Tuesday, May 12, 2020

မြေထဲပင်လယ်အတွင်းတူရကီ၏ လုပ်ဆောင်ချက်များအပေါ် ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြင်သစ်၊ ဂရိနှင့် ယူအေအီးနိုင်ငံတို့က ပြစ်တင်ခဲ့ခြင်း


Thenational; May-12(Tue)
              တူရကီနိုင်ငံအနေဖြင့် မြေထဲပင်လယ်အတွင်းရှိ ဆိုက်ပရပ်စ်နိုင်ငံ၏ သီးသန့် စီးပွားရေးဇုန်အတွင်း၌ သဘာဝဓါတ်ငွေ့တူးဖော်ထုတ်ယူမှုများ တိုးချဲ့ပြုလုပ်လျက်ရှိရာ အဆိုပါလုပ်ဆောင်မှုသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာဥပဒေများအပေါ် ဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြစ်သစ်၊ ဂရိနှင့် ယူအေအီးနိုင်ငံတို့က မေလ ၁၁ ရက်တွင် ရုပ်သံမှတစ်ဆင့်ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပြစ်တင်ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်း၌ ဓါတ်ငွေ့တူးဖော်ရေးသင်္ဘောတစ်စီးအား အခြားအစောင့်အရှောက် စစ်သင်္ဘောတစ်စီး နှင့်အတူ ဆိုက်ပရပ်စ်ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်အတွင်းသို့ စေလွှတ်ခဲ့ပြီး အဆိုပါ နှစ်အတွင်း (၆) ကြိမ်ထက်မနည်း ဓါတ်ငွေ့တူးဖော်မှုများပြုလုပ်ခဲ့ပါသည်။ တူရကီ၏ အဆိုပါလုပ်ရပ်သည် ဥပဒေချိုးဖောက်သော စစ်ရေးဆိုင်ရာကျူးကျော်ရန်စမှုဖြစ်ပြီး မြေထဲပင်လယ်အရှေ့ပိုင်းဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်စေ သည်ဟု ဆိုက်ပရပ်စ်နိုင်ငံက ပြစ်တင်ပြောကြားထားပါသည်။
              အဆိုပါ ၅ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း တူရကီအနေဖြင့် တရားမဝင်ရွှေ့ပြောင်းသူများနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပေါ်စေရန် စနစ်တကျ စီမံလုပ်ဆောင်လျက်ရှိသည်ဟု စွပ်စွဲပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် နိုင်ငံတကာ ဥပဒေများအား ချိုးဖောက်ကာ ဂရိဝေဟင်ပိုင်နက်နှင့် ရေပြင်ပိုင်နက်များအတွင်းသို့ ကျူးကျော်မှုများပြုလုပ်ခဲ့ခြင်းနှင့် လစ်ဗျားအရေးကိစ္စတွင် စစ်ရေးအရဝင်ရောက် စွက်ဖက်မှုများပြုလုပ်ခဲ့ခြင်းတို့နှင့်ပတ်သက်၍လည်း အဆိုပါနိုင်ငံများက တူရကီအပေါ် ပြစ်တင်ပြောဆိုမှုများပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် တူရကီအနေဖြင့် မြေထဲပင်လယ် ဒေသနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ၎င်းတို့၏ အခွင့်အရေးနှင့် ကုလသမဂ္ဂ၏ နိုင်ငံတကာပင်လယ်ပြင်ဆိုင်ရာဥပဒေတို့အား အလေးထားလိုက်နာသွားရန် အဆိုပါ      ၅ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးတို့က တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

No comments:

Post a Comment