုနှင့် ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းတို့ပါဝင်သည့် စစ်ရေးလေ့ကျင့်ခန်း များကိုလုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့အကြား ဘာသာစကားကွာဟမှုကို ဖြေရှင်းရန် အတွက်လည်း အထူးအချက်ပြစနစ်တစ်ခုသတ်မှတ်ခဲ့ပါသည်။
နှစ်နိုင်ငံပူးတွဲကင်းလှည့်မှုတွင် ရုရှားနိုင်ငံမှ BTR-82A ခြေလျင်သံချပ်ကာ လူသယ်ယာဉ်များ၊ Tigr သံချပ်ကာယာဉ်များနှင့် တူရကီနိုင်ငံမှ Kirpi သံချပ်ကာယာဉ် များဖြင့် ပါဝင်လေ့ကျင့်သွားမည်ဖြစ်ပါသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဆီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိအခြေအနေအားထိန်းချုပ်နိုင်ရေးအတွက် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများနှင့်ပတ်သက်သည့်ပြဋ္ဌာန်းချက် ၁၀ ချက်ပါ သဘောတူစာချုပ် တစ်ရပ်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားနိုင်ငံ၊ ဆိုချီမြို့၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ ရုရှားနှင့်ဆီးရီးယားတို့ အနေဖြင့် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား တူရကီလုံခြုံရေးဇုန်နှင့်ထိစပ်နေသောနေရာ များအတွင်း တပ်ဖြန့်ချထားမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Wednesday, February 10, 2021
တူရကီနိုင်ငံ၌ လူမှုကွန်ရက်စာမျက်နှာများတွင် အကြမ်းဖက်ဝါဒဖြန့်ချိရေးစာများ ရေးသားသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း
Eurasiareview; Feb 10 (Wed)
တူရကီပြည်ထဲရေးဝန်ကြီးဌာန၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖေဖော်ဝါရီလ ပထမပတ်တွင် အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်ဝါဒဖြန့်သည်ဟူသော စွပ်စွဲချက်ဖြင့် လူမှုကွန်ရက်အသုံးပြုသူ ၃၉ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ လူမှုကွန်ရက်အသုံးပြုသည့် အကြမ်းဖက် ဝါဒဖြန့်ချိသူပေါင်း ၅၇၅ ဦးအထိရှိပြီး ဖမ်းဆီးထိန်းသိမ်းမှုများအား ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အဆိုပါဖမ်းဆီးထိန်းသိမ်း ခံရသူများသည် တူရကီနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် လက်ခံထားသည့် အဖွဲ့အစည်းများအတွက် ဝါဒဖြန့်ချိသည်ဟု စွပ်စွဲခံထားရပြီး ၂၀၁၆ ခုနှစ်တွင်ဖြစ်ပွား ခဲ့သော မအောင်မြင်သည့်အာဏာသိမ်းမှုတွင်ပါဝင်ခဲ့သည့် တရားဟောဆရာ ဖက်သူလတ်ယ် ဂူလန် (Fethullah Gulen) ၏ နောက်လိုက်များလည်း ပါဝင်လျက်ရှိပါသည်။ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၃၉ ဦးအနက် ပါဝင်သည့်ကျောင်းသားအချို့သည် တူရကီနိုင်ငံ၏ နာမည်ကြီး Bogazici တက္ကသိုလ်၌ ပါမောက္ခချုပ်အသစ်အား နိုင်ငံရေးရာထူးခန့်အပ်မှု အပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများပြုလုပ်ရန် စီစဉ်ခဲ့ကြပါသည်။
တူရကီအစိုးရသည် ပြီးခဲ့သည့်နှစ်အတွင်း ဒီဂျစ်တယ်မီဒီယာနှင့်ပတ်သက် သည့်ဥပဒေအသစ်တစ်ရပ်အား ပြဋ္ဌာန်းခဲ့ပြီးနောက်တွင် လူမှုကွန်ရက်အသုံးပြုသူများ အား နှိမ်နင်းဖြိုခွင်းမှုသည် ပိုမိုပြင်းထန်လာခဲ့ပါသည်။ အဆိုပါဥပဒေအသစ်အရ လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့်သက်ဆိုင်သည့် သတင်းအချက် အလက်နှင့် သံသယဖြစ်ဖွယ်ရေးသားချက်များအား တွေ့ရှိပါက မည်သူ့ကိုမဆိုဖမ်းဆီး ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၏ ပထမ ၈ လအတွင်း လူမှုကွန်ရက် စာမျက်နှာများ၌ ရေးသားထားသည့်စာများကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသူ ၁၄,၁၈၆ ဦးအား စုံစမ်းစစ်ဆေးခဲ့ပြီး ၆,၇၄၃ ဦးကိုလည်းဆက်လက်၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
ဥရောပနိုင်ငံများအနေဖြင့် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ များ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုအတွက် ကူညီပံ့ပိုးပေးမှု များလုပ်ဆောင်သွားရန်ပြောကြားခဲံ့ခြင်း
၈။ ဥရောပကော်မရှင်သည် ဥရောပသမဂ္ဂနှင့် ၎င်း၏တောင်ပိုင်းအိမ်နီးချင်း နိုင်ငံများအကြား မဟာဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာအား ကောင်းလာစေရန်ရည်ရွယ်၍ မြေထဲပင်လယ်ဒေသအတွက် အစီအစဉ်သစ်တစ်ရပ်ကို ဖေဖော်ဝါရီလ ၉ ရက်တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါအစီအစဉ်အသစ်သည် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ဘုံစိန်ခေါ်မှုများကိုအခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်သည်ဟူသော ယူဆချက် အပြင် ဥရောပသမဂ္ဂနှင့် ၎င်း၏တောင်ပိုင်းအိမ်နီးချင်းနိုင်ငံများအကြား အပြန်အလှန် အကျိုးစီးပွားရရှိနိုင်မှုအပေါ်တွင် အခြေခံကြောင်း ၎င်းကော်မရှင်က ထုတ်ပြန်ချက် တွင်ဖော်ပြခဲ့ပါသည်။ ထို့ပြင် ဥရောပနိုင်ငံများအနေဖြင့် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ များ၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုအတွက် ကူညီပံ့ပိုးပေးမှု များလုပ်ဆောင်သွားရန်လိုလားလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ ဒုံးကျည်ဝယ်ယူမှုနှင့်ပတ်သက်၍ ညှိနှိုင်းမှုများလုပ်ဆောင်ရန်ဆန္ဒရှိကြောင်းတူရကီကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ခြင်း
၇။ တူရကီနိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် တပ်ဖြန့်ချထားသော S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်၏ ရေဒါစနစ်များသည် နေတိုးတပ်ဖွဲ့၏ ကာကွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများအား ခြိမ်းခြောက်မှုဖြစ်ပေါ်စေသည့်အတွက် ၎င်း၏ပိုင်နက် အတွင်းမှ ဖယ်ရှားပေးရေး အမေရိကန်နိုင်ငံက အကြိမ်ကြိမ်တောင်းဆိုမှုများ ပြုလုပ် ခဲ့ပါသည်။ သို့သော်လည်း နိုင်ငံ၏လုံခြုံရေးအား အထောက်အပံ့ပေးနိုင်ရန်အတွက် ရုရှားနိုင်ငံထုတ် အဆိုပါ ကာကွယ်ရေးစနစ်များလိုအပ်ကြောင်း တူရကီအစိုးရက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ နေတိုးတပ်ဖွဲ့၏ F-35 ဂျက်တိုက်လေယာဉ်အစီအစဉ်မှ တူရကီနိုင်ငံအား ရပ်ဆိုင်းခဲ့သည့်အပြင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံက တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။ အမေရိကန်အနေဖြင့် ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များအပေါ် ထောက်ပံ့မှုများအား ပြန်လည်စဉ်းစားသုံးသပ်သွားမည်ဆိုပါက တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ ဒုံးကျည်ဝယ်ယူမှုနှင့်ပတ်သက်၍ ညှိနှိုင်းမှုများလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား (BiH) နိုင်ငံနည်းပညာဆိုင်ရာသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထို
၆။ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား (BiH) နိုင်ငံသည် တရားမဝင်လက်နက် ရောင်းဝယ်မှုကိစ္စရပ်များကြောင့် ပြင်သစ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာလျက်ရှိသော် လည်း ဖေဖော်ဝါရီလ ၉ ရက်တွင် နည်းပညာဆိုင်ရာသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်ကို BiH လုံခြုံရေးဝန်ကြီး ဆဲလ်မွန်စီ ကော့တစ် (Selmo Cikotic) နှင့် BiH ဆိုင်ရာ ပြင်သစ်သံအမတ်ကြီး ခရစ်တင်းတူးဒစ် (Christine Toudic)တို့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ဆဲလ်မွန် စီကော့တစ်ကမူ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများအား ဆန့်ကျင်ရန်အတွက် အတူတကွ ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Tuesday, February 9, 2021
ပါကစ္စတန်-တူရကီ နှစ်နိုင်ငံ၏ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်သည့်အပြင်ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
၂။ ပါကစ္စတန်-တူရကီ ပူးတွဲစစ်ရေးလေ့ကျင့်မှု “ATATURK-XI” 2021 ဖွင့်ပွဲ အခမ်းအနားအား ပါကစ္စတန်နိုင်ငံရှိ အထူးတပ်ဖွဲ့ဌာနချုပ်၌ ဖေဖော်ဝါရီလ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ တူရကီအထူးတပ်ဖွဲ့ဝင်များနှင့် ပါကစ္စတန်အထူးတပ်ဖွဲ့ဝင် များသည် သီတင်းပတ် ၃ ပတ်ကြာ ကျင်းပပြုလုပ်သွားမည့် အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လေ့ကျင့်မှု၌ အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးလုပ်ဆောင်မှုများအပါအဝင် အခြားသောလေ့ကျင့်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပါကစ္စတန်-တူရကီ နှစ်နိုင်ငံ၏ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်သည့်အပြင် အခြားနိုင်ငံများနည်းတူ ခေတ်မီတပ်မတော်ဖြစ်စေရေးနှင့် ခေတ်ရေစီးကြောင်းအလိုက် လိုက်လျောညီထွေဖြစ်စေရေးအတွက် အကူအညီပေးနိုင်သော လေ့ကျင့်မှုလည်း ဖြစ်ပါသည်။ ထို့ပြင် ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့၏ ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Monday, February 8, 2021
တူရကီသမ္မတနှင့်ဂျာမနီဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ဆောင်ရွက်ခဲ့ခြင်း
၉။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) တို့သည် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်တည်ဆောက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအပါအဝင် ဒေသတွင်း ဆိုင်ရာကိစ္စရပ်များ၊ တူရကီ-ဉရောပသမဂ္ဂ (EU) ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၈ ရက်တွင် Online မှတစ်ဆင့်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း တူရကီအနေဖြင့် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးတိုးမြှင့်တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ဉရောပသမဂ္ဂထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်မည့် မတ်လ မတိုင်မီ EU အဖွဲ့ဝင်နိုင်ငံများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြိုဆွေးနွေးမှုများကို ပိုမိုပြုလုပ်ရန် လိုလားလျက်ရှိကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ပေါ်တူဂီနိုင်ငံ၏ ဥရောပသမဂ္ဂအလှည့်ကျဉက္ကဋ္ဌသက်တမ်းမကုန်ဆုံးမီ တူရကီ− ဉရောပသမဂ္ဂထိပ်သီးအစည်းအဝေးကျင်းပပြုရန် မျှော်လင့်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Sunday, February 7, 2021
တူရကီသည် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကဏ္ဍအား တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ခြင်း
AnadoluAgency;Feb-8(Mon)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး မူစတာဖာအိုမန်တူရန် (Mustafa Osman Turan) က တူရကီအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုန်သွယ်မှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှုများအား သိသိသာသာတိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) နှင့် ဖေဖော်ဝါရီလ ၇ ရက် တွင် မြို့တော်ဒါကာ၌ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၏ ထိပ်တန်း သဘာဝဓာတ်ငွေ့ရည် (Liquiefied Petroleum Gas-LPG) ကုမ္ပဏီဖြစ်သည့် Aygaz ကုမ္ပဏီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ် သည့် စစ်တကောင်းမြို့တွင် LPG ဖြည့်တင်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများအား ပြုလုပ်ရန် ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း တူရန်က ပြောကြားခဲ့ ပါသည်။ တူရကီနိုင်ငံသည် တရုတ်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ဆောက်လုပ်ရေးကဏ္ဍ၌ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့်နိုင်ငံဖြစ်ပြီး တူရကီကုမ္ပဏီများအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများတည်ဆောက်သွားရန် ဆန္ဒရှိ ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် နိုင်ငံတကာအဆင့်မီ ဆေးရုံတစ်ခုအား မြို့တော်ဒါကာတွင်တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေရတုလွတ်လပ်ရေးနေ့ အခမ်းအနားနှင့် နိုင်ငံတည်ထောင်ခဲ့သည့် ဘန်ဂါဘန်ဒူးရှိတ်မူဂျီဘာရာမန် (Bangabandhu Sheikh Mujibur Rahman) ၏ နှစ် (၁၀၀) ပြည့်အခမ်းအနားသို့ တက်ရောက်ရန် သမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အား ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက် ရောဂါများကြောင့် သမ္မတ အာဒိုဂန်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လာရောက်ရန် စဉ်းစားလျက်ရှိကြောင်း တူရန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုနှင့်ပတ်သက်၍ ကဏ္ဍပေါင်းစုံ၌ ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ရန်တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ကူဝိတ်၊အိုမန်နှင့်ကာတာနိုင်ငံများသို့သွားရောက်ရန်ရှိကြောင်း
၈။ တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ကူဝိတ် (Kuwait)၊ အိုမန် (Oman) နှင့် ကာတာ (Qatar) နိုင်ငံများသို့ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်လိမ့်မည်ဖြစ် ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ကာဗူဆိုဂလူအနေဖြင့် အဆိုပါနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအပါအဝင် အခြားသောအကြီးတန်းအာဏာပိုင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုနှင့်ပတ်သက်၍ ကဏ္ဍပေါင်းစုံ၌ ပြန်လည်ဆွေးနွေးခြင်း အပါအဝင် လက်ရှိဒေသတွင်းအခြေအနေနှင့် နိုင်ငံတကာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ ကာဗူဆိုဂလူအနေဖြင့် ၎င်းနိုင်ငံများရှိ တူရကီစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တေွ့ဆုံရန်စီစဉ်လျက်ရှိ ကြောင်း သိရှိရပါသည်။
Thursday, February 4, 2021
တူရကီသမ္မတသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်နိုင်ဖွယ်ရှိခြင်း
Yenisafak; Feb–4 (Thu)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့မည် ဆိုပါက တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံမှုနှင့် အခြားသောသဘောတူညီမှုများအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လအတွင်း ချစ်ကြည်ရေးခရီးသွားရောက်နိုင်ဖွယ်ရှိကြောင်း တူရကီနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မိုဆဒ်မန်မန် (Mosud Manman) က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြား ခဲ့ပါသည်။ ၎င်းအနေဖြင့် သမ္မတ အာဒိုဂန်၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေး၊ ဆောက်လုပ်ရေး၊ ပညာရေးကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တူရကီနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ပေးရန်လည်း ၎င်းက ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိသော်လည်း လာမည့်နှစ်အနည်းငယ်အတွင်း လက်ရှိပမာဏထက် ၂ ဆတိုးတက်ရန် မျှော်မှန်းထား ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့ပြင် နှစ်နိုင်ငံအကြား မျှော်မှန်းထားရှိသည့် ကုန်သွယ်ရေးပမာဏ ရရှိရေး အတွက် နှစ်ဖက်ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ကူညီပေးရန် မျှော်လင့်ကြောင်းနှင့် ဘင်္ဂါလီများအား နေရပ်သို့ ပြန်လည်ခေါ်ဆောင်ရေးတွင်လည်း တူရကီနိုင်ငံမှ မြန်မာနိုင်ငံအား စည်းရုံးသိမ်းသွင်းပေးစေလိုကြောင်းလည်း ၎င်းက ပြောကြား ခဲ့ပါသည်။ နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးပိုမိုကောင်းမွန်ရေးအတွက် ဘာသာ စကားမတူညီမှုအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန် တူရကီတက္ကသိုလ်အချို့၌ ဘင်္ဂလား (Bangla) ဘာသာစကားကို သင်ကြားပေးစေလိုကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါ သည်။ ဘင်္ဂလားဒေ့ရှ်-တူရကီနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် လွန်ခဲ့သည့် နှစ် အနည်းငယ်မှစ၍ ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရှိရပါသည်။
တူရကီနိုင်ငံသည် စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းများနှင့် စစ်ဘက်နှင့် နည်းပညာဆိုင်ရာနယ်ပယ်များတွင် သဘောတူစာချုပ်အသစ်များ လက်မှတ်ရေးထိုးရန် အတွက် စီစဉ်ခဲ့ခြင်း
၉။ တူရကီနိုင်ငံမှ ပထမဆုံးထုတ်လုပ်သည့် Atmaca အမည်ရှိ တာဝေးပစ် သင်္ဘောဖျက်ဒုံးကျည်အား ဖေဖော်ဝါရီလ ၄ ရက်တွင် စိုင်းနော့ပ် (Sinop) ပြည်နယ် မြောက်ပိုင်းရှိ ပင်လယ်နက် (Black Sea) ဒေသအတွင်း လက်တွေ့စမ်းသပ်ပစ်ခတ် မှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်း Atmaca ဒုံးကျည်အား Rokeston ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ပြီး ပစ်မှတ်သို့ တိကျစွာပစ်ခတ်နိုင်စွမ်းရှိသဖြင့် အမေရိကန်နိုင်ငံထုတ် Harpoon ဒုံးကျည်နေရာတွင် အစားထိုးအသုံးပြုသွားရန် ရည်မှန်းထားပါသည်။ အဆိုပါ သင်္ဘောဖျက်ဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၂၀၀ ကျော် (၁၂၄ မိုင်) အထိ ရောက်ရှိနိုင်ခြင်း၊ ပစ်မှတ်အဆင့်မြှင့်တင်ခြင်း၊ တန်ပြန်တိုက်ခိုက်ခြင်းနှင့် ခေတ်မီအချက်အလက်များချိတ်ဆက်မှုမှတစ်ဆင့် မစ်ရှင်လုပ်ဆောင်မှုများဖျက်သိမ်း ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ကြောင်း သိရှိရပါသည်။ ၁၀။ တူရကီလက်ထောက်ကာကွယ်ရေးဝန်ကြီး မူဆင်ဒီရီ (Muhsin Dere) နှင့် ကာဇက်စတန်ကာကွယ်ရေးဝန်ကြီး နူလန်ကာမီယာဘာ (Nurlan Yermekbayev) တို့သည် ကာကွယ်ရေးဆိုင်ရာစက်မှုအခန်းကဏ္ဍရေးရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာလာစေရန် ဖေဖော်ဝါရီလ ၄ ရက်တွင် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှု အတွင်း နှစ်နိုင်ငံအနေဖြင့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းများနှင့် မဟာဗျူဟာမြောက် သံတမန်ဆက်ဆံရေးတိုးတက်စေရန် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ဆက်သွယ်ရေးနှင့် ရေဒီယိုအီလက်ထရွန်နစ် နယ်ပယ်၌ ကာကွယ်ရေးဆိုင်ရာပစ္စည်းများ ပူးတွဲထုတ်လုပ်နိုင်ရန် စစ်ဘက်နှင့် နည်းပညာဆိုင်ရာနယ်ပယ်များတွင် သဘောတူစာချုပ်အသစ်များ လက်မှတ်ရေးထိုးရန် အတွက် စီစဉ်ခဲ့ကြောင်း သိရှိရပါသည်။
Wednesday, February 3, 2021
တူရကီနှင့် ဂျာမနီတို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ခြင်း
AnadoluAgency; Feb-3 (Wed)
တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် ဂျာမနီကာကွယ်ရေးဝန်ကြီး အန်နီဂရက်ခရမ့်ကာရန်ဘောင်ရာ (Annegret Kramp-Karrenbauer) တို့အကြား မြို့တော် ဘာလင်၌ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအရ တူရကီနှင့် ဂျာမနီနိုင်ငံတို့သည် လာမည့်ရက်များတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများ၌ သိသာထင်ရှားသော တိုးတက်မှုများရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။
သုံးသပ်ချက် တူရကီနိုင်ငံသည် ဩဂုတ်လ ၁၂ ရက်တွင် ဂရိနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော ရေပြင်သို့ စွမ်းအင်ရှာဖွေရေးသင်္ဘောတစ်စင်းအား မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ် ခဲ့ခြင်းကြောင့် တူရကီနှင့်ဂရိတို့အကြား တင်းမာမှုများဖြစ်ပွားခဲ့ရပါသည်။ အဆိုပါ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် နေတိုးအဖွဲ့ အကြီးအကဲဖြစ်သူ ဂျင်စတိုတန်ဘတ်ဂ်တို့အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများ ပြုလုပ်ကာ ဝင်ရောက်ဖျန်ဖြေမှုများပြုလုပ်ခဲ့သဖြင့် ၂၀၁၆ နှစ်ကုန်ပိုင်းမှစ၍ ရပ်ဆိုင်း ခဲ့သည့်ဆွေးနွေးမှုများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် ပြန်လည်စတင်နိုင်ခဲ့ ပါသည်။ တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်သွားရန် ဥရောပသမဂ္ဂ၏ ခြိမ်းခြောက်ပြောဆိုမှုများနှင့်စပ်လျဉ်း၍ တူရကီနိုင်ငံက ဥရောပဒေသ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များသည် တူရကီနိုင်ငံအပေါ်တွင် မူတည်လျက်ရှိသည့်အတွက် ဥရောပနိုင်ငံများ အနေဖြင့် ဥရောပ-တူရကီဆက်ဆံရေးခိုင်မာစေရန် တူရကီနိုင်ငံ၏ ရပ်တည်ချက်၊ အခွင့်အလမ်းများနှင့် စွမ်းဆောင်နိုင်မှုများကို လက်ခံကြိုဆိုသင့်ကြောင်း တုံ့ပြန် ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ လက်ရှိမြေထဲပင်လယ်အရေးနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂအနေဖြင့် တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့မည်ဆိုပါက တူရကီနိုင်ငံသည် ဥရောပဒေသသို့ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိသည့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို တားဆီးဟန့်တားနေမှုများအား ရပ်တန့်ခြင်းဖြင့် ရွှေ့ပြောင်းဒုက္ခသည် ဝင်ရောက်မှု ပိုမိုမြင့်တက်လာနိုင်ပါသည်။ ဂျာမနီနိုင်ငံသည် ဥရောပသမဂ္ဂထဲတွင် စစ်ရေးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့်အားလျော်စွာ တူရကီနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့် စစ်ရေး၊ လုံခြုံရေးကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဖြင့် တူရကီ၏ ဥရောပသမဂ္ဂသို့ဝင်ရောက်နိုင်ရန်ကြိုးပမ်းမှုအတွက် အထောက်အပံ့ ဖြစ်လာ စေနိုင်ကြောင်း သုံးသပ်ရပါသည်။
တူရကီကာကွယ်ရေးဝန်ကြီနှင့် ဟန်ဂေရီ ကာကွယ်ရေးဝန်ကြီးတို့နှစ်နိုင်ငံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းနှင့်တူရကီသမ္မတ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးလှုံ့ဆော်ဆွေးနွေးမှု
၈။ တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ (Hulusi Akar) နှင့် ဟန်ဂေရီ ကာကွယ်ရေးဝန်ကြီး တီဘောဘန်ကို (Tibor Benko) တို့သည် နှစ်နိုင်ငံစစ်ဘက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများအပြင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဖေဖော်ဝါရီလ ၃ ရက်တွင် ဟန်ဂေရီနိုင်ငံ၏ မြို့တော် ဘူဒါပတ်စ် (Budapest) ၌ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ ဥရောပသမဂ္ဂ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပြင် အေဂျီယန်၊ ဘောလ်ကန်၊ အဇာဘိုင်ဂျန်၊ လစ်ဗျားနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။ ထိုကဲ့သို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေရုံသာမက လုံခြုံရေး ကဏ္ဍများတွင်လည်း ဥရောပသမဂ္ဂနှင့် NATO အဖွဲ့တို့အား အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
၉။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးလှုံ့ဆော်မှုသည် နိုင်ငံ၏ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်မှုတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်ကြောင်း The National news သတင်းဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့် ၃ နှစ်က လုပ်ဆောင်ခဲ့သည့် တူရကီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအပြောင်းအလဲများသည် ပြဋ္ဌာန်းထားသည့် ပါလီမန်ဒီမိုကရေစီစနစ်၏ အဆုံးသတ်ဖြစ်စေခဲ့ပြီး သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရရှိလာစေခဲ့ ပါသည်။ လက်ရှိတွင် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အား ထပ်မံဆွေးနွေးရန် အချိန်တန်ပြီဖြစ်ပြီး မဟာမိတ်များနှင့် သဘောတူညီမှုရရှိပါက လာမည့်ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်အား ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
Tuesday, February 2, 2021
တူရကီနှင့် အဇာဘိုင်ဂျန်စစ်ဘက်တို့နွေရာသီစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်း
၇။ တူရကီနှင့် အဇာဘိုင်ဂျန်စစ်ဘက်တို့သည် Winter 2021 အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား အာမေးနီးယားနယ်စပ်အနီး ကားစ် (Kars) မြို့၌ ဖေဖော်ဝါရီလ ၁ ရက် တွင် စတင်ပြုလုပ်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် ဆောင်းရာသီ၌ ပူးပေါင်းတိုက်ခိုက်ရေး စွမ်းဆောင်ရည်များ တိုးတက်မှုရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံသည် အဇာဘိုင်ဂျန်နိုင်ငံတွင်လည်း နွေရာသီစစ်ရေးလေ့ကျင့်မှုများအား ကျင်းပပြုလုပ်ခဲ့ပြီး တူရကီနိုင်ငံက အဆိုပါလေ့ကျင့်ခန်း၌ အသုံးပြုခဲ့သည့် Bayrakdar မောင်းသူမဲ့လေယာဉ်အပါအဝင် ခေတ်မီစစ်လက်နက် ပစ္စည်းအချို့အား အဇာဘိုင်ဂျန်သို့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Monday, February 1, 2021
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အား စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတက ပြောကြားခဲ့ခြင်း
Reuters; Feb-2 (Tue)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ အာဏာရပါတီဖြစ်သည့် ဥပဒေနှင့်ဖွံ့ဖြိုးရေးပါတီ (Justice and Development Party–AKP) နှင့် ၎င်း၏နိုင်ငံရေးမဟာမိတ်များသည် နိုင်ငံ၏မူလဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ပြီးနောက် ၄ နှစ်မပြည့်မီကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အား ရေးဆွဲရန် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြား ခဲ့ပါသည်။ အတိုက်အခံပါတီများနှင့် ဝေဖန်သူများက အပြင်းအထန်ဆန့်ကျင်သည့်ကြားမှ တူရကီနိုင်ငံသားများသည် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပြောင်း အလဲများအား ထောက်ခံခဲ့ပြီး ပါလီမန်ဒီမိုကရေစီစနစ်မှ သမ္မတစနစ်သို့ပြောင်းလဲရန် ဦးတည်လာခဲ့ပါသည်။ အာဒိုဂန်သည် ၂၀၁၈ ခုနှစ်၏စနစ်အသစ်ဖြစ်သည့် “တစ်ဦးတည်း အုပ်ချုပ်မှုစနစ်”တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး AKP ပါတီနှင့် အမျိုးသားရေးလှုပ်ရှားမှုပါတီ (MHP) တို့သည် အဆိုပါစနစ်အပေါ် ထောက်ခံမှုများ ပြုလုပ်ခဲ့ကြပါသည်။
တူရကီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အား ထပ်မံဆွေးနွေးရန် လိုအပ် လျက်ရှိကြောင်း အာဒိုဂန်က တူရကီအစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် မိတ်ဖက်မဟာမိတ်အဖွဲ့များနှင့် သဘောတူညီမှုရရှိပါက လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက် စည်းရုံးနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းရုံး လှုံ့ဆော်မှုများသည် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ပြည်သူများပါဝင်ရန်လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအပြောင်းအလဲ များသည် ကာ့ဒ်ပြည်သူ့ဒီမိုကရက်တစ်ပါတီ (HDP) ထောက်ခံသူများ၏ ခွဲထွက်ရေး လှုပ်ရှားမှုများအား တားမြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားရေးလှုပ်ရှားမှုပါတီခေါင်းဆောင် ဒီဗလက်ဘာစီလီ (Devlet Bahceli) မှ အကြံပြုပြောကြားခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် အာဒိုဂန်၏ မှတ်ချက်ပြုစကားများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)