Wednesday, November 30, 2022

တူကီယဲနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

Anadolu Agency;Dec-1(Thu)

တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) တို့သည် နှစ်နိုင်ငံနှင့် ဒေသတွင်း ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုဝင်ဘာလ ၃၀ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။

Tuesday, November 29, 2022

NATO က မော်လ်ဒိုဗာ၊ ဂျော်ဂျီယာနှင့် ဘော့စနီးယားတို့အပေါ် ကူညီထောက်ပံ့ပေးသွားမည်ဆိုခြင်း

AP;Nov-30(Wed)

ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုများသည် ယူကရိန်း နိုင်ငံအပြင် မော်ဒိုဗာနိုင်ငံအပေါ်ကိုပါ ဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း မော်လ်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီး နီချူပေါ့စ်ဆူ (Nicu Popescu) က နိုဝင်ဘာလ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။

တူကီယဲကြည်းတပ်ဖွဲ့သည် FNSS မှထုတ်လုပ်သောစစ်မြေပြင်သုံး အထူး တိုက်ပွဲဝင်ယာဉ် ၃ စီးကို လက်ခံရရှိခဲ့ခြင်း

တူကီယဲကြည်းတပ်ဖွဲ့သည် တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် FNSS မှထုတ်လုပ်သော PARS IV 6x6 အမျိုးအစား စစ်မြေပြင်သုံး အထူး တိုက်ပွဲဝင်ယာဉ် ၃ စီးကို လက်ခံရရှိခဲ့ကြောင်း The Defense Post သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ PARS IV 6x6 ယာဉ်များသည် သံချပ်ကာယာဉ်အမျိုးအစားဖြစ်ပြီး မိုင်းဒဏ်ခံနိုင်ရည်ရှိသည့်အပြင် အရည်အသွေး ကောင်းမွန်သည့် ပုံရိပ်၊ အသံနှင့် သတင်းအချက်အလက်များကို တပ်ဖွဲ့များထံသို့ပေးပို့ နိုင်စွမ်းရှိသည့် အဆင့်မြင့်စစ်သုံးယာဉ်များဖြစ်ကြောင်း တူကီယဲကာကွယ်ရေးစက်မှု လုပ်ငန်း Presidency of Defense Industries-SSB ဥက္ကဋ္ဌ အစ္စမေးလ်ဒီမာ (Ismail Demir) က ပြောကြားခဲ့ပါသည်။ FNSS နှင့် SSB တို့သည် ပြီးခဲ့သည့်လများအတွင်း၌ PARS IV 6x6 ယာဉ် ၁၂ စီး ဝယ်ယူရေးအတွက် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အီရန်နှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်း

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟို့စိန်အေမာအဗ္ဗဒိုလ်လာဟီရန် (Hossein Amir-Abdollahian) နှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) တို့သည် တူကီယဲ-ဆီးရီးယားနယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားလျက်ရှိ သည့် စစ်ရေးတင်းမာမှုများနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်တွင် တယ်လီဖုန်းမှ တစ်ဆင့်ဆွေးနွေးခဲ့ကြောင်း CGTN သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်တွင် ဖော်ပြခဲ့ ပါသည်။

Monday, November 28, 2022

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) အထွေထွေအတွင်းရေးမှူးချုပ် ဟစ်ဆင်းဘရာဟင်တာဟာ (Hissein Brahim Taha) အား တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း Anadolu Agency သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနှင့် အီဂျစ်တို့သည် နှစ်နိုင်ငံသံအမတ်ကြီးများ ပြန်လည်ခန့်အပ်သွားနိုင်ဖွယ် ရှိကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Xinhua; Nov-28(Mon)

တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်လများအတွင်း နှစ်နိုင်ငံသံအမတ်ကြီးများကို အပြန်အလှန် ခန့်အပ်နိုင်သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။

Sunday, November 27, 2022

တူကီယဲနှင့် အီဂျစ်တို့အကြား ဆက်ဆံရေးကဲ့သို့ ဆီးရီးယားနှင့်လည်း ဆက်ဆံရေး တိုးတက်လာနိုင်ဖွယ်ရှိကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ခြင်း

Tass;Nov-28(Mon)

တူကီယဲအနေဖြင့် အီဂျစ်နိုင်ငံနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ တူကီယဲနှင့် ဆီးရီးယားအကြား ဆက်ဆံရေးသည်လည်း တိုးတက်ကောင်းမွန်လာမည်မှာ ငြင်းပယ်၍ မရကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း Tass သတင်းဌာနက နိုဝင်ဘာလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။

Saturday, November 26, 2022

တူကီယဲနိုင်ငံ၏ လုံခြုံရေးဆိုင်ရာလုပ်ပိုင်ခွင့်ကို မည်သည့်နိုင်ငံကမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း

Anadoly Agency;Nov-27(Sun)

တူကီယဲနိုင်ငံ၏လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရေးအတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို မည်သည့်နိုင်ငံကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။

တူကီယဲနိုင်ငံ၏ လုံခြုံရေးဆိုင်ရာလုပ်ပိုင်ခွင့်ကို မည်သည့်နိုင်ငံကမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း

Anadoly Agency;Nov-27(Sun)

တူကီယဲနိုင်ငံ၏လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ရေးအတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို မည်သည့်နိုင်ငံကမျှ တားဆီးနိုင်မည်မဟုတ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၏ ဝန်ကြီးများအစည်းအဝေးကို တူကီယဲနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ခြင်း

(၃၈) ကြိမ်မြောက် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) ၏ ဝန်ကြီးများအစည်းအဝေးကို တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ (Istanbul) ၌ နိုဝင်ဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ ၄ ရက်ကြာ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများအနေဖြင့် OIC အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်နေသည့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါအစည်းအဝေး၏ ပထမ ၂ ရက်အတွင်း OIC အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ အနေဖြင့် ၂၀၂၅ ခုနှစ် OIC အစီအစဉ်အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေး အပါအဝင် လုပ်ငန်းစဉ်မူကြမ်းများနှင့် ဆုံးဖြတ်ချက်များကို ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘယ်လ်ဂျီယံ၊ ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်များသည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း

ဘယ်လ်ဂျီယံ၊ ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်များသည် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် ယူကရိန်းနိုင်ငံသို့ နိုဝင်ဘာလ ၂၆ ရက်တွင် သွားရောက်ခဲ့ကြောင်း NHK သတင်းဌာနက နိုဝင်ဘာလ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကြောင့် ယူကရိန်းနိုင်ငံ၏ အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ယူကရိန်း နိုင်ငံအား ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အလက်ဇန္ဒားဒီခရို (Alexander De Croo) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (Volodymyr Zelensky) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြောကြားခဲ့ပါ သည်။ ၎င်းတို့နှစ်ဦးသည် ဥရောပသမဂ္ဂနှင့် NATO အဖွဲ့တို့သို့ ယူကရိန်းနိုင်ငံ ဝင်ရောက်မှုကို ထောက်ခံသည့် ပူးတွဲကြေညာချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲတိုက်လေယာဉ်များသည်ကာဒ့် စစ်သွေးကြွတပ်ဖွဲ့များနှင့် ဆီးရီးယားစစ်ဘက်တပ်ဖွဲ့ဝင်များအားပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း

တူကီယဲတိုက်လေယာဉ်များသည် နိုဝင်ဘာလ ၂၇ ရက်အစောပိုင်းတွင် ကာဒ့် စစ်သွေးကြွတပ်ဖွဲ့များနှင့် ဆီးရီးယားစစ်ဘက်တပ်ဖွဲ့ဝင်များတည်ရှိရာ နေရာအသီးသီးကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း MNA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် တူကီယဲတိုက်လေယာဉ်များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းအပါအဝင် Menagh လေတပ်စခန်းဝန်းကျင်နှင့် တဲရီဖတ် (Tal Rifat) မြို့ရှိ ကာ့ဒ်စစ်သွေးကြွများနှင့် ဆီးရီးယားစစ်ဘက်တို့ ပူးတွဲထိန်းချုပ်ထားသည့်နေရာများကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းဌာန၏ ဖော်ပြချက်တွင် ပါရှိပါသည်။ အီရတ်နိုင်ငံမြောက်ပိုင်းတွင် ကာ့ဒ်စစ်သွေးကြွများ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တူကီယဲစစ်ဘက်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တူကီယဲစစ်ဘက်၏ အထက်ပါ ပစ်မှတ်ထားတိုက်ခိုက်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Friday, November 25, 2022

ဖိလစ်ပိုင်နိုင်ငံသည် တူကီယဲထုတ် Atak တိုက်ခိုက်ရေးရဟတ်ယာဉ်သစ် ၂ စီးကို လက်ခံရရှိခဲ့ခြင်း

Anadolu Agency; Nov-26(Sat)

တူကီယဲလေကြောင်းအာကာသစက်မှုလုပ်ငန်းကုမ္ပဏီ (Turkish Aerospace Industries-TAI) သည် ဖိလစ်ပိုင်လေတပ်သို့ T129 Atak တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက နိုဝင်ဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။

Thursday, November 24, 2022

ဥရောပပါလီမန်သည် ယူကရိန်းနိုင်ငံအား ယူရို ၁၈ ဘီလီယံထောက်ပံ့ပေးမည့် ဥရောပကော်မရှင်၏အဆိုပြုချက်ကို နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း

ဥရောပပါလီမန်သည် ယူကရိန်းနိုင်ငံအား ယူရို ၁၈ ဘီလီယံထောက်ပံ့ပေးမည့် ဥရောပကော်မရှင်၏အဆိုပြုချက်ကို နိုဝင်ဘာလ ၂၄ ရက်တွင် ထောက်ခံခဲ့ကြောင်း AA သတင်းဌာနက နိုဝင်ဘာလ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါငွေကြေးများအား ရုရှားနိုင်ငံကဖျက်ဆီးခဲ့သော အဓိကအခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး၊ မက်ခရိုစီးပွားရေးကဏ္ဍတည်ငြိမ်ရေးနှင့် မရှိမဖြစ်ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သော ဆေးရုံနှင့် ကျောင်းများဖွင့်လှစ်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်နေထိုင်မည့် ပြည်သူများအတွက် အိမ်ရာများဆောက်လုပ်ပေးရေးတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကော်မရှင်၏အဆိုပြုချက်တွင် ဖော်ပြထားပါသည်။ ယူကရိန်းနိုင်ငံအား ရုရှား၏ အထူး စစ်ဆင်ရေးစတင်ချိန်မှစ၍ ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံသို့ ယူရို ၁၉.၇ ဘီလီယံ ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဆလိုဗက်ကီးယား၊ ချက်၊ ဟန်ဂေရီနှင့် ပိုလန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် ဆလိုဗက်ကီးယားနိုင်ငံတွင် တွေ့ဆုံခဲ့ခြင်း

ဆလိုဗက်ကီးယား၊ ချက်၊ ဟန်ဂေရီနှင့် ပိုလန်နိုင်ငံတို့မှ ဝန်ကြီးချုပ်တို့သည် ဆလိုဗက်ကီးယားနိုင်ငံ၊ ကော့ဆီစေး (Kosice) မြို့၌တွေ့ဆုံ၍ လက်ရှိဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်းပဋိပက္ခအပါအဝင် စွမ်းအင်အကျပ်အတည်းပြဿနာများနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် အီဒက်ဒ်ဟီဂါ (Eduard Heger)၊ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် ပီတာဖီရာလာ (Petr Fiala)၊ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) နှင့် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) တို့ တက်ရောက်ခဲ့ ကြောင်း ၎င်းသတင်းဌာနက ဆက်လက်ဖော်ပြထားပါသည်။ ထို့ပြင် ၄ နိုင်ငံဝန်ကြီးချုပ် များသည် ယူကရိန်းနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာအကူအညီများ ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဟန်ဂေရီနိုင်ငံအား တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကိုဖြေရှင်းနိုင်ရန် ကူညီပေးသွားမည့်သဘောတူညီချက်ကိုလည်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

ချက်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီနှင့် ဩစတြီးယားပြည်ထဲရေးဝန်ကြီးတို့သည် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြခြင်း

Xinhua;Nov-25(Fri)

ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ဩစတြီးယား နိုင်ငံတို့မှ ပြည်ထဲရေးဝန်ကြီးတို့သည် နိုဝင်ဘာလ ၂၄ ရက်တွင် ချက်သမ္မတနိုင်ငံ၊ မြို့တော် ပရက်ဂ် (Prague) ၌ ရှန်ဂန်ဧရိယာ (Schengen Area) အတွင်းသို့ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။

တူကီယဲနိုင်ငံသည် ကျူးဘားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် ရန်လိုလားလျက်ရှိခြင်း

တူကီယဲနိုင်ငံသည် ကျူးဘားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် ရန်လိုလားလျက်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ကျူးဘားသမ္မတ မီဂယ်ဒီးယက်ကနဲလ် (Miguel Diaz-Canel) နှင့်ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံခေါင်းဆောင် များသည် စွမ်းအင်၊ ခရီးသွားကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်မှုပြုလုပ်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး သဘောတူ စာချုပ် ၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတသည် ဆီးရီးယားသမ္မတနှင့် တွေ့ဆုံသွားရန် စီစဉ်ထားခြင်း

ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) နှင့် တွေ့ဆုံ မည့်အစီအစဉ်အား ပစ်ပယ်ထားခြင်းမရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဆလိုဗေးနီးယားလွှတ်တော်သည် အသုံးစရိတ်လိုငွေပြမှုအား သိသိသာသာတိုးမြှင့်ခဲ့ခြင်း

ဆလိုဗေးနီးယားလွှတ်တော်သည် စွမ်းအင်အကျပ်အတည်းများကြောင့် ဖြစ်ပေါ် လာသည့် သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် အသုံးစရိတ်လိုငွေပြမှုအား သိသိသာသာတိုးမြှင့်စေမည့် ၂၀၂၃-၂၀၂၄ ခုနှစ်အသုံးစရိတ်အစီအစဉ်အား နိုဝင်ဘာလ ၂၃ ရက်တွင် အတည်ပြုခဲ့ကြောင်း Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

Wednesday, November 23, 2022

ရုရှားအပေါ် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကြောင့် ဟန်ဂေရီတွင် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လျက်ရှိခြင်း

RMX News;Nov-24(Thu)

ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ (EU) ၏ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှား နိုင်ငံ၏စီးပွားရေးတွင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်းမရှိသော်လည်း ဟန်ဂေရီနိုင်ငံတွင် ဟန်ဂေရီသုံးငွေကြေး ဖိုရင့် ၄,၀၀၀ ဘီလီယံ (ယူရို ၉.၇၅ ဘီလီယံခန့်) ဆုံးရှုံးခဲ့ရ ကြောင်း ဟန်ဂေရီဒုတိယဝန်ကြီးချုပ် ဇော့ရှန်မီ (Zsolt Semjén) က ပြောကြားခဲ့သည်ဟု RMX News သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။

ရုရှားအား အကြမ်းဖက်ဝါဒထောက်ခံအားပေးသည့်နိုင်ငံတစ်ခုအဖြစ် မဲခွဲဆုံးဖြတ် ခဲ့ပြီးနောက် ဥရောပသမဂ္ဂလွှတ်တော်ဝဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရခြင်း

Anadolu Agency; Nov-23(Wed)

ရုရှားနိုင်ငံအား အကြမ်းဖက်ဝါဒထောက်ခံအားပေးသည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်သွားမည့် အဆိုပြုချက်အား ဥရောပသမဂ္ဂလွှတ်တော်က နိုဝင်ဘာလ ၂၃ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် မကြာမီမှာပင် ၎င်းလွှတ်တော်၏ တရားဝင်ဝဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရကြောင်း Anadolu Agency သတင်းဌာနက ရေးသားဖော်ပြ ခဲ့ပါသည်။

အီရတ်နိုင်ငံသည် အီရန်နှင့် တူကီယဲနိုင်ငံတို့နှင့်ထိစပ်လျက်ရှိသော ၎င်း၏နယ်စပ် တစ်လျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်တပ်ဖြန့်ချထားမည်ဆိုခြင်း

Arab News; Nov-23(Wed)

အီရတ်နိုင်ငံသည် ကာ့ဒ်ဒေသရှိ အကြမ်းဖက်ခွဲထွက်ရေးအဖွဲ့များအား အိမ်နီးချင်း အီရန်နှင့် တူကီယဲနိုင်ငံတို့က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွင် ၎င်းတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အီရန်နှင့် တူကီယဲနယ်စပ်တစ်လျှောက်၌ အီရတ် နယ်ခြားစောင့်တပ်ဖွဲ့များကို ပြန်လည်တပ်ဖြန့်ချထားရန် စီစဉ်လျက်ရှိကြောင်း Arab News သတင်းဌာနက နိုဝင်ဘာလ ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

တူကီယဲစစ်ဘက်သည် အီရတ်နှင့်ဆီးရီးယားနယ်စပ်ရှိ ကာ့ဒ်ပစ်မှတ် ၅၀၀ နီးပါးခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဆိုခြင်း


Alarabiya; Nov-23(Wed)

တူကီယဲစစ်ဘက်သည် လေကြောင်းတိုက်ခိုက်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အီရတ်နှင့် ဆီးရီးယားနယ်စပ်တစ်လျှောက်ရှိ ကာ့ဒ်ပစ်မှတ် ၅၀၀ နီးပါးခန့်ကို ချေမှုန်း ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက်သမား ၂၅၄ ဦးခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း တူကီယဲ ကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က နိုဝင်ဘာလ ၂၃ ရက်တွင် ပြောကြား ခဲ့ပါသည်။

ဥရောပသမဂ္ဂသည် ရုရှားရေနံစိမ်းဈေးနှုန်းသတ်မှတ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်း

Alarabiya News; Nov-23(Wed)

ဥရောပသမဂ္ဂသည် ရုရှားရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာမှ ၇၀ ဒေါ်လာအတွင်း ဈေးနှုန်းကန့်သတ်ရန် နိုဝင်ဘာလ ၂၂ ရက်တွင် ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း ၎င်းကိစ္စရပ်နှင့် နီးစပ်ကျွမ်းဝင်သူများက ပြောကြားခဲ့သည်ဟု Alarabiya News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများက လည်း ရုရှားရေနံစိမ်းတစ်စည်လျှင် အထက်ပါဈေးနှုန်းအတိုင်း သတ်မှတ်သွားရန် စီစဉ် လျက်ရှိကြောင်း ၎င်းသတင်းဌာနက ဖော်ပြထားပါသည်။ ထိုကဲ့သို့ ဥရောပသမဂ္ဂနှင့် ဂျီ-၇ အဖွဲ့တို့၏ ရုရှားရေနံစိမ်းအား ဈေးနှုန်းသတ်မှတ်ရန်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂသံတမန်အချို့က သတ်မှတ်သွားမည့်ဈေးနှုန်းသည် ရုရှားနိုင်ငံ၏ ရေနံစိမ်း ထုတ်လုပ်မှုကုန်ကျစရိတ်ထက် ပိုမိုမြင့်မားလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံသည် ယခု အချိန်တွင် ရေနံစိမ်းများကို ဈေးနှုန်းလျှော့ချ၍ ရောင်းချနေခြင်းကြောင့် ရုရှားနိုင်ငံအပေါ် အနည်းငယ်သောဆိုးကျိုးသာ သက်ရောက်စေလိမ့်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ထို့ပြင် ရုရှားရေနံစိမ်းတစ်စည်၏ လက်ရှိဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာသာရှိကြောင်းနှင့် Brent ကုမ္ပဏီမှရောင်းချသည့် ရေနံစိမ်းတစ်စည် ဈေးနှုန်းထက် ဈေးနှုန်းသက်သာလျက်ရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် Bruegel အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဆိုင်မွန်တက်ဂလီယာပိုင်ထရာ (Simon Tagliapietra) က ပြောကြားခဲ့ ပါသည်။ ဥရောပသမဂ္ဂနှင့် ဂျီ-၇ အဖွဲ့တို့က အထက်ပါအတိုင်း ရေနံဈေးနှုန်းသတ်မှတ် သွားရန် သတင်းများထွက်ပေါ်လာပြီးနောက်တွင် ရေနံဈေးနှုန်းများမှာ ပိုမိုကျဆင်းလာ လျက်ရှိကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂနှင့် ဂျီ-၇ အဖွဲ့တို့သည် ရုရှားနိုင်ငံမှ ရေနံစိမ်းမှာယူတင်သွင်းနေရမှုများကို ၂၀၂၂ ခုနှစ်အတွင်း၌ ရပ်တန့်ရန်စီစဉ်လျက်ရှိကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။

သုံးသပ်ချက်

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သောကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များအပါအဝင် ခရီးသွားလာရေးလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုများနှင့် စက်ရုံ/အလုပ်ရုံများရပ်နားခဲ့ရပြီး ကမ္ဘာ့ရေနံဝယ်လိုအားမှာ သိသိသာသာကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ လက်ရှိတွင် နိုင်ငံအလိုက် ကိုဗစ်-၁၉ ကပ်ရောဂါအား ထိန်းချုပ်မှုများ ပြုလုပ်လာနိုင်ပြီဖြစ်သောကြောင့် ကမ္ဘာ့ရေနံဝယ်လိုအားမှာ ပြန်လည်မြင့်တက်လာခဲ့ပါ သည်။ ယခုတိုင်ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံအများစုသည် ရုရှားနိုင်ငံအပေါ် စွမ်းအင်ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများအပါအဝင် အခြားသောအရေးယူပိတ်ဆို့မှု အများအပြားလုပ်ဆောင်ခဲ့ပါ သည်။ အဆိုပါအရေးယူပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ရေနံအများအပြား ထုတ်လုပ်သည့် ရုရှားနိုင်ငံသည် ရေနံတင်ပို့ရောင်းချမှုများကို ကန့်သတ်ချက်များထားကာ ရောင်းချမှုများလုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် စွမ်းအင်အကျပ်အတည်း များနှင့် ရင်ဆိုင်ရလျက်ရှိကာ စွမ်းအင်ရှားပါးပြတ်လပ်မှုများအပါအဝင် စွမ်းအင်ဈေးနှုန်း ကြီးမြင့်မှုများနှင့် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်လျက်ရှိပါသည်။ လက်ရှိတွင်လည်း ဥရောပနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံမှ ရေနံဝယ်ယူရန် အခက်အခဲများဖြစ်ပေါ်လျက် ရှိသောကြောင့် ဥရောပသမဂ္ဂအနေဖြင့် ရေနံစိမ်းဈေးနှုန်းများကန့်သတ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။ လက်ရှိအခြေအနေအရ ရုရှားရေနံစိမ်းသည် Brent ရေနံစိမ်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပိုမိုသက်သာလျက်ရှိသဖြင့် ဥရောပသမဂ္ဂအနေဖြင့် ရေနံဈေးနှုန်း ကန့်သတ်ရေး အစီအစဉ်များအား ထိရောက်စွာဆောင်ရွက်နိုင်မည်ဆိုပါက စွမ်းအင် အကျပ်အတည်းမှရုံးထွက်ကာ စီးပွားရေးပြန်လည်ဦးမော့နိုင်ရေးဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

တူကီယဲနိုင်ငံခြိမ်းခြောက်ခံရပါက S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုရန် အသင့်ရှိသည်ဆိုခြင်း

DailySabah; Nov-23(Wed)

တူကီယဲနိုင်ငံအနေဖြင့် ခြိမ်းခြောက်ခံရပါက ရုရှားထံမှဝယ်ယူထားသည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုအသုံးပြုသွားရန် အသင့်အနေအထားတွင်ရှိကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က နိုဝင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။

Monday, November 21, 2022

ဆိုက်ပရပ်စ်သမ္မတသည် ဂျာမနီနိုင်ငံသို့ ချစ်ကြည်ခရီးသွားရောက်မည်ဆိုခြင်း

ဆိုက်ပရပ်စ်သမ္မတ နီကိုစ်းအက်နာစတာဆီရာဒစ် (Nicos Anastasiades) သည် ဂျာမနီနိုင်ငံသို့ နိုဝင်ဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ သွားရောက်မည့်ခရီးစဉ် အတွင်း ဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ် (Olaf Scholz)၊ သမ္မတ ဖရန့်ဝေါလ်တာစတိန့်မိုင်ယာ (Frank-Walter Steinmeier)၊ ဝန်ကြီးချုပ်ဟောင်း အိန်ဂျလာမာကဲလ် (Angela Merkel) တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ သမ္မတ အက်နာစတာဆီရာဒစ်သည် ဂျာမနီနိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံမည့်ကိစ္စရပ်များအပါအဝင် ၂ ရက်ကြာ အလုပ် သဘောခရီးစဉ်အတွက် ဂျာမနီနိုင်ငံသို့ နိုဝင်ဘာလ ၂၂ ရက်တွင် စတင်ထွက်ခွာမည် ဖြစ်ပါသည်။ ထို့နောက် နိုဝင်ဘာလ ၂၃ ရက်တွင် ဂျာမနီနိုင်ငံရှိ Bellevue Palace သို့ သွားရောက်၍ သမ္မတ စတိန့်မိုင်ယာနှင့် သီးသန့်တွေ့ဆုံကာ နှစ်နိုင်ငံကိုယ်စားလှယ်များ အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ပါသည်။ ထို့ပြင် နိုဝင်ဘာလ ၂၄ ရက်တွင် ဂျူးပြတိုက် (Jewish Museum) သို့ သွားရောက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အိန်ဂျလာမာကဲလ်နှင့်လည်း သီးသန့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲသည် အကြမ်းဖက်ခြိမ်းခြောက်မှုများမှ ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု အမေရိကန်သမ္မတရုံးက ပြောကြားခဲ့ခြင်း

AnadoluAgency;Nov-22(Tue)

တူကီယဲနိုင်ငံသည် ၎င်း၏တောင်ပိုင်းနယ်စပ်ဒေသတွင် အကြမ်းဖက်ခြိမ်းခြောက်မှု များနှင့် ရင်ဆိုင်နေရသည့်အတွက် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ မဟာဗျူဟာမြောက်ဆက်သွယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး ဂျွန်ကာဘီ (John Kirby) က နိုဝင်ဘာလ ၂၂ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

Sunday, November 20, 2022

ဆွီဒင်မြို့တော် စတော့ဟုမ်းတွင် အကြမ်းဖက်ဝါဒဖြန့်မှုများနှင့်ပတ်သက်၍ တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွီဒင်သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ခြင်း

Anadolu Agency; Nov-21(Mon)

ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်း (Stockholm) ရှိ တူကီယဲသံရုံးရှေ့တွင် အကြမ်းဖက်ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဌာနသည် တူကီယဲနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး စတာဖန်ဟားစတွန်း (Staffan Herrstrom) အား နိုဝင်ဘာလ ၂၁ ရက်တွင် ဆင့်ခေါ်ခဲ့ကြောင်း သံတမန်သတင်းအရင်း အမြစ်များက ပြောကြားခဲ့ပါသည်။

တူကီယဲအတိုက်အခံခေါင်းဆောင်သည် ဆီးရီးယားဒုက္ခသည်အရေးနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်း

The Syrian Observer; Nov-21(Mon)

တူကီယဲနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော ရီပတ်ပလီကန်ပြည်သူ့ပါတီ (Republican People's Party-CHP) ခေါင်းဆောင် ကာမဲကီလစ်ဒါရိုဂလူ (Kemal Kilicdaroglu) သည် ကီလစ် (Kilis) စီရင်စုတွင် ဆီးရီးယားပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး လာမည့် သမ္မတရွေးကောက်ပွဲတွင်အနိုင်ရပါက နှစ်နှစ်အတွင်း ဆီးရီးယားဒုက္ခသည်များ နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များကို ပြောကြားခဲ့ ကြောင်း The Syrian Observer သတင်းဌာနက နိုဝင်ဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါ သည်။

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ၎င်းတို့၏ အကြမ်းဖက်ဥပဒေများကို တင်းကျပ်သင့်ကြောင်း ပြောကြားခဲ့ခြင်း

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ၎င်းတို့၏ အကြမ်းဖက်ဥပဒေများကို တင်းကျပ် သင့်ပြီး ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) ကဲ့သို့သော အကြမ်းဖက်အဖွဲ့များကို တိုက်ဖျက်ရန်အတွက် တူကီယဲနိုင်ငံ အပါအဝင် NATO အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း NATO အထွေထွေအတွင်း ရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက နိုဝင်ဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဆားဘီးယားနှင့် ကိုဆိုဗိုအကြား တင်းမာမှုများကို အဓိကထားဆွေးနွေးသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ခြင်း

ဆားဘီးယားနှင့် ကိုဆိုဗိုအကြား တင်းမာမှုများကို အဓိကထားဆွေးနွေးသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဥရောပသမဂ္ဂနိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ပြောကြားခဲ့ပါသည်။

Saturday, November 19, 2022

ပိုလန်၏ ဝေဟင်ပိုင်နက်ကို လုံခြုံမှုရှိစေရန်အတွက် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အသုံးပြုသွားရန် ဂျာမနီကကမ်းလှမ်းခဲ့ခြင်း

Al Arabiya; Nov-20(Sun)

ပိုလန်နိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း Przewodow အမည်ရှိ ဒုံးကျည် တစ်စင်းပျက်ကျခဲ့ပြီးနောက် ၎င်း၏ ဝေဟင်ပိုင်နက်ကို လုံခြုံမှုရှိစေရန်အတွက် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အသုံးပြုသွားရန် ဂျာမနီနိုင်ငံက ကမ်းလှမ်းခဲ့ ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ခရစ္စတီးလန်းဘရတ်ချ် (Christine Lambrecht) က နိုဝင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု Al Arabiya သတင်းဝဘ်ဆိုက်က ဖော်ပြ ခဲ့ပါသည်။

Friday, November 4, 2022

တူကီယဲသမ္မတသည် NATO အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တူကီယဲ နိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်ရောက်ရှိနေသော NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘတ်ခ် (Jens Stoltenberg) တို့သည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေမှုများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို နိုဝင်ဘာလ ၄ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း CGTN သတင်းဌာနက နိုဝင်ဘာလ ၅ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း စတိုတန်ဘတ်ခ်က ပင်လယ်နက်ဒေသမှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တူကီယဲနိုင်ငံ၏ ပါဝင်ဆောင်ရွက်ခဲ့မှု ကဏ္ဍများအပေါ် ချီးမွမ်းပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေသည်ဟု စတို တန်ဘတ်ခ်က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Wednesday, November 2, 2022

ဘူလ်ဂေးရီးယားအစိုးရသည် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်စီမံကိန်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်း

ဘူလ်ဂေးရီးယားအစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျာမနီသင်္ဘောတည်ဆောက်ရေး ကုမ္ပဏီ Lürssen ထံမှ မှာယူခဲ့သော ကင်းလှည့်သင်္ဘောသစ်များတွင် တပ်ဆင်ရန် အတွက် ၃၂၄ မီလီမီတာ သင်္ဘောဖျက်တော်ပီဒိုများ ဝယ်ယူရန်အတွက် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်စီမံကိန်းတစ်ရပ်ကို သဘောတူညီခဲ့ကြောင်း Sofiaglobe သတင်းဌာနက နိုဝင်ဘာလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။

ပိုလန်နိုင်ငံသည် ပိုလန်-ရုရှား နယ်စပ်တစ်လျှောက်တွင် သံဆူးကြိုးများဖြင့် ခြံစည်းရိုးကာရံလျက်ရှိခြင်း

Tass; Nov-2(Wed)

ပိုလန်စစ်ဘက်မှ မြေပြင်အင်ဂျင်နီယာများနှင့် စစ်ဘက်တပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက် (Kaliningrad) ဒေသနှင့် ထိစပ်လျက်ရှိသည့် နယ်နိမိတ်တွင် ယာယီသံဆူးကြိုးစည်းရိုးများကို စတင်တည်ဆောက်လျက်ရှိကြောင်း ပိုလန်ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) က နိုဝင်ဘာလ ၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါသည်။

ဆိုးရွားသောအဆုံးသတ်များဆီသို့ ဦးတည်လာနေသည့် တူရကီ

၁၅ ရာစုနှင့် ၁၆ ရာစုကြား အင်အားအကြီးဆုံးဖြစ်ခဲ့သော တူရကီ၏ အော်တိုမန်အင်ပါယာ အိပ်မက် ကို အကောင်အထည်ဖော်ချင်သူ လက်ရှိ တူရကီသမ္မတ အာဒိုဂန် အာဏာရထားသည်မှာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိလာခဲ့ပြီဖြစ်သည်။



၂၀၀၃ ခုနှစ်မှစ၍ တူရကီဝန်ကြီးချုပ်တာဝန်ကို ယူခဲ့သည့် အာဒိုဂန်သည် တူရကီကို ကမ္ဘာ့စင်မြင့် ထက်သို့အရောက်ပို့ရန် ပြုပြင်ပြောင်းလဲရေးများပြုလုပ်ခဲ့ပြီးအမှန်တကယ်လည်း အောင်မြင်ခဲ့သည်။ အာဒိုဂန်၏ အအောင်မြင်ဆုံးအချိန်များကို ပြပါဆိုလျှင် ၂၀၁၀ ပြည့်နှစ်ဝန်းကျင်ကို ညွှန်ပြရမည် ဖြစ်သည်။ ဥရောပနှင့် ဆက်ဆံရေးကောင်းရုံမက ၂၀၂၁ ခုနှစ် အရောက် ဥရောပသမဂ္ဂထဲသို့ ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းချက်ပင် အတော်အတန်ခရီး ရောက်ခဲ့သည်။

ထို့ပြင် ၂၀၁၀ ပြည့်နှစ်အစောပိုင်း အာရပ်နွေဦး တော်လှန်ရေးများမှာ အီဂျစ်၊ လစ်ဗျားနှင့် ဆီးရီးယား တို့ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်ခဲ့ပြီးကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကိုလည်း အင်အားတိုးမြှင့် နိုင်ခဲ့သည့်အတွက် တူရကီ၏စီးပွားရေး ကြီးထွားလာခဲ့ကာ အာဒိုဂန်အနေဖြင့် အော်တိုမန်အင်ပါ ယာ အိပ်မက်ကို နောက်တစ်ဆင့်တက်နိုင်ရန် ပြင်ဆင်တော့သည်။

ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒများ အပြောင်းအလဲပြုလုပ်ခဲ့ကာ မွတ်စလင်နိုင်ငံဆိုလျှင် မည်သည့် နိုင်ငံဖြစ်ဖြစ် ထောက်ပံ့ရေးနှင့် ဒေသတွင်းအင်အားကြီး နိုင်ငံအဖြစ်သာမက အရှေ့အလယ်ပိုင်း ဒေသအထိ သြဇာချုပ်ကိုင်ထားနိုင်သည့်အဆင့်သို့ တက်လှမ်းရန် ကြိုးစားတော့သည်။

သို့သော် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကာလများတွင် အာဒိုဂန်ထင်ထားသကဲ့သို့ ဖြစ်မလာဘဲ ၎င်း၏ အဓိကမဟာမိတ် ဆီးရီးယားကလည်း ၂၀၁၄ ခုနှစ်တွင် IS စစ်သွေးကြွများကြောင့် အခြေအနေ ဆိုးရွားသည့်ဘ၀ ရောက်ခဲ့ရသည်။ တစ်ပြိုင်နက်တည်းမှာပင် လစ်ဗျားခေါင်းဆောင်ဂဒါဖီလည်း ဖြုတ်ချခံခဲ့ရကာ အာဒိုဂန်သည် ၎င်း၏ထောက်တိုင်များ ပြုတ်ထွက်ခဲ့ရသည်။

သို့သော် အာဒိုဂန်၏ မွတ်စလင်နိုင်ငံများ ကျောထောက်နောက်ခံဖြင့် အင်အားကြီးနိုင်ငံအဖြစ်တည် ဆောက်ရန်ရည်ရွယ်ချက်က ကွယ်ပျောက်မသွားဘဲ ဆီးရီးယားအစိုးရ အာဆတ်ကိုလည်း စစ်ရေး အကူအညီ မြောက်မြားစွာပေးသည့်အပြင် ဂဒါဖီ၏ သစ္စာတော်ခံတပ်များကိုလည်း အကူအညီများ ပေးခဲ့ပြန်သည်။

နောက်ဆုံး ဆီးရီးယားမှ စစ်သားထောင်ချီကို လစ်ဗျားအထိပို့ကာ အနောက်အုပ်စု ကျောထောက် နောက်ခံပေးထားသော တပ်ဖွဲ့များကို တိုက်ခိုက်စေခဲ့သည်။ ထိုအချိန် လစ်ဗျား၌ အီဂျစ်နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) စစ်သားများစွာရှိနေသော ကြောင့် တူရကီနှင့် ထိပ်တိုက်တွေ့ရန် အကြောင်းဖန်လာတော့သည်။ ထို့ကြောင့် အာဒိုဂန်ကအီဂျစ်နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး မှ ရန်သူအဖြစ် ပြောင်းလဲသွားခဲ့ကာ့ UAE နှင့်လည်း ဆက်ဆံရေး ပိုမိုတင်းမာခဲ့သည်။

လက်ရှိ အာဒိုဂန်၏အောင်မြင်မှုကိုပြမည်ဆိုလျှင် အာဏာတစ်ဝက်ကိုသာ ဆုပ်ကိုင်ထားနိုင်တော့ သော အနောက်အုပ်စုမှ မထောက်ခံသည့် လစ်ဗျားအစိုးရနှင့် ဆီးရီးယားအစိုးရသာရှိတော့သည်။ တစ်ချိန်တည်းမှာပင် အာဒိုဂန်က ဆိုမာလီယာကိုလည်း လက်လွှတ်လိုက်ရပြန်ကာ ယခု ဥရောပ သမဂ္ဂသို့ ဝင်ခွင့်ကိုလည်း ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

မကြာသေးမီက မြေထဲပင်လယ်၌ တူရကီစစ် သင်္ဘောနှင့်ယှဉ်တွဲပြီး သုတေသနသင်္ဘောတစ်စင်းကို တူရကီနှင့်ဂရိတို့၏ ထိန်းချုပ်ရေးနယ်မြေထဲအထိ စေလွှတ်ခဲ့သည်။ နောက်ဆုံး အာဒိုဂန်က F-16 ဂျက်တိုက်လေယာဉ်အုပ်စုများကို စေလွှတ်ခဲ့သည်အထိ ဂရိကို ခြိမ်းခြောက်ခဲ့ကာ ပြင်သစ်နှင့် UAE တို့ ဂျက်တိုက်လေယာဉ်များ စေလွှတ်တော့မှပင် တူရကီစစ်သင်္ဘောနှင့် ဂျက်တိုက်လေယာဉ်များ ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ် ရိုက်ခတ်မှုကြောင့် စီးပွားရေးကျဆင်းမှုဒဏ်ခံရမည် ဖြစ်သည့်အတွက် သဘာဝသယံဇာတ ပေါကြွယ်ဝသော အငြင်းပွား မြေထဲပင်လယ်ပိုင်နက်များကို အာဒိုဂန်က မျက်စိကျနေခြင်းဖြစ်ကာ ဂရိတို့က ၎င်းတို့သဘောဖြင့် ရေးဆွဲထားသည့် ပိုင်နက်မြေပုံ များကိုလည်း အသိအမှတ်မပြုကြောင်း အာဒိုဂန်က ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုလည်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်စစ်ပွဲဆီသို့ အာဒိုဂန်က ထဲထဲဝင်ဝင်ပါဝင် ပတ်သက် နေပြန်သည်။ အပစ်အခတ်ရပ်စဲရေးကို အင်အားကြီးနိုင်ငံ တစ်နိုင်ငံအနေဖြင့် ကြားဝင်စေ့စပ်ပေးရ မည့်အစား နိုင်ငံတကာနှင့်ဆန့်ကျင်ကာ အာဒိုဂန်က ၎င်း၏နိုင်ငံခြားရေးမူဝါဒအတိုင်း မွတ်စလင် နိုင်ငံဖြစ်သည့် အဇာဘိုင်ဂျန်ဘက်မှ ရာနှုန်းပြည့် ကျောထောက်နောက်ခံပြုနေပြန်သည်။

ထို့ကြောင့် နိုင်ငံတကာစင်မြင့်ထက်သို့ အမြင့်ဆုံးတက်ချင်ပြီးအော်တိုမန်အင်ပါယာအိပ်မက် ပြန်မက် ချင်နေသော အာဒိုဂန်၏ ရည်မှန်းချက်များက တဖြည်း ဖြည်း မှေးမှိန်လာသည်။ အဆိုးရွားဆုံး အဆုံးသတ်ဆီသို့ပင် လျင်မြန်စွာရောက်သွားနိုင်သော အာဒိုဂန်၏ ကျဆုံးနေသည့် ရည်မှန်းချက် ပန်းတိုင်များက ပြန်လည်သုံးသပ်ရန် လိုအပ်လာပြီး ယခုအာဒိုဂန်၏လမ်းကြောင်းသစ်က တရုတ်နှင့် ချစ်ကြည်ရေးလမ်းကြောင်း ဆီသို့ဖြစ်သည်။

အဓိကမဟာမိတ် အမေရိကန်နှင့်လည်း ဆက်ဆံရေး တင်းမာနေသည့်အပြင် ဥရောပခေါင်းဆောင် နိုင်ငံပြင်သစ်ကဲ့သို့ နိုင်ငံများနှင့်လည်း အဆင်မပြေ သည့် အာဒိုဂန်က ဒေသတွင်း အီဂျစ်၊ ဆော်ဒီ အာရေဗျ၊ အစ္စရေးတို့နှင့်လည်း ဆက်ဆံရေးတင်းမာမှုများ တိုးပွားနေသောကြောင့်၎င်း၏ အနာဂတ် လမ်းကြောင်းများက ချောမွေ့တော့မည် မဟုတ်သည်မှာ သေချာနေသည်။

နောက်ဆုံး အမေရိကန်နှင့် ဥရောပတို့၏ဦးဆောင်မှုဖြင့် အရေးယူပိတ်ဆို့မှုများကို ချမှတ်ခံရလာနိုင် ကာ တူရကီသည် အမေရိကန်၏ အရှေ့အလယ် ပိုင်းအရေးတွင် မရှိမဖြစ်အရေးပါရမည့် နိုင်ငံစာရင်း ၌မပါတော့သည်ကိုလည်း စဉ်းစားရန်လိုလာသည်။ အမေရိကန်က ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဆော်ဒီအာရေဗျနှင့့် UAE ကဲ့သို့နိုင်ငံများကို တူရကီ၏နေရာကို အပြည့်အဝအစားထိုးလာနိုင်ကာ အာဒိုဂန်က တဖြည်းဖြည်း အိပ်မက်ထဲလမ်းပျောက်ရမည့် အဖြစ်မျိုးသို့ ရောက်ရှိရန် နီးကပ်လာ နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

Ref;CNN

https://myawady.net.mm/node/2914

Tuesday, November 1, 2022

နိုင်ငံ၏ဝေဟင်ပိုင်နက်အတွင်း ဝင်ရောက်လာသည့် မောင်းသူမဲ့လေယာဉ်များအား ပစ်ချသွားရန် ဆားဘီးယားသမ္မတက အမိန့်ပေးခဲ့ခြင်း

Anadolu Agency; Nov-2 (Wed)

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) သည် ကိုဆိုဗိုနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသများတွင် မောင်းသူမဲ့လေယာဉ်များ (UAV) တွေ့ရှိခဲ့ပြီးနောက် ဆားဘီးယားစစ်ဘက်အား နိုင်ငံ၏ဝေဟင်ပိုင်နက်အတွင်းရှိ အဆိုပါ မောင်းသူမဲ့လေယာဉ်များကို ပစ်ချဖျက်ဆီးရန်အတွက် နိုဝင်ဘာလ ၁ ရက်တွင် အမိန့် ထုတ်ပြန်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။

တူကီယဲလွှတ်တော်သည် အဇာဘိုင်ဂျန်တွင် တူကီယဲတပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားမှုကို တစ်နှစ်သက်တမ်းတိုးခဲ့ခြင်း

Trtworld; Nov-2(Wed)

တူကီယဲလွှတ်တော်သည် အာမေးနီးယား-အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ၂၀၂၀ ပြည့်နှစ်အတွင်း ၄၄ ရက်ကြာဖြစ်ပွားခဲ့သော နာဂေါ်နို-ကာရာဘတ်ပဋိပက္ခတွင် အဇာဘိုင်ဂျန်သို့ တူကီယဲတပ်ဖွဲ့ဝင်များတပ်ဖြန့်ချထားမှုအား တစ်နှစ်သက်တမ်းတိုးခဲ့ ကြောင်း Trtworld သတင်းဌာနက နိုဝင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။