Thursday, September 29, 2022

လစ်သူရေးနီးယားအစိုးရသည် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်သုံးစွဲရန် စီစဉ်လျက်ရှိခြင်း

C4ISRNET;Sep-30(Fri)

ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်လျက်ရှိသည့်အတွက် လစ်သူရေးနီးယားအစိုးရသည် ၎င်းတို့၏ ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် အား အမေရိကန်ဒေါ်လာ ၁၄၄.၅ သန်းခန့် ထပ်တိုးသုံးစွဲသွားရန် ဆုံးဖြတ်ခဲ့ကြောင်း C4ISRNET သတင်းဌာနက စက်တင်ဘာလ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ တိုးမြှင့်သုံးစွဲမှုကြောင့် ကာကွယ်ရေးအသုံးစရိတ်ပမာဏသည် နိုင်ငံ့ GDP ၏ ၂.၅၂ ရာခိုင်နှုန်း အထိ ရောက်ရှိသွားဖွယ်ရှိပါသည်။ မိမိတို့အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်အား တိုးမြှင့်သုံးစွဲနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် လွှတ်တော်၏ သဘောတူညီမှုရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း လစ်သူရေးနီးယားဘဏ္ဍာရေး ဝန်ကြီး ဂျင်တာရီစကာအစ်တီ (Gintare Skaiste) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။

လစ်သူရေးနီးယားနှင့် အမေရိကန်နိုင်ငံတို့မှ တာဝန်ရှိသူများသည် အမေရိကန် နိုင်ငံထံမှ HIMARS ဒုံးကျည်စနစ်များ၊ Switchblade အမျိုးအစားတိုက်ခိုက်ရေးဒရုန်း များနှင့် JLTV အမျိုးအစား သံချပ်ကာတိုက်ခိုက်ရေးယာဉ်များကို ဝယ်ယူနိုင်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လစ်သူရေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခုကဲ့သို့ ကာကွယ်ရေး အသုံးစရိတ် ထပ်တိုးသုံးစွဲမည့်အစီအစဉ်သည် အဆိုပါလက်နက်များ ဝယ်ယူနိုင်ရေး အတွက် လမ်းပွင့်သွားဖွယ်ရှိကြောင်းလည်း C4ISRNET သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားချိန်မှစတင်၍ M113 သံချပ်ကာ လူသယ်ယာဉ် ၅၀ စီးအား ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Wednesday, September 28, 2022

ပိုလန်အတွက် စစ်ရေးထောက်ပံ့မှုအစီအစဉ်တစ်ရပ်ကို အမေရိကန်လွှတ်တော်က အတည်ပြုခဲ့ခြင်း


TVP World;Sep-29(Thu)

ပိုလန်နိုင်ငံအတွက် ပြည်ပစစ်ဘက်ဆိုင်ရာရန်ပုံငွေ (Foreign Military Financing -FMF) အဖြစ် အမေရိကန်ဒေါ်လာ ၂၈၈.၆ သန်းကို အမေရိကန်လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ပိုလန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးက စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

တူကီယဲဆိုက်ပရပ်အပေါ် အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ခြင်း


Anadolu Agency;Sep-29(Thu)

တူကီယဲနိုင်ငံအနေဖြင့် ၎င်းတို့လူမျိုးအများစုနေထိုင်သော တူကီယဲဆိုက်ပရပ် အပေါ် အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့်ဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က စက်တင်လာလ ၂၉ ရက်တွင် ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂရိဆိုက်ပရပ်အပေါ် လက်နက်ဝယ်ယူ တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များအား ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံက ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တူကီယဲနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဂရိ ဆိုက်ပရပ်သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များတွင် အမေရိကန်နှင့် အတူ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် ဂရိဆိုက်ပရပ်အပေါ် လက်နက်ဝယ်ယူတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက် များအား ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) က ပြောကြားထားပါသည်။

အမေရိကန်နိုင်ငံ၏ အထက်ပါဆုံးဖြတ်ချက်ကြောင့် ဂရိဆိုက်ပရပ်သည် စစ်ရေးအဆင့်မြှင့်တင်ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အပြင် ဂရိဆိုက်ပရပ်နှင့် တူကီယဲဆိုက်ပရပ်တို့အကြား လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုများ ဖြစ်ပေါ်လာစေနိုင်သောကြောင့် မြေထဲပင်လယ်အရှေ့ပိုင်း တည်ငြိမ်အေးချမ်းမှုအပေါ် ထိခိုက်စေနိုင်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါသည်။ တူကီယဲ နိုင်ငံအနေဖြင့် တူကီယဲဆိုက်ပရပ်များအပေါ် အကာအကွယ်ပေးနိုင်ရေးအတွက် ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက်များကို တိုးမြှင့်တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်းနှင့် တူကီယဲဆိုက်ပရပ်များလိုအပ်သည့် စစ်လက်နက်ပစ္စည်းများအားလုံးကိုလည်း ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အား ပိုမိုတိုးမြှင့်အသုံးပြုသွားမည်ဖြစ် ကြောင်း အာမေးနီးယားအစိုးရက ကြေညာခဲ့ခြင်း


Eurasianet;Sep-29(Thu)

အာမေးနီးယားအစိုးရက လာမည့် ၂၀၂၃ ခုနှစ်တွင် ၎င်းတို့နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်အား အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံအထိ တိုးမြှင့်သုံးစွဲမည်ဟု ကြေညာ ခဲ့ကြောင်း Eurasianet သတင်းဌာနက စက်တင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲသမ္မတ နှင့်ယူကရိန်း သမ္မတို့ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးခဲ့ခြင်း


    တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) တို့သည် ရုရှား-ယူကရိန်းပဋိပက္ခနှင့် စပ်လျဉ်း၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း တူကီယဲနိုင်ငံ၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား သုံ့ပန်းအပြန်အလှန်လဲလှယ် နိုင်မှုအပေါ် ဝမ်းမြောက်ကြောင်းနှင့် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းကောက်ပဲသီးနှံတင် သင်္ဘောများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး ဆောင်ရွက်နိုင်မှုတို့နှင့်စပ်လျဉ်း၍ တူကီယဲသမ္မတက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူကီယဲသမ္မတက Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံအနီးဝန်းကျင်အား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်နိုင်ရေး စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်လိုကြောင်း ယူကရိန်းသမ္မတထံ ကမ်းလှမ်းခဲ့သည်ဟု သိရှိရပါသည်။

Tuesday, September 27, 2022

အမေရိကန်အနေဖြင့် တူကီယဲကဲ့သို့ ကောင်းမွန်သော မဟာမိတ်ကို ရှာတွေ့နိုင်မည်မဟုတ်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ခြင်း


Anadolu Agency; Sep-28(Wed)

တူကီယဲနှင့် ဂရိအကြား ဖြစ်ပွားလျက်ရှိသော တင်းမာမှုများတွင် အမေရိကန်၏ တစ်ဖက်သတ်ရပ်တည်မှုအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး နေတိုးအဖွဲ့ဝင်မဟာမိတ်နိုင်ငံများ အတွင်း မမျှတသည့် ထိတွေ့ဆက်ဆံမှုများပြုလုပ်နေသည်ဟု တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဝေဖန်ပြောကြားခဲ့ပါသည်။

ပိုလန်နှင့်ဒိန်းမတ်နိုင်ငံတို့အကြားBaltic Pipe ဓာတ်ငွေ့ပိုက်လိုင်းသစ်ဖွင့်ပွဲပြုလုပ်ခဲ့ခြင်း


    ပိုလန်နှင့်ဒိန်းမတ်နိုင်ငံတို့အကြား သဘာဝဓာတ်ငွေ့များ ပို့ဆောင်ပေးမည့် Baltic Pipe ဓာတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲအခမ်းအနားအား ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda)၊ ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့် ဒိန်းမတ်ဝန်ကြီးချုပ် မာတက်ဖရီဒီရက်ဆန် (Mette Frederiksen) တို့ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ Baltic Pipe စီမံကိန်းမှာ ပိုလန်နိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ရည်မှန်းချက် တစ်ခုဖြစ်ကြောင်း၊ ၎င်းဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ပိုလန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံအပေါ် သဘာဝဓာတ်ငွေ့ မှီခိုအားထားနေရမှုကိုလည်း အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပိုလန်သမ္မတက ပြောကြား ခဲ့ပါသည်။ ပိုလန်နိုင်ငံသည် အဆိုပါ Baltic Pipe ဓာတ်ငွေ့ပိုက်လိုင်းကို အသုံးပြု၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်ကာ ဓာတ်ငွေ့များပို့ဆောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ဂရိသံအမတ်ကြီး တို့အား တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ဆင့်ခေါ်ခဲ့ခြင်း



    တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည့် အေဂျီယံ ပင်လယ်ရှိကျွန်း ၂ ကျွန်း၌ ဂရိနိုင်ငံက အမေရိကန်ထုတ်သံချပ်ကာယာဉ်များ တပ်ဖြန့် ချထားမှုနှင့်ပတ်သက်၍ တူကီယဲနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ဂရိသံအမတ်ကြီး တို့အား တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ဆင့်ခေါ်ခဲ့ကြောင်း Trend သတင်းဌာနက စက်တင်ဘာလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ နိုင်ငံတကာဥပဒေ သတ်မှတ်ချက်များ အရ အေဂျီယံပင်လယ်ရှိကျွန်းများအား စစ်မဲ့ကျွန်းများအဖြစ် သတ်မှတ်ထားသည့်အပေါ် လေးစားလိုက်နာရန်နှင့် အဆိုပါဥပဒေများကို ဖောက်ဖျက်ခြင်းအား ရပ်တန့်ရန်လိုကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက တူကီယဲနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးအား ပြောကြား ခဲ့ပါသည်။ အထက်ပါ အငြင်းပွားကျွန်းများ၌ အမေရိကန်ထုတ်စစ်လက်နက်များကို တပ်ဖြန့်ချထားသည်မှာ ဖြစ်သင့်သည့်ကိစ္စရပ်မဟုတ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီးက တူကီယဲနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Monday, September 26, 2022

ဒေါသတကြီး တုံ့ပြန်ပြောဆိုမှုများအစား အနှစ်သာရရှိသောဆွေးနွေးမှုများကိုသာ လုပ်ဆောင်ရန် ဂရိဝန်ကြီးချုပ်က တူကီယဲအားတောင်းဆိုခဲ့ခြင်း

Xinhua; Sep-28 (Wed)

ဂရိနိုင်ငံအနေဖြင့် တူကီယဲ၏ ဒေါသတကြီးတုံ့ပြန်ပြောဆိုသည့် လမ်းကြောင်းများ အတိုင်း လိုက်ပါဆောင်ရွက်ခြင်းပြုမည်မဟုတ်ဘဲ အပြုသဘောဆောင်သည့် လုပ်ဆောင် ချက်များဖြင့် အနှစ်သာရရှိသော တွေ့ဆုံဆွေးနွေးမှုများသာပြုလုပ်ရန် တူကီယဲနိုင်ငံအား တောင်းဆိုကြောင်း ဂရိဝန်ကြီးချုပ် ကာရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က စက်တင်ဘာလ ၂၇ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲနှင့် ဂရိနိုင်ငံတို့အကြားဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျှောက် တင်းမာမှုများ ဖြစ်ပေါ်နေခြင်းနှင့်အတူ အပြန်အလှန်စွပ်စွဲပြောကြားချက်များလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေပါသည်။

ဂရိနှင့်ဖြစ်ပွားလျက်ရှိသော အငြင်းပွားမှုများတွင် တူကီယဲ၏အခွင့်အရေးများကို ကာကွယ်သွားမည်ဟု တူကီယဲသမ္မတက ကတိပြုပြောကြားခဲ့ခြင်း


Xinhua;Sep-27(Tue)

ဂရိနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော အငြင်းပွားမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် တူကီယဲနိုင်ငံ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကိုကာကွယ်ရန် နည်းလမ်းများအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၂၆ ရက်တွင် ကတိပြုပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် လိုအပ်လာပါက နည်းလမ်း များအားလုံးကိုအသုံးပြုရန် ပျက်ကွက်လိမ့်မည်မဟုတ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေး ပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အာဒိုဂန်က ပြောကြားခဲ့ပါသည်။ အေဂျီယန်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများနှင့်ပတ်သက်၍ တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား မကြာသေးမီက တင်းမာမှုများမြင့်တက်လာချိန်တွင် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံသည် အမေရိကန်နိုင်ငံထုတ် သံချပ်ကာယာဉ်များကို Aegean ကျွန်းစု များဖြစ်သော ဆာမို့စ် (Samos) နှင့် လက်စ်ဘို့စ် (Lesbos) တို့သို့ ဖြန့်ကြက်ထားခြင်း သည် NATO အဖွဲ့ဝင်နိုင်ငံ ၂ နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာနိုင်ကြောင်းနှင့် နှစ်နိုင်ငံအငြင်းပွားဖွယ်ပိုင်နက်နယ်မြေများတွင် စစ်ဘက်ဆိုင်ရာပစ္စည်းများထားရှိခြင်း သည် နိုင်ငံတကာသဘောတူစာချုပ်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တူကီယဲအာဏာပိုင် များက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် တူကီယဲအာဏာပိုင်များသည် ဂရိသံအမတ်ကြီး ခရစ်တိုဒိုလို့စ်လာဇာရစ် (Christodoulos Lazaris) အား တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စက်တင်ဘာလ ၂၆ ရက်တွင် ဆင့်ခေါ်ခဲ့သည်ဟုလည်း သတင်းအရင်းအမြစ် များက ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့်လည်း တူကီယဲ၏ဆောင်ရွက်ချက်သည် အခြေအမြစ်မရှိသည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် ရန်လိုသောအပြုအမူတစ်ခုသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။ ဂရိနှင့် တူကီယဲတို့သည် အေဂျီယန်နှင့် မြေထဲပင်လယ်တို့တွင် ပိုင်နက်နယ်မြေနှင့် စွမ်းအင်ရှာဖွေရေးဆိုင်ရာအငြင်းပွားမှုအပါအဝင် ပြဿနာများစွာအတွက် နှစ်ပေါင်းများစွာကြာ ဆက်ဆံရေးတင်းမာမှုများမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

Sunday, September 25, 2022

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိခြင်း


Trend;Sep–27(Tue)

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Baykar မှထုတ်လုပ်သည့် မောင်းသူမဲ့လေယာဉ်များဝယ်ယူရန် စိတ်ဝင်စားလျက် ရှိသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavushoglu) က စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Baykar မှ ထုတ်လုပ်သည့် Bayraktar TB2 မောင်းသူမဲ့လေယာဉ်သည် ကမ္ဘာပေါ်၌ အကောင်းဆုံးပထမတန်းစား မောင်းသူမဲ့လေယာဉ်များစာရင်း၌ ပါဝင်လျက်ရှိကြောင်း၊ မည်သည့်နိုင်ငံကိုမျှ ယှဉ်ပြိုင်ခြင်း မရှိဘဲ

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိခြင်း


Trend;Sep–27(Tue)

မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် တူကီယဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Baykar မှထုတ်လုပ်သည့် မောင်းသူမဲ့လေယာဉ်များဝယ်ယူရန် စိတ်ဝင်စားလျက် ရှိသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavushoglu) က စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။

Friday, September 23, 2022

မလေးရှားနိုင်ငံသည် ဆလိုဗက်ကီးယားနိုင်ငံမှ EVA ၁၅၅ မမယာဉ်တင် ဟောင်ဝစ်ဇာအမြောက်များအား ဝယ်ယူရန်စီစဉ်လျက်ရှိခြင်း

Army Recognition; Sep-18 (Sun)
မလေးရှားနိုင်ငံသည် ဆလိုဗက်ကီးယားနိုင်ငံမှ EVA ၁၅၅ မမ ယာဉ်တင် ဟောင်ဝစ်ဇာအမြောက်များအား ဝယ်ယူနိုင်ရေးအတွက် စာချုပ်တစ်ရပ်ကို မကြာမီကာလတွင် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း Army Recognition သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင်ဖော်ပြခဲ့ပါသည်။ မလေးရှားနိုင်ငံအနေဖြင့် အဆိုပါယာဉ်တင် ဟောင်ဝစ်ဇာ အမြောက်များအား ၁၆ မှ ၁၉ စီးအထိ ဝယ်ယူရန် စီစဉ်ထားရှိခြင်းဖြစ်ပါသည်။ EVA သည် အပြည့်အဝဒီဇိုင်းရေးဆွဲထားသော ၁၅၅ မမယာဉ်တင် ဟောင်ဝစ်ဇာ အမြောက် ဖြစ်ပြီး ဆလိုဗက်ကီးယားနိုင်ငံရှိ Konstrukta Defence ကုမ္ပဏီမှထုတ်လုပ်ခြင်း ဖြစ်ပါသည်။ ၎င်းကို ၂၀၁၅ ခုနှစ်၌ ချက်သမ္မတနိုင်ငံရှိ နိုင်ငံတကာကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နည်းပညာပြပွဲအခမ်းအနား (International Defence and Security Technologies-IDET) တွင် စတင်ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါ အမြောက်စနစ်ကို ၆ ဘီးယက်ကားကိုယ်ထည်အား အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သော်လည်း ၈ ဘီးယက်ကားကိုယ်ထည်၌လည်း ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်ပါသည်။

EVA ၏ လက်နက်စနစ်အား ယာဉ်ကိုယ်ထည်အနောက်ဖက်ရှိ ရွေ့လျားနိုင်သော စက်ယန္တရားစင်မြင့်တွင်တပ်ဆင်ထားပြီး ယာဉ်အရှေ့ဘက်ရှိ အမှုထမ်းအခန်းမှ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိပါသည်။ အဆိုပါအမှုထမ်းအခန်းတွင် အမှုထမ်း ၃ ဦးအတွက် ကိုယ်စီ ထိုင်ခုံများ ပါရှိသည့်အပြင် သံမဏိပြားများဖြင့်ကာရံထားခြင်းကြောင့် လက်နက်ငယ် ကျည်ထိမှန်မှုဒဏ်မှ ကာကွယ်ပေးထားနိုင်ပါသည်။ အဆိုပါယာဉ်တင် ဟောင်ဝစ်ဇာ အမြောက်သည် အလိုအလျောက်ပစ်ခတ်မှုစနစ်အား အသုံးပြုမည်ဆိုပါက ၁ မိနစ်လျှင် ကျည် ၅ တောင့်နှုန်းပစ်ခတ်နိုင်သည့်အပြင် အကွာအဝေး ၄၁ ကီလိုမီတာအထိ ပစ်ခတ် နိုင်ကြောင်း သိရှိရပါသည်။

Thursday, September 22, 2022

တူကီယဲ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှားနှင့်ယူကရိန်းတို့သည် အကျဉ်းသား ၂၀၀ ဦး လဲလှယ်ခဲ့ခြင်း

Anadolu Agency; Sep-22 (Thu)

တူကီယဲနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် အကျဉ်းသား ၂၀၀ ဦးကို စက်တင်ဘာလ ၂၁ ရက်တွင် လဲလှယ်ခဲ့ကြောင်း တူကီယဲ သမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ကြေညာခဲ့ပါသည်။ တူကီယဲနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အကျဉ်းသားလဲလှယ်မှုဆောင်ရွက်နိုင်ခြင်းသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကိုအဆုံးသတ်ရန်အတွက် အရေးပါသော ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် (New York) မြို့၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။

ထို့ပြင် သမ္မတ အာဒိုဂန်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) အပါအဝင် အကျဉ်းသားလဲလှယ်ရေးဆောင်ရွက်ချက်တွင် ပါဝင်ခဲ့သူများကိုလည်း ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ အကျဉ်းသားလဲလှယ်နိုင်မှုသည် တူကီယဲနိုင်ငံက လိုက်နာကျင့်သုံးလျက်ရှိသည့် ငြိမ်းချမ်းသည့်သံခင်းတမန်ခင်း (Peace Diplomacy) ၏ အဓိကရလဒ်များအနက် တစ်ခုဖြစ်ကြောင်းကိုလည်း တူကီယဲသမ္မတရုံးမှ ပြောရေးဆိုခွင့် ရှိသူ အီဘရာဟင်မ်ကာလင် (Ibrahim Kalin) က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသား ဖော်ပြခဲ့ပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခစတင်သည့် ဖေဖော်ဝါရီလမှစ၍ တူကီယဲ နိုင်ငံသည် မျှတ၍ ဘက်လိုက်ခြင်းကင်းသည့် ဟန်ချက်ညီသောမူဝါဒ (Balanced Policy) ကို ကျင့်သုံး၍ ၎င်းနိုင်ငံအတွင်းပြုလုပ်သည့်စေ့စပ်ညှိနှိုင်းမှုများတွင် ရုရှားနှင့် ယူကရိန်းသမ္မတနှစ်ဦး၏ ပြောကြားချက်များကို လက်ခံစဉ်းစားပေးခဲ့ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် ရုရှား၊ ယူကရိန်း နှစ်နိုင်ငံစလုံးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိပြီး ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခစတင်သည့် ဖေဖော်ဝါရီလမှစ၍ မျှတ၍ ဘက်လိုက် ခြင်းကင်းသည့် ဟန်ချက်ညီသောမူဝါဒ (Balanced Policy) ကို ကျင့်သုံးခဲ့ပါသည်။ ထို့ပြင် တူကီယဲသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား သဘောတူညီချက်ရရှိရန် မတ်လမှစ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကျင်းပကာ ကြားဝင်စေ့စပ်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လတွင် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် ယူကရိန်းနိုင်ငံမှ ကမ္ဘာ့ဈေးကွက်ကို နှံစားသီးနှံများ ပြန်လည်တင်ပို့နိုင်မည့် သဘောတူညီချက်တစ်ရပ်ကို တူကီယဲနိုင်ငံ၌ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီးနောက် တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ရုရှားနှင့် ယူကရိန်းအကြား အကျဉ်းသားလဲလှယ်နိုင်ရေးအတွက် ကြားဝင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် တူကီယဲနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် အကျဉ်းသား ၂၀၀ ဦးကို စက်တင်ဘာလ ၂၁ ရက်တွင် လဲလှယ်နိုင်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။ တူကီယဲနိုင်ငံသည် ငြိမ်းချမ်းသောသံတမန်ဆက်ဆံရေး (Peace Diplomacy) ကို လိုက်နာကျင့်သုံးခြင်းဖြင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကိုအဆုံးသတ်၍ အကျဉ်းသား လဲလှယ်နိုင်ရန် ကြားဝင်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ တူကီယဲနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား အကျဉ်းသားလဲလှယ် နိုင်မှုသည် ကမ္ဘာ့အလယ်တွင် တူကီယဲနိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် သမ္မတ အာဒိုဂန်၏ ဆောင်ရွက်ချက်ကို ပိုမိုအထောက်အကူဖြစ်စေ နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ဆားဘီးယားသမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) တို့သည် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပြင်ပ၌ သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအပေါ် တရုတ်နိုင်ငံ၏ပံ့ပိုးကူညီမှုများကို ကျေးဇူး တင်ရှိကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (one-China policy) ကို အပြည့်အဝ ထောက်ခံကြောင်း သမ္မတ ဘူစစ်က အဆိုပါဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီး ဝမ်ယိကလည်း တရုတ်နိုင်ငံအနေဖြင့် ဆားဘီးယားနိုင်ငံ၏ လိုအပ်ချက်များကို ဆက်လက်ကူညီပံ့ပိုးပေးရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်စွာ တည်ဆောက် သွားရန်ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Wednesday, September 21, 2022

နိုင်ငံအချင်းချင်းဖြစ်သည့် ပဋိပက္ခများကို ဖြေရှင်းပေးသူအဖြစ် ရပ်တည်ရန် တူရကီကြိုးပမ်း

By CNI Category: နိုင်ငံရေး Hits: 94 
CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၁

ဆီးရီးယားမှ ယူကရိန်းအထိ ဖြစ်ပွားနေသည့် နိုင်ငံအချင်းချင်း ပဋိပက္ခများကို ဖြေရှင်းပေးသူအဖြစ် ရပ်တည်ရန် ဆောင်ရွက်မည့် တူရကီ၏ မဟာဗျူဟာများကို တူရကီသမ္မတအာဒိုဂန်က စက်တင်ဘာ ၂၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်း၌ ချပြကာ ကြိုးပမ်းနေကြောင်း သိရသည်။

တူရကီသမ္မတသည် ဒေသတွင်း အငြင်းပွားမှုများ ပတ်ပတ်လည်တွင် ဝိုင်းနေသည့် နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေ ရသူ ဖြစ်သည်။

တူရကီနိုင်ငံ၏ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ တရားဝင် ၈၀ ရာခိုင်နှုန်းဖြစ်သော်လည်း ယင်းပမာဏထက် နှစ်ဆပိုများကြောင်း လေ့လာသူများက ထောက်ပြနေချိန်၌ အထက်ပါအတိုင်း သမ္မတအာဒိုဂန်၏ မိန့်ခွန်း ထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အာဒိုဂန်သည် သူ့အစိုးရ၏ စီးပွားရေးမူဝါဒများထက် တကမ္ဘာလုံး အတိုင်းအတာဖြင့် အစားအသောက်နှင့် စွမ်းအင်ဈေးနှုန်း မြင့်မားလာခြင်း၊ ငွေ‌ကြေးဖောင်းပွမှုနှုန်း အဆမတန် ဖြစ်နေခြင်းတို့အပေါ် အပြစ်တင်ခဲ့သည်။
တူရကီသည် ကမ္ဘာ့နိုင်ငံအချင်းချင်း ပဋိပက္ခများ၌ ဖြေရှင်းချက်တိုင်း၏ တစိတ်တပိုင်း ဖြစ်စေရန် ကြိုးစားနေ ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။




ကုလ ညီလာခံ (GETTY IMAGES)

အာဒိုဂန်၏ မိန့်ခွန်းထဲတွင် ကမ္ဘာ့ပြဿနာများကို ထိထိမိမိ ချပြသွားခဲ့ရာ အီရတ်တွင် တည်ငြိမ်ရေး လိုအပ်ချက်၊ လစ်ဗျားတွင် တရားမျှတသော ရွေးကောက်ပွဲနှင့် အာဖရိကဦးချိုဒေသ စားနပ်ရိက္ခာဖူလုံရေး၊ ပါလက်စတိုင်း နိုင်ငံတော်အတွက် လိုအပ်ချက်၊ မြန်မာနိုင်ငံမှ ဘင်္ဂါလီ(မူရင်း-ရို)ကိစ္စနှင့် တရုတ်နိုင်ငံမှ ဝီဂါမွတ်ဆလင်ကိစ္စ၊ ကမ္ဘာ တဝန်း မွတ်ဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်များ စသည်တို့လည်း ပါဝင်ခဲ့သည်။

၎င်းမှတ်ချက်များတွင် ပဋိပက္ခ အများအပြား၌ တူရကီ၏ အခန်းကဏ္ဍကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မီးမောင်းထိုးပြခဲ့သည်။

ဆီးရီးယားမြောက်ပိုင်း၌ အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်သူပုန်များကို တိုက်ရိုက်ချေမှုန်းခြင်း၊ ယူကရိန်း၌ အဆင့်မြင့် သံတမန်ဆက်ဆံရေး၊ ထရီပိုလီ အခြေစိုက် အစိုးရကို ထောက်ခံသည့် လက်နက်ကိုင်တွင် လစ်ဗျားတပ်စွဲထားခြင်း၊ ဆိုက်ပရက်စ်နှင့်ဂရိတို့ ကာလအတန်ကြာ တင်းမာနေမှု၊ အဇာဘိုင်ဂျန်နှင့်အာမေးနီးယား ပဋိပက္ခတို့ကိုလည်း အာဒိုဂန်က သုံးသပ်ပြောကြားခဲ့သည်။

“လူသန်းပေါင်းများစွာကို ထိခိုက်စေတဲ့ အဲဒီကပ်ဘေးတွေအားလုံးအတွက် ကုလသမဂ္ဂက ပိုထိရောက်ရမယ်၊ ဩဇာပိုရှိရမယ်” ဟု အာဒိုဂန်က မှတ်ချက်ချခဲ့သည်။

Source: AP
https://cnimyanmar.com/index.php/political-2/politics-local/9409-2022-09-21-08-20-49

တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် အီရန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu)၊ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမာအဗ္ဗဒိုလ်လာဟီရန် (Hossein Amir-Abdollahian) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) တို့သည် စက်တင်ဘာလ ၂၁ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့၌ တွေ့ဆုံခဲ့ကြပြီး ဆီးရီးယားအရေး နှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ကုလသမဂ္ဂ ဌာနချုပ်အနီးရှိ တူကီယဲစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂဲပီဒါဆန် (Geir Pedersen) လည်း တက်ရောက်ခဲ့ကြောင်း တူကီယဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့သည့် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ဆီးရီးယားပဋိပက္ခအတွက် နိုင်ငံရေး နည်းလမ်းဖြင့်အဖြေရှာရန် သံတမန်ရေးရာကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း မက်ဗလက်ကာဗူဆိုဂလူက ၎င်း၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသား ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

အစ္စရေးဝန်ကြီးချုပ် နှင့် တူကီယဲသမ္မတတို့သည် ကုလသမဂ္ဂအထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးအဖြစ် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

အစ္စရေးဝန်ကြီးချုပ် ရယ်လာပစ် (Yair Lapid) နှင့် တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဆက်စပ်အစည်းအဝေးအဖြစ် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Legit သတင်း ဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း အစ္စရေး ဝန်ကြီးချုပ်က ဒေသတွင်းပြိုင်ဘက်နိုင်ငံတစ်ခုဖြစ်သည့် အီရန်နိုင်ငံနှင့်စပ်လျဉ်း၍ စိုးရိမ် ပူပန်ကြောင်းအပါအဝင် တူကီယဲနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် အစ္စရေးနိုင်ငံတို့အကြား နှစ်ပေါင်းများစွာကြာ တင်းမာမှုများဖြစ်ပွားခဲ့ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၁ လ အကြာတွင် အထက်ပါအတိုင်း ခေါင်းဆောင်နှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

Tuesday, September 20, 2022

ဗင်နီဇွဲလားနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်ထားခြင်း

ဗင်နီဇွဲလားနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်ထားသည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို (Nicolas Maduro) က ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၆ ရက် တွင် ဖော်ပြခဲ့ပါသည်။

ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ရွေးကောက်ပွဲဆောလျင်စွာ ကျင်းပပေးရန် ဆလိုဗက်ကီးယားအစိုးရအား တောင်းဆိုခဲ့ခြင်း

AP;Sep-20(Tue)

ဆလိုဗက်ကီးယားပြည်သူထောင်ပေါင်းများစွာသည် ဆလိုဗက်ကီးယားနိုင်ငံ မြို့တော်၌ စက်တင်ဘာလ ၂၀ ရက်တွင် စုဝေးခဲ့ကြပြီး စွမ်းအင်စျေးနှုန်းများမြင့်တက် လာသည့်အတွက် ရွေးကောက်ပွဲများဆောလျင်စွာကျင်းပပေးရန် အစိုးရအားတောင်းဆို ခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဆန္ဒပြပွဲကို နိုင်ငံအတွင်း လူကြိုက်များသည့် ဝန်ကြီးချုပ်ဟောင်း ရောဘတ်ဖီကို (Robert Fico) ၏ လက်ဝဲယိမ်း ဝါဒီဖြစ်သည့် Smer-Social Democracy ပါတီက စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ယာစွန်းဝါဒီ ထောက်ခံသူများလည်း ပါဝင်ခဲ့ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံ၌ဖြစ်ပေါ်နေသည့် ငွေကြေး ဖောင်းပွမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် အီဒက်ဒ်ဟီဂါ (Eduard Heger) နှင့် သမ္မတ ဇူဇနာ ကာပူတိုဗာ (Zuzana Caputova) ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း ဖီကိုက စွပ်စွဲပြောကြားခဲ့ပြီး ထိုသို့ဖြစ်ရခြင်းမှာ ရုရှားနိုင်ငံက ယူကရိန်း နိုင်ငံအပေါ် အထူးစစ်ဆင်ရေးဆောင်ရွက်မှုတွင် ယူကရိန်းနိုင်ငံအား ၎င်းတို့၏ အခိုင်အမာ ထောက်ခံမှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

ဆန္ဒပြသူအများစုသည် ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု များကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ဟန်ဂေရီနိုင်ငံ၏ စွမ်းအင်အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းပုံနည်းလမ်းများကိုလည်း ချီးကျူးခဲ့ကြပါသည်။ ဟန်ဂေရီနိုင်ငံသည် ရုရှားနိုင်ငံမှ ရုပ်ကြွင်းလောင်စာများကိုမှီခိုနေရပြီး သဘာဝဓာတ်ငွေ့ဝယ်ယူရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom နှင့် ၁၅ နှစ်ကြာ သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orbán) သည် ရုရှားအပေါ်ချမှတ်ထားသည့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများလည်းပြုလုပ်ခဲ့ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံအတွင်း ရွေးကောက်ပွဲများဆောလျင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်အမတ်များ၊ သို့မဟုတ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဖြစ်နိုင်ခြေရှိသော ပြောင်းလဲမှုများကို လွှတ်တော်အတွင်း အချေအတင်ဆွေးနွေးမှုများပြုလုပ်နေကြကြောင်း သိရှိရပါသည်။

အရှေ့မြေထဲပင်လယ်အတွင်း တင်းမာမှုများမြင့်တက်နေစဉ် တူကီယဲနှင့် အစ္စရေး ခေါင်းဆောင်တို့ တွေ့ဆုံသွားရန်ရှိခြင်း

Al-monitor; Sep-20(Tue)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အစ္စရေးဝန်ကြီးချုပ် ရယ်လာပစ် (Yair Lapid) တို့သည် အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး အဖြစ် စက်တင်ဘာလ ၂၁ ရက်တွင်တွေ့ဆုံရန် စီစဉ်ထားကြောင်း Al-monitor သတင်း ဝဘ်ဆိုက်က ဖော်ပြခဲ့ပါသည်။ ဆိုက်ပရပ်စ်အား လက်နက်ရောင်းချမှုရုပ်သိမ်းမည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် ယခင်ကတည်းက တင်းမာမှုများအရှိန်မြင့်တက် လျက်ရှိသော အရှေ့မြေထဲပင်လယ်ဒေသတွင် တင်းမာမှုများ ထပ်မံဖြစ်ပွားလာနိုင်ခြင်း ကြောင့် အထက်ပါအတိုင်း နှစ်နိုင်ငံခေါင်းဆောင်များက တွေ့ဆုံရန်စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနှင့် အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးသည် နှစ်ပေါင်းများစွာကြာ အေးခဲခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို အပြည့်အဝပြန်လည်ထူထောင်ရန် ပြီးခဲ့သည့် ဩဂုတ်လတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲသည် ဂရိနှင့် ဆိုက်ပရပ်စ်တို့၏ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းကိုတန်ပြန်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသတွင်းပြိုင်ဘက်ဟောင်း နိုင်ငံများနှင့် ဆက်ဆံရေးကိုပြင်ဆင်ပြောင်းလဲခြင်းဖြင့် အရှိန်အဟုန်မြှင့်ကြိုးပမ်းလုပ်ဆောင် ခဲ့ပါသည်။

တူကီယဲနိုင်ငံသည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခအပြီးတွင် အစ္စရေးဓာတ်ငွေ့ များကို ဥရောပသို့ပို့ဆောင်ရာတွင် ၎င်းနိုင်ငံအား ဓာတ်ငွေ့ဖြတ်သန်းတင်ပို့ရာတွင် စွမ်းအင် စင်္ကြံတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် စက်တင်ဘာလ ၂၁ ရက်တွင် အစ္စရေးနှင့်ပြုလုပ်မည့် ဆွေးနွေးမှု၌ မြေထဲပင်လယ်အရှေ့ပိုင်းတွင် ဖြစ်ပွား လျက်ရှိသော တူကီယဲ၊ ဂရိ၊ ဆိုက်ပရပ်စ်တို့အကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွား တောင်းဆိုမှုများနှင့် တင်းမာမှုများအား ဆွေးနွေးပွဲအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်း ဆွေးနွေးမည်ဟု မျှော်မှန်းရပါသည်။ အစ္စရေးအစိုးရသည် တူကီယဲတွင် အစ္စရေးသံရုံး တာဝန်ခံအဖြစ် ၂ နှစ်ကြာခန့်အပ်ခဲ့သော အိုင်ရစ်လီလီယံ (Irit Lillian) အား တူကီယဲ နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးအဖြစ် အဆင့်တိုးမြှင့်ခန့်အပ်ကြောင်း စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆိုးရွားလာခဲ့သော နှစ်နိုင်ငံအကြားဆက်ဆံရေးသည် တိုးတက်ကောင်းမွန်လာပြီး ဆက်ဆံရေးနွေးထွေးလာမှု လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲ နိုင်ငံခြားရေးဝန်ကြီးသည် မွန်တီနီဂရိုးနိုင်ငံခြားရေးဝန်ကြီး၊ဘူလ်ဂေးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် မွန်တီနီဂရိုးနိုင်ငံခြားရေးဝန်ကြီး ရန်ကိုကရီဗိုကာပစ် (Ranko Krivokapic)၊ ဘူလ်ဂေးရီးယားနိုင်ငံခြားရေးဝန်ကြီး နီကိုလေမိုင်ကော့ဗ် (Nikolay Milkov)၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) အထွေထွေ အတွင်းရေးမှူးချုပ် ဟီစိန်ဘရာဟင်တာဟာ (Hessein Brahim Taha) တို့နှင့် စက်တင်ဘာလ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တွေ့ဆုံစဉ်အတွင်း မွန်တီနီဂရိုးနိုင်ငံခြားရေးဝန်ကြီးနှင့် နှစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးအခြေအနေများအပါအဝင် ဘော်လကန်ဒေသ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ ဘူလ်ဂေးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် သယ်ယူ ပို့ဆောင်ရေးအပါအဝင် စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ အဆင့်မြင့်ဆက်သွယ်မှုနှင့် အပြန်အလှန် ဆက်ဆံရေးကိုလည်းကောင်း၊ OIC အတွင်းရေးမှူးချုပ်နှင့် အစ္စလာမ္မစ်မုန်းတီးရေးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအပါအဝင် OIC ထိပ်သီးအစည်းအဝေးဆိုင်ရာ ပြင်ဆင်မှုဆောင်ရွက်မှုများကိုလည်းကောင်း အသီးသီး ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက ၎င်း၏တွစ်တာ စာမျက်နှာတွင် ရေးသားဖော်ပြထားကြောင်း Anadolu Agency သတင်းဌာန၏ ဖော်ပြချက် အရ သိရှိရပါသည်။

တူကီယဲအမျိုးသားထောက်လှမ်းရေးအကြီးအကဲသည် ဆီးရီးယားထောက်လှမ်းရေးအကြီးအကဲနှင့် ဆွေးနွေးခဲ့ခြင်း

တူကီယဲအမျိုးသားထောက်လှမ်းရေးအကြီးအကဲ ဟာကန်ဖီဒန် (Hakan Fidan) နှင့် ဆီးရီးယားထောက်လှမ်းရေးအကြီးအကဲ အလီမန်လောက်ခ် (Ali Mamlouk) တို့သည် ဆီးရီးယားနိုင်ငံ၊ မြို့တော် ဒမတ်စကပ် (Damascus) ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Syrian Observer သတင်းဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဆီးရီးယားဒုက္ခသည်များ ဘေးကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရေး အတွက် အစီအစဉ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ၎င်းတို့အကြား ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် နေရပ်သို့ပြန်လည်ဝင်ရောက်လာသူများ၏ ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးနှင့် နေရပ်ပြန် ဆီးရီးယားပြည်သူများအပေါ် မည်သည့်အရေးယူဆောင်ရွက်မှုများကိုမျှ ဆောင်ရွက်ခြင်း မပြုရေးတို့နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Monday, September 19, 2022

ဆိုက်ပရပ်စ်အပေါ် ချမှတ်ထားသော လက်နက်ဝယ်ယူတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များကို ပယ်ဖျက်ပေးသွားမည့် အမေရိကန်၏ဆုံးဖြတ်ချက်အား တူကီယဲနိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ခြင်း

Greekherald; Sep-19 (Mon)
အမေရိကန်နိုင်ငံသည် လာမည့် ၂၀၂၃ ခုနှစ်မှစတင်ကာ ဆိုက်ပရပ်စ်နိုင်ငံအပေါ် ချမှတ်ထားသော လက်နက်ဝယ်ယူတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များကို ပယ်ဖျက် ပေးသွားမည့်ဆုံးဖြတ်ချက်တစ်ရပ်အား ချမှတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) ၏ ပြောကြားမှုအပေါ် တူကီယဲနိုင်ငံခြားရေး ဝန်ကြီးက ပြစ်တင်ရှုတ်ချခဲ့ကြောင်း Greekherald သတင်းဌာနက စက်တင်ဘာလ ၁၉ ရက်တွင်ရေးသားဖော်ပြခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ အဆိုပါဆောင်ရွက်ချက်သည် ဆိုက်ပရပ်စ်အရေးကိစ္စနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်ရာတွင် အပြုသဘော မဆောင်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်သည့်အပြင် ဂရိ ဆိုက်ပရပ်စ်နှင့် တူကီယဲဆိုက်ပရပ်စ်တို့အကြား လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ၎င်းထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ ပြန်လည်စဉ်းစားသုံးသပ်ပေးရန်၊ ဂရိဆိုက်ပရပ်စ်နှင့် တူကီယဲဆိုက်ပရပ်စ်တို့အကြား ဘက်လိုက်မှုမရှိသောမူဝါဒကိုသာ ဆက်လက်ကျင့်သုံးပေးရန် တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဌာနက တောင်းဆိုမှုပြုလုပ်ခဲ့ပါသည်။
အမေရိကန်နိုင်ငံ၏ ဆိုက်ပရပ်စ်နိုင်ငံအပေါ်လက်နက်ဝယ်ယူတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များပယ်ဖျက်ပေးခြင်းကို ဆိုက်ပရပ်စ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်းနှင့် အဆိုပါဆောင်ရွက်ချက်သည် ပဋိပက္ခဖြစ်ပွားမှုများပြားသော မြေထဲပင်လယ်အရှေ့ပိုင်း ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် အမေရိကန်နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ဆိုက်ပရပ်စ်နိုင်ငံက ထုတ်ပြန်ထားပါသည်။ အလားတူ ဂရိနိုင်ငံ သည်လည်း အမေရိကန်နိုင်ငံ၏ အထက်ပါဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း ဂရိ နိုင်ငံခြားရေးဝန်ကြီးနီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) က ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။

အစ္စရေးနှင့် ဆိုက်ပရပ်စ်တို့သည် အငြင်းပွားဓာတ်ငွေ့သိုက်များတူးဖော်နိုင်ရေး သဘောတူညီချက်ကို အမြန်ဆုံးရယူသွားရန် ကတိပြုခဲ့ခြင်း

AP; Sep-19(Mon)

အစ္စရေးနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား ကာလကြာအငြင်းပွားလျက် ရှိသော ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်ရေးအတွက် အရေးပါသည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် တိုးတက်မှုများရရှိခဲ့ကြောင်း စက်တင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့ပါသည်။ ဥရောပနိုင်ငံများသည် စွမ်းအင်အရင်းအမြစ်သစ်များကို ရှာဖွေလျက်ရှိခြင်းကြောင့် အဆိုပါကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်တူးဖော်နိုင်ရေး သဘော တူညီချက် လျင်မြန်စွာရရှိအောင်ဆောင်ရွက်သွားရန် ၎င်းတို့နှစ်နိုင်ငံက ကတိပြုခဲ့ပါသည်။ ဆိုက်ပရပ်စွမ်းအင်ဝန်ကြီး နာတာဆာပီလိုက်စ် (Natasa Pilides) သည် မြို့တော် နီကိုရှား (Nicosia) ၌ အစ္စရေးစွမ်းအင်ဝန်ကြီး ကာရင်အယ်လ်ဟာရာ (Karine Elharrar) အား လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား မျှတသည့်ဆုံးဖြတ်ချက်တစ်ရပ် လျင်မြန်စွာ ရယူသွားရန် သဘောတူညီမှုပြုလုပ်ခဲ့ပါသည်။

ဆိုက်ပရပ်စ်နိုင်ငံ၏ Aphrodite ဓာတ်ငွေ့သိုက်သည် သဘာဝဓာတ်ငွေ့ကုဗပေ ၄.၄ ထရီလီယံခန့်ရှိကြောင်းနှင့် ၎င်းဓာတ်ငွေ့သိုက်မှာ နှစ်နိုင်ငံအထူးစီးပွားရေးဇုန်အဖြစ် ပိုင်းခြားထားသည့် ကမ်းလွန်တစ်လျှောက်ရှိ အစ်ဟိုင် (ishai) ဓာတ်ငွေ့သိုက်အတွင်းသို့ ကျရောက်လျက်ရှိကြောင်း အစ္စရေးနိုင်ငံက အခိုင်အမာပြောကြားလျက်ရှိပါသည်။ မိမိတို့ နှစ်နိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းအတွင်းရှိ ဓာတ်ငွေ့သိုက်များကို အပြည့်အဝ တူးဖော်နိုင်ရေးအတွက် ဘုံအမြင်များကိုမျှဝေခဲ့ကြပြီး ထိုမှတစ်ဆင့် အမျိုးမျိုးသော စွမ်းအင်အရင်းအမြစ်များကို ပြောင်းလဲထုတ်လုပ်၍ ဥရောပဒေသသို့ တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ပီလိုက်စ်က ပြောကြားခဲ့ပါသည်။ အစ္စရေးနှင့် ဆိုက်ပရပ်စ်နှစ်နိုင်ငံတို့ သည် အငြင်းပွားဓာတ်ငွေ့သိုက်များ၌ ပူးတွဲထုတ်လုပ်နိုင်ရေးအတွက် နှစ်ပေါင်းများစွာကြာ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ရုရှား နိုင်ငံ၏ ဓာတ်ငွေ့ဖြတ်တောက်မှုနှင့်ရင်ဆိုင်ရလျက်ရှိသည့် ဥရောပဒေသ၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဆလိုဗေးနီးယားနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ M-55S တင့်ကား ၂၈ စီး ပေးပို့ သွားမည်ဆိုခြင်း

ဆလိုဗေးနီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ M-55S တင့်ကား ၂၈ စီး ပေးပို့ သွားမည်ဖြစ်ကြောင်း ဆလိုဗေးနီးယားအစိုးရက စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ကြေညာချက်သည် ဆလိုဗေးနီးယားဝန်ကြီးချုပ် ရော့စ်ဘက်ဂိုလက် (Robert Golob) နှင့် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ် (Olaf Scholz) တို့၏ ယူကရိန်းအရေးနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုအပြီး ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါသည်။ ဆလိုဗေးနီးယားအနေဖြင့် ယူကရိန်းသို့ ယခုကဲ့သို့ စစ်လက်နက် ပစ္စည်းများပေးအပ်ခြင်းကြောင့် ဂျာမနီနိုင်ငံမှ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးယာဉ် ၄၀ စီး၊ ဝန်တင်ကရိန်း ၃၅ စီးနှင့် ရေသယ်ယာဉ် ၅ စီးတို့ကို ပြန်လည်လက်ခံရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

Saturday, September 17, 2022

တူကီယဲနှင့် ရုရှားသမ္မတတို့အကြားတွင် ဆွေးနွေးပွဲများဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ခြင်း

Tass;Sep-18(Sun)

ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ထုတ်ကုန်များ အထူးသဖြင့် ကောက်ပဲသီးနှံများနှင့် ဓာတ်မြေဩဇာများအား ပင်လယ်နက်အတွင်းရှိ ရေလမ်းကြောင်းမှတစ်ဆင့် သယ်ဆောင် နိုင်ရေးအတွက် ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Tass သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဟန်ဂေရီအစိုးရသည် လောင်စာဆီနှင့် အစားအသောက်ဈေးနှုန်း ထိန်းချုပ် ကန့်သတ်ချက်များကို ၂၀၂၂ ခုနှစ်အကုန်အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်း

Xinhua;Sep-18(Sun)

ဟန်ဂေရီအစိုးရသည် လောင်စာဆီနှင့် စားသောက်ကုန်ဈေးနှုန်း ထိန်းချုပ် ကန့်သတ်ချက်များကို ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်သွားရန် ဆုံးဖြတ်ခဲ့ ကြောင်း ဟန်ဂေရီအစိုးရအဖွဲ့ရုံးအကြီးအကဲ ဂါဂျီလီဂူလ်ရက်စ် (Gergely Gulyas) က စက်တင်ဘာလ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါ သည်။

ပိုလန်နိုင်ငံသည် ရုရှားနိုင်ငံအပေါ်မှီခိုနေရမှုအား လျှော့ချရန်အတွက် တူးမြောင်းသစ်တစ်ခုအား ဖွင့်လှစ်ခဲ့ခြင်း

Anadolu Agency;Sep-18(Sun)
ပိုလန်နိုင်ငံသည် စက်တင်ဘာလ ၁၇ ရက်တွင် တူးမြောင်းသစ်တစ်ခုအား ဖွင့်လှစ်ခဲ့ရာ အဆိုပါတူးမြောင်းသစ်ကြောင့် ဘောလ်တစ်ပင်လယ်မှ ၎င်းနိုင်ငံပိုင် ဗစ်တူ လာလာဂွန်း (Vistula Lagoon) ဆိပ်ကမ်းသို့သွားလာရာတွင် ရုရှားနိုင်ငံထံမှ ခွင့်ပြုချက် တောင်းခံစရာမလိုအပ်တော့ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။

အမေရိကန်နိုင်ငံသည် ဂရိအပေါ်ချမှတ်ထားသည့် ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်သိမ်းပေးခဲ့ခြင်း

အမေရိကန်နိုင်ငံသည် ဂရိဆိုက်ပရက်စ်အစိုးရအပေါ်ချမှတ်ထားသည့် ကာကွယ်ရေး ဆိုင်ရာကုန်သွယ်မှုကန့်သတ်ချက်များကို ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ရုပ်သိမ်းပေးလိုက် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု စက်တင်ဘာလ ၁၇ ရက်တွင် Anadolu Agency သတင်းဌာနကဖော်ပြခဲ့ပါသည်။ ဂရိဆိုက်ပရပ်စ် အစိုးရ သည် ကာကွယ်ရေးဆိုင်ရာပစ္စည်းများလွှဲပြောင်းပေးခြင်းနှင့် စစ်လက်နက်ပစ္စည်းများ တင်ပို့ ရောင်းချရေးတို့အတွက် ခွင့်ပြုပေးထားသည့်ဥပဒေအရ အဆိုပါလက်နက်ကုန်သွယ်မှု ကန့်သတ်ချက်ကိုဖယ်ရှားပေးရန် ကိုက်ညီမှုရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) က ကွန်ဂရက်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

တူကီယဲသမ္မတသည် SCO ထိပ်သီးဆွေးနွေးပွဲသို့ နှစ်ရက်ကြာတက်ရောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၆ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့သို့ ဆက်လက်ထွက်ခွာခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdagon) သည် SCO ထိပ်သီးဆွေးနွေးပွဲသို့ နှစ်ရက်ကြာတက်ရောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၆ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက် (New York) မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း Anadolu Agency က စက်တင်ဘာလ ၁၇ ရက်တွင်ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်၏ နယူးယောက် မြို့ခရီးစဉ်သည် စက်တင်ဘာလ ၂၀ ရက်တွင်ကျင်းပပြုလုပ်မည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ရန်အတွက် သွားရောက်ခြင်းဖြစ်ပါသည်။ ထို့ပြင် သမ္မတ အာဒိုဂန်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) နှင့်တွေ့ဆုံရန် စီစဉ်ထားသည့်အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံအပြီးတွင် အမေရိကန်သမ္မတအပါအဝင် အခြားသောနိုင်ငံခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲသမ္မတနှင့် အီရန်သမ္မတတို့သည် SCO ထိပ်သီးအစည်းအဝေး၏ဆက်စပ်အစည်းအဝေးအဖြစ် တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အီရန် သမ္မတ အီဗရာဟင်ရိုင်စီ (Ebrahim Raisi) တို့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအဖြစ် တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း Yeni Safak သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ သို့သော်လည်း ခေါင်းဆောင်နှစ်ဦးအကြား စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် အဆိုပါတံခါးပိတ်ဆွေးနွေးမှုနှင့်ပတ်သက်၍ သတင်းတစ်စုံတစ်ရာ ထုတ်ပြန် သေးခြင်းမရှိပေ။ ထို့ပြင် သမ္မတအာဒိုဂန်သည် အဇာဘိုင်ဂျန်၊ တရုတ်၊ ရုရှား၊ မိုဂိုလီးယား၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံခေါင်းဆောင်တို့နှင့်လည်း သီးခြားစီတွေ့ဆုံပြီး တံခါးပိတ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ SCO ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် တူကီယဲဝင်ရောက် ခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတ အာဒိုဂန် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


Thursday, September 15, 2022

ချက်သမ္မတနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်အား ၂ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်သုံးနိုင်ဖွယ်ရှိခြင်း

    ချက်သမ္မတနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ယခင်အစီအစဉ်ထက် ၁ နှစ်စော၍ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် (Gross Domestic Product-GDP) ၏ ၂ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိနိုင်ကြောင်း ချက်ဝန်ကြီးချုပ် ပီတာဖီရာလာ (Petr Fiala) က ပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၁၆ ရက်တွင် Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။

တူကီယဲနှင့် အမေရိကန်နိုင်ငံတို့သည် ကာကွယ်ရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ခြင်း

TRT World; Sep-16(Fri)

တူကီယဲနှင့် အမေရိကန်နိုင်ငံတို့သည် ကာကွယ်ရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း TRT World သတင်းဌာနက စက်တင်ဘာလ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံ အနေဖြင့် စက်တင်ဘာလ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃) ကြိမ်မြောက် တူကီယဲ-အမေရိကန် မဟာဗျူဟာမြောက် ဆွေးနွေးပွဲ (Türkiye-US Strategic Mechanism Dialogue) တွင် အထက်ပါအတိုင်း သဘောတူညီခဲ့ကြခြင်းဖြစ်ပါသည်။

Wednesday, September 14, 2022

ဆွီဒင်အစိုးရသစ်အနေဖြင့် NATO အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာကတိကဝတ်များကို အကောင်အထည်ဖော်ရန်လိုကြောင်း တူကီယဲက ပြောကြားခဲ့ခြင်း

Trend;Sep-15(Thu)

ဆွီဒင်နိုင်ငံ၌ ရွေးကောက်ပွဲများကျင်းပခဲ့ပြီးဖြစ်ကြောင်းနှင့် အစိုးရသစ်အနေဖြင့် NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးအတွက် တူကီယဲနိုင်ငံနှင့်လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Chavushoglu) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက စက်တင်ဘာလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

Tuesday, September 13, 2022

ရိုမေးနီးယားနိုင်ငံသည် မော်လ်ဒိုဗာနိုင်ငံအား သဘာဝဓာတ်ငွေ့ထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဆိုခြင်း

Xinhua; Sep-14(Wed)

ရိုမေးနီးယားနိုင်ငံအနေဖြင့် မော်လ်ဒိုဗာနိုင်ငံအတွက် လိုအပ်သော သဘာဝ ဓာတ်ငွေ့များအား ထောက်ပံ့ဖြည့်တင်းရေး၊ ဖြတ်သန်းတင်ပို့နိုင်ရေးနှင့် သိုလှောင်မှုဆိုင်ရာ ကိစ္စရပ်များကို နည်းလမ်းရှာဖွေဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရိုမေးနီးယား ဝန်ကြီးချုပ် နီကိုးလဲ့ချုကာ (Nicolae Ciuca) က ၎င်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိ နေသည့် မော်လ်ဒိုဗာဝန်ကြီးချုပ် နတာလီရာဂါဗရီလီတာ (Natalia Gavrilița) နှင့် စက်တင်ဘာလ ၁၃ ရက်၌ ပြုလုပ်သည့်တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။

Monday, September 12, 2022

အမေရိကန်အနေဖြင့် F-16 တိုက်လေယာဉ်များ ရောင်းချပေးရန်ငြင်းဆိုမည်ဆိုပါက တူကီယဲသည် အခြားသောနိုင်ငံများထံမှ တိုက်လေယာဉ်အသစ်များ ဝယ်ယူသွားမည်ဆိုခြင်း

Aviacionline; Sep-13(Tue)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အစိုးရအနေဖြင့် တူကီယဲထံသို့ F-16 Block 70 Viper တိုက်လေယာဉ်များအား ရောင်းချပေးရေး အတည်ပြုဆောင်ရွက် ရာတွင် တိုးတက်မှုမရှိခဲ့ပါက တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အခြားသောပြည်ပနိုင်ငံများဖြစ်သော ပြင်သစ်၊ ဗြိတိန်၊ သို့မဟုတ် ရုရှား နိုင်ငံတို့ထဲမှ တိုက်လေယာဉ်အသစ်များဝယ်ယူရန် စဉ်းစားသွားမည်ဟု ပြောကြားခဲ့ကြောင်း Aviacionline သတင်းဝဘ်ဆိုက်က ဖော်ပြခဲ့ပါသည်။

တူကီယဲသမ္မတနှင့် အဇာဘိုင်ဂျန်သမ္မတတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

Trend; Sep-13(Tue)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) တို့သည် စက်တင်ဘာလ ၁၃ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Trend သတင်း ဌာနက ဖော်ပြခဲ့ပါသည်။

ဆားဘီးယားသမ္မတနှင့် UAE သမ္မတတို့ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် UAE သမ္မတ မိုဟာမက်ဘင်ဇာရတ်အယ်လ်နာရန် (Mohamed Bin Zayed Al Nahyan) တို့သည် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများအပါအဝင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ် များနှင့်ပတ်သက်၍ UAE နိုင်ငံ၊ အဘူဒါဘီ (Abu Dhabi) မြို့တော်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Asharq Al-Awsat သတင်းဌာနက စက်တင်ဘာလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။

တူကီယဲနိုင်ငံရှိ ဝီဂါနှင့် တူကီယဲလူမျိုးများသည် တရုတ်နိုင်ငံ၏ "လူမျိုးတုံး သတ်ဖြတ်မှု''ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း

Webindia; Sep-13 (Tue)

တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့ရှိ ဝီဂါမွတ်စလင်များဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (Uyghur NGOs) သည် စက်တင်ဘာလ ၁၂ ရက်တွင် ဆာရီယာ (Sariyer) ခရိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီး၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အကြောင်းပြ၍ တရုတ်နိုင်ငံမှ အစာရေစာပြတ်လပ်စေခြင်းဖြင့် ဆောင်ရွက်နေသည့် လူမျိုးတုံးသတ်ဖြတ်မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း Webindia သတင်းဌာနက စက်တင်ဘာလ ၁၃ ရက်တွင်ဖော်ပြခဲ့ပါသည်။

Sunday, September 11, 2022

ဂရိနှင့် အီရန်တို့အကြား အပြန်အလှန်သဘောတူညီချက်ရရှိခဲ့ခြင်း

ဂရိနိုင်ငံအတွင်း အီရန်ရေနံတင်သင်္ဘောတစ်စီးအား အမေရိကန်နိုင်ငံက ဖမ်းဆီး သိမ်းယူထားမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံသည် ပြီးခဲ့သည့်မေလတွင် ပင်လယ်ကွေ့၌ ဂရိရေနံတင်သင်္ဘောနှစ်စီးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ လက်ရှိတွင် အဆိုပါသင်္ဘော ၂ စီးရှိ အမှုထမ်းများအား ၎င်းတို့၏မိခင်နိုင်ငံများသို့ ပြန်လည်လွှတ်ပေးရန် သဘော တူညီခဲ့ကြောင်း Jpost သတင်းဌာနက စက်တင်ဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံအနေဖြင့် ဂရိနိုင်ငံပိုင်သင်္ဘောအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အမေရိကန် နိုင်ငံနှင့် တင်းမာမှုများပိုမိုမြင့်တက်လာခဲ့သည့်အပြင် အီရန်နှင့် ဂရိနိုင်ငံအကြား ဆက်ဆံရေး သည်လည်း တင်းမာလာခဲ့ပါသည်။ အီရန်နိုင်ငံသည် ၎င်းတို့ထိန်းသိမ်းထားသည့် ဂရိ ရေနံတင်သင်္ဘော ၂ စီးအား ပြန်လည်ပေးအပ်သွားမည့်အချိန်ကိုမူ ထုတ်ဖော်ပြောကြား ထားခြင်းမရှိသေးကြောင်း သိရှိရပါသည်။

ဂရိလူငယ်များ၏ အစိုးရအပေါ်ဆန့်ကျင်သည့်လှုပ်ရှားမှုများကြောင့် မစ်ဆိုတားကစ်အစိုးရ ပြုတ်ကျနိုင်ဖွယ်ရှိသည်ဆိုခြင်း

Anadolu Agency;Sep-12(Mon)

ဂရိနိုင်ငံတွင်းလူငယ်များ၏ အစိုးရအပေါ်ဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် မစ်ဆိုတားကစ်အစိုးရ ပြုတ်ကျနိုင်ဖွယ်ရှိသည်ဟု အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သော SYRIZA-PS ပါတီမှ ခေါင်းဆောင် အလက်ဇစ်ဆီဖရာ (Alexis Tsipras) က ပြောကြားခဲ့ ကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခတွင် ဥရောပသမဂ္ဂသည် အရှုံးသမားသာဖြစ်နေကြောင်း ဟန်ဂေရီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း

Tass;Sep-12(Mon)

ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ ဆောင်ရွက်ချက် များသည် ၎င်း၏ကိုယ်ပိုင်အကျိုးစီးပွားကို ဆန့်ကျင်လျက်ရှိခြင်းကြောင့် အရှုံးသမား အဖြစ်သာသတ်မှတ်နိုင်ကြောင်း ဟန်ဂေရီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ လက်စ်ဇ်လိုကိုဗာ (Laszlo Kover) က စက်တင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့ပါသည်။

ဂရိနိုင်ငံသည် တူကီယဲနိုင်ငံနှင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို အမြဲဖွင့်လှစ်ထားခြင်း

ဂရိနိုင်ငံသည် တူကီယဲနိုင်ငံနှင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို အမြဲဖွင့်လှစ်ထားကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြား ခဲ့သည်ဟု Xinhua သတင်းဌာနက စက်တင်ဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနှင့် တူကီယဲနိုင်ငံတို့အကြား ဖြစ်ပေါ်လျက်ရှိသည့် တင်းမာမှုများသည် ပဋိပက္ခအသွင်သို့ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်းနှင့် ၎င်းအနေဖြင့်လည်း တူကီယဲသမ္မတနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် အမြဲတမ်းအသင့်ရှိကြောင်း ဂရိဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါသည်။ အရှေ့မြေထဲပင်လယ်နှင့် အေဂျီယံပင်လယ်အတွင်း ပင်လယ် ရေကြောင်း၊ စွမ်းအင်ဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားသောကိစ္စရပ်များကြောင့် ဂရိနှင့် တူကီယဲနိုင်ငံတို့အကြား တင်းမာမှုများမှာ လက်ရှိအချိန်အထိ ကာလကြာရှည်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။

အယ်လ်ဘေးနီးယားအစိုးရဝဘ်ဆိုက်များကို အီရန်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ခြင်း

အယ်လ်ဘေးနီးယားအစိုးရဝဘ်ဆိုက်များကို အီရန်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း အယ်လ်ဘေးနီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်ဟု AP သတင်းဌာနက စက်တင်ဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။

ဆားဘီးယားဝန်ကြီးချုပ်သည် ကိုဆိုဗိုမြောက်ပိုင်းသို့သွားရောက်ခဲ့ခြင်း

Saturday, September 10, 2022

ယူကရိန်းနိုင်ငံသည် Khmelnitskaya နျူကလီးယားဓာတ်အားပေးစက်ရုံမှတစ်ဆင့် ပိုလန်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးရန် စီစဉ်ထားခြင်း

ယူကရိန်းနိုင်ငံသည် Khmelnitskaya နျူကလီးယားဓာတ်အားပေးစက်ရုံမှတစ်ဆင့် ပိုလန်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးရန် စီစဉ်ထားသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) က စက်တင်ဘာလ ၁၀ ရက်တွင် ပြောကြား ခဲ့ပါသည်။

ဂရိပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ရေးအစီအစဉ်အဖြစ် အမေရိကန် ဒေါ်လာ ၅.၆ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ်က ကတိပြုခဲ့ခြင်း

Aandolu Agency; Sep-11(Sun)

ဂရိနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် စွမ်းအင်အကျပ်အတည်းနှင့် ငွေကြေး ဖောင်းပွမှုမြင့်တက်နေခြင်းကို ကိုင်တွယ်ဖြေရှင်းရာ၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် အိမ်ထောင်စုများအား အထောက်အကူဖြစ်စေရေး အနိမ့်ဆုံးလုပ်ခလစာနှင့် အငြိမ်းစား လစာတိုးမြှင့်ပေးခြင်းတို့ပါဝင်သည့် ယူရို ၅.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ) ကုန်ကျမည့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့အတွက် အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ် များကို ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) က စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

Friday, September 9, 2022

ရုရှားကုန်စည်များအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ဖယ်ရှားပေးပါက အာဖရိကဒေသသို့ ဂျုံတင်ပို့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံက ပြောကြားခဲ့ခြင်း

Anadolu Agency; Sep-10(Sat)

ရုရှားနိုင်ငံ၏ကုန်စည်များအား ပင်လယ်နက်ကိုဖြတ်သန်း၍ တင်ပို့ခွင့်ပြုပါက တူကီယဲနိုင်ငံသည် အာဖရိကနိုင်ငံများအတွက် လိုအပ်နေသော ဂျုံနှင့် အခြားဆက်စပ် ထုတ်ကုန်များကို ပေးပို့သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။

Thursday, September 8, 2022

တူကီယဲနိုင်ငံသည် အိုမန်နိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိခြင်း

 

Trend;Sep-8(Thu)

              တူကီယဲနိုင်ငံသည် အိုမန်နိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူနိုင်ရေးအတွက် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း တူကီယဲစွမ်းအင်နှင့် သယံဇာတဝန်ကြီး ဖာတီဒွန်းမက် (Fatih Donmez) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက စက်တင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် အဆိုပါသဘာဝဓာတ်ငွေ့ဝယ်ယူရေးနှင့် စပ်လျဉ်း၍လည်း အိုမန်နိုင်ငံ၏ အပြုသဘောဆောင်သော တုံ့ပြန်မှုများကိုရရှိခဲ့ကြောင်း နှင့် နှစ်နိုင်ငံအကြား ဓာတ်ငွေ့ဝယ်ယူရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများရရှိပါက စတင် ဝယ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ကမ္ဘာလုံး ဆိုင်ရာ စွမ်းအင်ဈေးနှုန်းများမြင့်တက်နေချိန်တွင် ၎င်းအနေဖြင့် စွမ်းအင်ဝယ်ယူရရှိ နိုင်ရေးအတွက် ဩဂုတ်လအတွင်း၌ နိုင်ငံပေါင်းများစွာနှင့် ဆွေးနွေးမှုများဆောင်ရွက် ခဲ့ကြောင်း ဖာတီဒွန်းမက်က ပြောကြားခဲ့ပါသည်။

              ထို့ပြင် ဖာတီဒွန်းမက်က မလေးရှားနိုင်ငံရှိ Petroliam Nasional Berhad (PETRONAS) ၏ ဥက္ကဋ္ဌ မွတ်ဟ်ဘတ်ကီဆာလက် (Modh Bakke Salleh) နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်းနှင့် တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ဟိုက်ဒရိုကာဗွန်ရှာဖွေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍လည်း ၎င်းတို့အကြား သဘောတူညီချက်ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အလားတူ အင်ဒိုနီးရှားနိုင်ငံ၌ပြုလုပ်သည့် G7 စွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသည့်နိုင်ငံများမှ တာဝန်ရှိသူများနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဖာတီ ဒွန်းမက်က ပြောကြားထားပါသည်။ တူကီယဲနိုင်ငံ၏ လက်ရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှု ပမာဏသည် လွန်ခဲ့သည့်နှစ်ကထက် ၂၁ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်းနှင့် သဘာဝ ဓာတ်ငွေ့သိုလှောင်မှုပမာဏသည် ၄.၅၄ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

တူကီယဲနှင့် ရုရှားဗဟိုဘဏ်တို့သည် နှစ်နိုင်ငံသုံးငွေကြေးများကို အပြန်အလှန် လဲလှယ်သွားမည့် သဘောတူညီချက်များအား လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိခြင်း

 

Sputnik; Sep-8(Thu)

              တူကီယဲနှင့် ရုရှားဗဟိုဘဏ်တို့သည် နိုင်ငံ၏အရန်ငွေကို အမျိုးမျိုးထားရှိနိုင်ရေး ကြိုးပမ်းမှုအနေဖြင့် နှစ်နိုင်ငံသုံးငွေကြေးများကို အပြန်အလှန်လဲလှယ်သွားမည့် သဘော တူညီချက်များအား လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိသည်ဟု တူကီယဲစီးပွားရေးပညာရှင် ဆာဟတ်လာတစ်ဖော့ဂ်လူ (Serhat Latifoglu) က စက်တင်ဘာလ ရက်တွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနကဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

              ရုရှား-ယူကရိန်း အရေးနှင့်စပ်လျဉ်း၍ အမေရိကန်ဦးဆောင်သည့်အနောက်နိုင်ငံ များသည် ရုရှားနိုင်ငံအပေါ်  တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်အပြင် အမေရိကန်အစိုးရသည် ရုရှားကို အမေရိကန်ဒေါ်လာအသုံးပြုခွင့် ပိတ်ပင်တားမြစ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် ၎င်း၏ မဟာမိတ်နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာအစား   တခြားငွေကြေးများကို အစားထိုးအသုံးပြုရန် ကြိုးပမ်းလုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိ ရပါသည်။ ထို့ပြင် ရုရှားနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးတို့တွင်  မဟာဗျူဟာမြောက် ဆက်ဆံရေးများရှိသော တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် ရုရှားနှင့်ပြုလုပ်သည့် ကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များအတွက် ငွေပေးချေရာတွင် နိုင်ငံအလိုက်ငွေကြေးများကိုအသုံးပြုရန် သဘောတူညီခဲ့ကြသည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင်လည်း တူကီယဲဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ်တို့သည် နိုင်ငံအလိုက်ငွေကြေးများကို ပံ့ပိုးကူညီနိုင်ရေးအတွက် လဲလှယ်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးလာနိုင်ကြောင်း တူကီယဲနိုင်ငံ၏စီးပွားရေး ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် နှစ်နိုင်ငံ၏ ဗဟိုဘဏ်များအနေဖြင့် ၎င်းတို့၏နိုင်ငံအလိုက်ငွေကြေးများကို အပြန်အလှန်ကိုင်ဆောင် ထားမည်ဆိုပါက နှစ်နိုင်ငံ၏ ကုန်သွယ်မှုများ အားကောင်းလာနိုင်ကြောင်းလည်း ပြောကြား ထားပါသည်။ ထို့ကြောင့် တူကီယဲအစိုးရအနေဖြင့် အထက်ပါအစီအစဉ်အား လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လာမည်ဆိုပါက အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်လာရနိုင်ပါသည်။ သို့ဖြစ်ပါ၍ လာမည့်ကာလများတွင် NATO အဖွဲ့ဝင်နိုင်ငံများ အကြား သဘောထားကွဲလွဲမှုများ ရှိလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။