AA; Aug-31 (Mon)
တူရကီနိုင်ငံသည်
Cengiz Han နှင့် Ataman အမည်ရှိစစ်ရေယာဉ်များ လိုက်ပါစောင့်ကြပ်လျက်ရှိသည့် Oruc
Reis အမည်ရှိ စွမ်းအင်ရှာဖွေရေးသင်္ဘောကို မြေထဲပင်လယ်အရှေ့ပိုင်း၌ စွမ်းအင်တူးဖော်ရေး
ဆက်လက်လုပ်ဆောင်ရန် အချိန် ၁၁ ရက် ထပ်မံတိုးမြှင့်ခဲ့ပါသည်။
Oruc Reis စွမ်းအင်ရှာဖွေရေးသင်္ဘောသည် စွမ်းအင် ရှာဖွေရေးလုပ်ငန်းများအား
လုပ်ဆောင်ရန်ယခင်သတ်မှတ်ထားသည့် အချိန်ကုန်ဆုံး မည့် ဩဂုတ်လ ၃၁ ရက် ညပိုင်းတွင် စက်တင်ဘာလ ၁၂ ရက်အထိ ထပ်မံသက်တမ်း တိုးသွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ Oruc Reis စွမ်းအင်ရှာဖွေရေး သင်္ဘော၏ စွမ်းအင်ရှာဖွေရေးလုပ်ဆောင်မှုကို
စက်တင်ဘာလ ၁ ရက်တွင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံက အစောပိုင်းတွင်
ကြေညာခဲ့ခြင်းဖြစ် ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့ပါသည်။
ဂရိနှင့် အီဂျစ်နိုင်ငံတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် အထူးစီးပွားရေးဇုန် တည်ဆောက်သွားရန် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက်
တူရကီနိုင်ငံသည် ဩဂုတ်လအစောပိုင်းတွင် အဆိုပါဒေသ၌ စွမ်းအင်တူးဖော်ရေးကို ပြန်လည်စတင်ခဲ့ခြင်း ဖြစ်ပါသည်။ တူရကီကမ်းခြေများအနီးရှိ ကျွန်းငယ်များအား အထူးစီးပွားရေးဇုန်တစ်ခု အဖြစ်ကြေညာရန်ကြိုးပမ်းနေသည့်
ဂရိ၏လုပ်ဆောင်မှုကို တူရကီနိုင်ငံက တစ်ဖက်သတ် ကန့်ကွက်ခဲ့ပါသည်။
ဆိုက်ပရပ်စ်ကျွန်းအနီးရှိ စွမ်းအင်အရင်းအမြစ်များကို
တူရကီနှင့် ဂရိနိုင်ငံတို့က သင့်တင့်မျှတစွာ
ခွဲဝေအသုံးပြုရမည်ဖြစ်ကြောင်း တူရကီနိုင်ငံက ပြောကြား ခဲ့ပါသည်။ အဆိုပါကိစ္စရပ်အပေါ် အငြင်းပွားနေသော နိုင်ငံများအကြား
နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိစေရန်
ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ခြင်းသည်သာလျှင် တစ်ခုတည်းသော
ဖြေရှင်းနည်းဖြစ်ကြောင်းနှင့် ဂရိနိုင်ငံအနေဖြင့်လည်း တူရကီနိုင်ငံ၏အခွင့်အရေးကို အလေးထားသင့်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်
(Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ဂရိနှင့်
အီဂျစ်နိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် အထူးစီးပွားရေးဇုန် တည်ဆောက်သွားရန် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း
အဆိုပါ ဒေသ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်မှုများ ပြန်လည်စတင်သွားမည်ဟု တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က သြဂုတ်လ
၇ ရက်တွင် ပြောကြားခဲ့ပါသည်။ မူလက စွမ်းအင်ရှာဖွေရေး
လုပ်ဆောင်မှုကို ဩဂုတ်လ ၃၁ ရက် ထိသာ သတ်မှတ်ထားသော်လည်း
ယခုအခါတွင် စက်တင်ဘာလ ၁၁ ရက်ထိ ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့သည်ကို
တွေ့ရှိရပါသည်။
တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဂရိနိုင်ငံ၏ ကျွန်းတစ်ခုဖြစ်သည့် ကက်တဲလိုရီဇို (Kastellorizo) အနီး၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ပြုလုပ်ရန် ဇူလိုင်လအတွင်း ရေယာဉ်တစ်စီးစေလွှတ်ခဲ့ပြီးနောက် ဂရိနှင့်တူရကီနိုင်ငံ တို့အကြား တင်းမာမှုများမြင့်တက်လာခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍
ဂရိနိုင်ငံ သည် တူရကီနိုင်ငံအား အရေးယူပိတ်ဆို့မှုများချမှတ်ပေးရန်
ဥရောပသမဂ္ဂနှင့် NATO အဖွဲ့တို့အား တောင်းဆိုခဲ့သည်ကို တွေ့ရှိရပါသည်။
လက်ရှိတွင်
တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဆိုက်ပရပ်စ် ကမ်းလွန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်မှုများကြောင့်
ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။ ထို့ကြောင့်
တူရကီနိုင်ငံ အနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ
ဆက်လက် တူးဖော်ရန်ဆောင်ရွက်မှုသည်
အဆိုပါဒေသအတွင်း တင်းမာမှုများ မြင့်တက်လာစေမည် ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ပြင်းထန်သည့်အရေးယူပိတ်ဆို့မှုများနှင့်
ရင်ဆိုင်သွားရနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment