Xinhua; Feb-4(Fri)
တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၃ ရက်တွင် ဆီးရီးယား မြောက်ပိုင်းရှိ ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Protection Units-YPG) အဖွဲ့ဝင် ၄၃ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ YPG အဖွဲ့ဝင်များအနေဖြင့် ဆီးရီးယား မြောက်ပိုင်းရှိ တူရကီစစ်အခြေစိုက်စခန်းများအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် အယ်လ်ဘက် (al-Bab) မြို့အတွင်း၌ ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူ ၉ ဦး သေဆုံး ခဲ့ခြင်းနှင့် အီရတ်နိုင်ငံအရှေ့တောင်ပိုင်း ဆာနက် (Sirnak) မြို့ရှိ တူရကီနယ်စပ်စခန်း တစ်ခုအား စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် တူရကီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ခြင်း စသည့်ကိစ္စရပ်များဖြစ်ပွားခဲ့ပြီးနောက် တူရကီစစ်ဘက်က အထက်ပါ အတိုင်း တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက်၌လည်း တူရကီလေတပ်အနေဖြင့် အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers' Party-PKK) နှင့် ဆီးရီးယားမြောက်ပိုင်းရှိ YPG အဖွဲ့တို့အပေါ် အဓိက ပစ်မှတ်ထားသည့် Winter Eagle အမည်ရှိ လေကြောင်းစစ်ဆင်ရေးတစ်ရပ်အား လုပ်ဆောင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ထို့ပြင် တူရကီစစ်ဘက်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် Euphrates Shield စစ်ဆင်ရေး၊ ၂၀၁၈ ခုနှစ်တွင် Olive Branch စစ်ဆင်ရေး၊ ၂၀၁၉ ခုနှစ်တွင် Peace Spring စစ်ဆင်ရေးနှင့် ၂၀၂၀ ပြည့်နှစ်တွင် ဆီးရီးယားမြောက်ပိုင်း၌ Spring Shield စစ်ဆင်ရေး အစရှိသဖြင့် စစ်ဆင်ရေးများ အသီးသီးလုပ်ဆောင်ခဲ့ပါသည်။ တူရကီ စစ်ဘက်အနေဖြင့် ထိုသို့လုပ်ဆောင်ခဲ့ခြင်းသည် ၎င်းနိုင်ငံအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုများမှ ကာကွယ်တားဆီးရန်နှင့် ဆီးရီးယားဒုက္ခသည်များ နေရပ်ပြန်ရေး အတွက် လွယ်ကူချောမွေ့စေမည့် ဘေးကင်းဇုန်တစ်ခုအား ဖန်တီးရန် ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တူရကီအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော PKK အကြမ်းဖက်တပ်ဖွဲ့သည် တူရကီအစိုးရအပေါ် တိုက်ခိုက်လျက်ရှိသည်မှာ ဆယ်စုနှစ် ၃ ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ဦးကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment