Friday, July 31, 2020

 

              အမေရိကန်နိုင်ငံသည် ဥရောပဒေသရှိ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ရွှေ့ပြောင်း တပ်ဖြန့်မှုတစ်စိတ်တစ်ဒေသအဖြစ် ဘူလ်ဂေးရီးယားနှင့် ရိုမေးနီးယားနိုင်ငံများသို့ တပ်ဖွဲ့ဝင် များ စေလွှတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ Wall Street Journal က ဖော်ပြခဲ့ပါသည်။ အမေရိကန်အနေဖြင့် ဘူလ်ဂေးရီးယား နှင့် ရိုမေးနီးယားတို့တွင် Stryker တိုက်ခိုက်ရေးတပ်မများ  ပြောင်းရွှေ့တပ်ဖြန့်ခြင်းသည် ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့်အား ပြန်လည်ရုပ်သိမ်းမည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်မှတစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း သတင်း အရင်းအမြစ်များက ထောက်ပြခဲ့ပါသည်။ ဂျာမနီမှရုပ်သိမ်းမည့် အမေရိကန်တပ်ဖွဲ့ဝင် များအနက်မှ ထက်ဝက်ခန့်အား ပင်လယ်နက်ဒေသအပါအဝင် ဉရောပရှိ အခြားနေရာ များသို့လည်း စေလွှတ်သွားနိုင်ဖွယ်ရှိပြီး အဆိုပါလုပ်ငန်းစဉ်သည် နှစ်အနည်းငယ် ကြာမြင့်မည်ဖြစ်ကာ အနည်းဆုံးအမေရိကန်ဒေါ်လာ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရှိရပါသည်။

Sunday, July 26, 2020

News Bar


           တူရကီနိုင်ငံသည် ဇူလိုင်လ ၂၆ ရက်တွင် အစ္စတန်ဘူလ် (Istanbul) မြို့ရှိ မက်စ်လက် (Maslak) ဒေသ၌ အမျိုးသားထောက်လှမ်းရေးဌာနအတွက် စတုရန်းမီတာ ၈၀,၀၀၀ ရှိသည့် ဌာနချုပ်အသစ်တစ်ခုဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဌာနချုပ်အသစ်ဖွင့်ပွဲအခမ်းအနားသို့ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တက်ရောက်ခဲ့ပြီး ၎င်းဌာနချုပ်အသစ် သည် ယခုနှစ်အတွင်း တူရကီနိုင်ငံက ဖွင့်လှစ်ခဲ့သော ဒုတိယမြောက်ထောက်လှမ်းရေး အဆောက်အဦဖြစ်လာမည်ဖြစ်ပါသည်။ အဆိုပါဌာနချုပ်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရန်အတွက် အဆောက်အဦအား မြင့်မားသောကွန်ကရစ် နံရံများဖြင့် ကာရံထားကြောင်း သိရှိရပါသည်။      

Friday, July 24, 2020

News Bar


           ခရိုအေးရှားလွှတ်တော်သည် ဝန်ကြီးချုပ် အန်ဒရေပလန်ကိုဗစ် (Andrej Plenkovic) ဦးဆောင်သည့် ခရိုအေးရှားဒီမိုကရက်တစ်ယူနီယံ (HDZ) ညွန့်ပေါင်းအစိုးရ အား အတည်ပြုကြောင်း ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။  ၎င်းပါတီသည် ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲ၌ အမတ်နေရာအများဆုံးဖြင့်  အနိုင်ရရှိခဲ့ပါသည်။  ၎င်း၏ ညွန့်ပေါင်းအစိုးရသစ်အား လစ်ဘရယ်ပါတီနှစ်ခုနှင့် အမျိုးသားလူနည်းစုကိုယ်စားလှယ်များက  ထောက်ခံခဲ့ကြ ပါသည်။ အဆိုပါညွန့်ပေါင်းအစိုးရသစ်၏တာဝန်သည် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း နိုင်ငံသားများသက်သာချောင်ချိမှုရရှိစေရန်၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ကြောင်း  ပလန်ကိုဗစ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် အစိုးရသစ်တစ်ရပ်အနေဖြင့် ခရိုအေးရှားပြည်သူများ၏ လူနေမှုအဆင့်အတန်းအား မြှင့်တင်သွားမည်ဖြစ်ပြီး ဝင်ငွေခွန် ကောက်ခံနှုန်းထားများအား လက်ရှိ ၂၄ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိလည်းကောင်း၊  ၃၆ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိလည်းကောင်း အသီးသီးလျှော့ချနိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။

Thursday, July 23, 2020

ဘူလ်ဂေးရီးယားဝန်ကြီးချုပ်သည်ပြည်သူလူထူ၏ဒေါသများကိုလျော့ပါးစေရန် အတွက်ဝန်ကြီးငါးဦးအစားထိုးခံအပ်ခဲ့ခြင်း


intellinews; Jul -23 (Fri)
          ဘူလ်ဂေးရီးယားနိုင်ငံအတွင်း လူထူဆန္ဒပြမှုများကို အဆုံးသတ်ရန်နှင့် နိုင်ငံရေးတင်းမာမှုများကို  လျော့ချနိုင်ရန်နှင့်အတွက် ဝန်ကြီး၄ပါးကိုဖြုတ်၍ ဝန်ကြီး ၅ဉီးဖြင့်အစားထိုးခံအပ်မည်ဟု ဇူလိုင်လ၂၃ရက်နေ့တွင် ဘူလ်ဂေးရီးယားဝန်ကြီး ချုပ် ဘိုရီဆော့ဗ် (Borrisssov)က တရားဝင်ကြေညာခဲ့ပါသည်။ ဝန်ကြီးချုပ် ဘိုရီဆော့ဗ် ကြေညာခဲ့သောဝန်ကြီးများမှာ ဘဏ္ဍာရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ ပြည်ထဲ့ရေး ဝန်ကြီးနှင့် ခရီးသွားလာရေးဝန်ကြီးတို့ဖြစ်ပြီး ဝန်ကြီးချုပ်က ဇူလိုင်လ ၂၃ ရက်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိကျန်းမာ့ရေးဝန်ကြီး ပါမောက္ခကောစတာဒင် အန်ဂျိလော့(Kostadin Angelov)နေရာတွင် ဝန်ကြီးကီရီ  အန်နာဗ်(Kiril Ananiev) အား ဝန်ကြီးချုပ်က တာဝန်ယူစေခဲ့ပါသည်။ အန်နာဗ်သည်လည်း ယခင်အစိုးရ အဖွဲ့တွင် ဒုတိယဘဏ္ဍာရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ သူတစ်ဦး ဖြစ်ပါသည်။
          ဝန်ကြီးချုပ်သည် ၎င်း၏ အစိုးရအဖွဲ့အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော လက်ရှိဘဏ္ဍာရေးဝန်ကြီး ဗလာဒစ်ဆလဗ် ဂိုရာနော့ဗ် (Vladislav Goranov) ၊စီးပွားရေးဝန်ကြီး အီမီကိုရာနီကိုလော့ဗ် (Emil Karanikolov) ၊ ပြည်ထဲရေးဝန်ကြီး မဲလယ်ဒင်မာရီနော့ဗ် (Mladen Marinov)တို့အား ရာထူးမှ နုတ်ထွက်ရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ အစိုးရရှေ့နေချုပ် အိုင်ဗန်ဂန်ရှီနှင့် အစိုးရအဖွဲ့ဝင် အချိုနှုတ်ထွက်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည်သတင်းပတ်နှစ်ပတ်အတွင်းမြို့တော် ဆိုဖိယာမြို့ရှိလမ်းမများပေါ်တွင် ဆန္ဒပြကန့်ကွက်သူများအား ကျေနပ်မှုမရှိခဲ့သည်အပြင် အထက်ပါဝန်ကြီး ခန့်အပ် အစားထိုးမှုသည်လည်း နောက်ကျနေပြီးဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားလျက်ရှိပါသည်။

ရုရှားသမ္မတနှင့် ဂရိဝန်ကြီးချုပ်တို့သည် ဟာဂီယာဆိုဖီယာပြတိုက်ကိစ္စနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း


Tass; Jul-23(Thu)
              ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဂရိဝန်ကြီးချုပ် ကာရီ ယာကော့စ်မစ်တိုတားကစ်(Kyriakos Mitsotakis) တို့သည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပါအဝင် တူရကီနိုင်ငံရှိ ဟာဂီယာဆိုဖီယာ (Hagia Sophia) ပြတိုက်ကို  ဗလီအဖြစ်ပြောင်းလဲခဲ့သည့် တူရကီနိုင်ငံ၏ လုပ်ဆောင်မှုများနှင့်ပတ်သက် သောကိစ္စရပ်များအား တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ရုရှား သမ္မတရုံးက ဇူလိုင်လ ၂၂ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း နယ်ပယ်ကဏ္ဍအသီးသီးတွင် ရုရှားနှင့် ဂရိနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုပိုမို လုပ်ဆောင်နိုင်မည့် အခြေအနေများအား အဓိကထားဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများတွင် အရှိန်မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များနှင့်  နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်သည့် လက်တွေ့လုပ်ဆောင်နိုင်မည့် ဉပဒေပိုင်းဆိုင်ရာကိစ္စရပ် များကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။
              ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ဂရိနိုင်ငံ၏လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ခဲ့သည့် နှစ် ၂၀၀ ပြည့် အခမ်းအနားကျင်းပရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့် ဟာဂီယာဆိုဖီယာပြတိုက်အား ဗလီအဖြစ်ပြောင်းလဲခဲ့သည့် တူရကီနိုင်ငံ၏ လုပ်ဆောင်မှု ကိစ္စရပ်များနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း လစ်ဗျားဆိုင်ရာကိစ္စရပ်များနှင့် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဒေသတွင်းအခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ဟာဂီယာဆိုဖီယာပြတိုက်အား ဗလီအဖြစ် ပြောင်းလဲခဲ့ ကြောင်းနှင့် မွတ်စလင်များအနေဖြင့် အဆောက်အဦအတွင်း၌ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ရန်အတွက် ဖွင့်လှစ်ကြောင်း ကြေညာရန်အမိန့်ကို တူရကီသမ္မတ ရီဆတ်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ဇူလိုင်လ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
              ရုရှားနှင့် ဂရိနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် ယခင်ဆိုဗီယက်ပြည်ထောင်စု လက်ထက် ၁၉၂၄ ခုနှစ်၊ မတ်လ ၈ ရက်မှစတင်ကာ တည်ထောင်ခဲ့ပြီး နှစ်နိုင်ငံအကြား ကာလရှည်လျားသော ဆက်ဆံရေးမှာ ကောင်းမွန်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင်ဖြစ်ပွား ခဲ့သည့် ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယား အရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအား ဉရောပ သမဂ္ဂက ပိတ်ဆို့အရေးယူဒဏ်ခတ်မှုပြုလုပ်စဉ် ဂရိနိုင်ငံက သဘောမတူဘဲ ရုရှားနိုင်ငံ ဘက်မှရပ်တည်ခဲ့ပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း မက်ဆီဒိုးနီးယားဟူသောအမည် နှင့်ပတ်သက်၍ ဂရိနိုင်ငံနှင့်မက်ဆီဒိုးနီးယား (ယခုမြောက်မက်ဆီဒိုးနီးယားနိုင်ငံ)တို့ အကြား အငြင်းပွားမှုဖြစ်ပွားစဉ်က ရုရှားနိုင်ငံမှ ဂရိနိုင်ငံဘက်က ရပ်တည်ပေးခဲ့ပါ သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဂရိဝန်ကြီးချုပ် ကာရီယာ ကော့စ်မစ်တိုတားကစ်(Kyriakos Mitsotakis) တို့သည် ဇူလိုင်လ ၂၂ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပါအဝင် အကြောင်းအရာကဏ္ဍမျိုးစုံအား ဆွေးနွေးခဲ့ကြသော်လည်း အထူးသဖြင့် တူရကီနိုင်ငံရှိ ဟာဂျီယာဆိုဖီယာ (Hagia Sophia) ပြတိုက်ကို  ဗလီအဖြစ် ပြောင်းလဲခဲ့သည့် တူရကီနိုင်ငံ၏လုပ်ဆောင်မှုအား အဓိကထား ဆွေးနွေးခဲ့ပါသည်။ ဟာဂျီယာဆိုဖီယာပြတိုက်သည် အစ္စတန်ဘူလ်မြို့တွင်ရှိပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၁,၅၀၀ ခန့်က တည်ဆောက်ခဲ့သည့် အော်သိုဒေါက်ခရစ်ယာန်ဘုရားရှိခိုးကျောင်း (Orthodox Christian Cathedral) တစ်ခုဖြစ်ပါသည်။ အော်တိုမန်အင်ပါယာလက်ထက် ၁၄၅၃ ခုနှစ်တွင် ဗလီအဖြစ်သို့ ပြောင်းလဲခြင်းခံခဲ့ရပြီး ၁၉၃၄ ခုနှစ်တွင် ပြတိုက်အဖြစ် သတ်မှတ်ခဲ့ကာ ၁၉၈၅ ခုနှစ်တွင် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်လာ ခဲ့ပါသည်။ အဆိုပါပြတိုက်ကို ဗလီအဖြစ်ပြောင်းလဲကြောင်းနှင့် မွတ်စလင်များအနေဖြင့် ဇူလိုင်လ ၂၄ ရက်မှစ၍ အဆောက်အဦအတွင်းတွင် ဝတ်ပြုဆုတောင်းမှုစတင်ပြုလုပ် နိုင်မည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ဇူလိုင်လ ၁၀ ရက်တွင် တရားဝင် ကြေညာခဲ့ပါသည်။ ရုရှားနှင့် ဂရိနိုင်ငံတို့သည် အော်သိုဒေါက်ခရစ်ယာန်ဘာသာတွင် ဦးဆောင်ကိုးကွယ်သည့် နိုင်ငံများဖြစ်ပါသည်။ ယခုကဲ့သို့ တူရကီအစိုးရအနေဖြင့် ဟာဂျီဟာဆိုဖီယာပြတိုက်အား ဗလီအဖြစ်ပြောင်းလဲခဲ့ခြင်းကြောင့် တူရကီသည် ရုရှား နှင့် ဂရိနိုင်ငံတို့အကြား ဆက်ဆံရေးတွင် ထိခိုက်မှုများရှိလာနိုင်ကြောင်း သုံးသပ်တင်ပြအပ် ပါသည်။
Description: hagia-sophia.jpg
 








ဗလီအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းခံခဲ့ရသည့် Hagia Sophia Museum