Friday, August 21, 2020

ပိုလန်နှင့်အမေရိကန်တို့သည် လေကြောင်းဆိုင်ရာပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်လျက်ရှိခြင်း

 

Thefirstnews; Aug-21 (Fri)

              ပိုလန် - အမေရိကန်လေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုအား ပိုလန်နိုင်ငံ အလယ်ပိုင်းလခ်(Lask) မြို့၌ ဩဂုတ်လ ၂၁ ရက်တွင် စတင်လေ့ကျင့်လျက်ရှိကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်မှုတွင် ပိုလန်နိုင်ငံမှ လေယာဉ်မှူးများသည် ဂျာမနီ၏ Spangdahlem လေတပ်အခြေစိုက်စခန်းတွင် တည်ရှိသော အမေရိကန်၏ အမှတ်(၄၈၀)တိုက်လေယာဉ်အုပ်မှ F-16 တိုက်လေယာဉ်မှူးများနှင့်အတူ လေ့ကျင့်မှုပြုလုပ်လျက်ရှိပါသည်။ ထို့ပြင် စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်လေ့ကျင့်ရန် အတွက် အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ကျော်နှင့် F-16 တိုက်လေယာဉ် ၁၈ စီးတို့သည် ဂျာမနီနိုင်ငံမှ ပိုလန်နိုင်ငံသို့ ရောက်ရှိလျက်ရှိပါသည်။

              အဆိုပါလေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများအား နှစ်နိုင်ငံလေတပ်ဖွဲ့ဝင်များ အကြား အတူတကွပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုစွမ်းရည် ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမှတ်(၃၂)နည်းဗျူဟာလေတပ်အခြေစိုက်စခန်းလက်အောက်ရှိ အမှတ်(၂)နည်းဗျူဟာလေတပ်ဆွယ်၏ တပ်မှူး၊ လေယာဉ်မှူး ဗိုလ်မှူးချုပ် အီရန်ဇုခ်နိုဝခ် (Ireneusz Nowak) က ဩဂုတ်လ ၂၁ ရက်တွင် PAP သတင်းဌာန၏ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့ပါသည်။  နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံ၏လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် စစ်ရေးအသင့်အနေအထားဖြင့် လျင်မြန်စွာတုံ့ပြန်တိုက်ခိုက်ပြီး အချိန်တိုအတွင်း အောင်မြင်မှုရယူနိုင်ရန်အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလလယ်အထိ ပြုလုပ်သွားနိုင်ဖွယ် ရှိကြောင်းကိုလည်း ဗိုလ်မှူးချုပ် အီရန်ဇုခ်နိုဝခ်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။  

No comments:

Post a Comment