Reuters; Feb-15 (Tue)
လစ်သူရေးနီးယားနိုင်ငံအပေါ် တရုတ်နိုင်ငံက ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ် ချက်များချမှတ်ခဲ့သည့်ကိစ္စရပ်အား ဥရောပသမဂ္ဂက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) တွင် ကန့်ကွက်ထားခြင်းနှင့်ပတ်သက်၍ အမေရိကန်နှင့် ဩစတြေးလျတို့အပြင် ထိုင်ဝမ်ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီဖြစ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ပိုင်နက် အဖြစ်သတ်မှတ်ထားသည့် ထိုင်ဝမ်အား ၎င်းနိုင်ငံအတွင်း၌ တရားဝင်သံရုံးဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည့်အတွက် တရုတ်နိုင်ငံက ကုန်သွယ်ရေးဆိုင်ရာကန့်သတ်ချက်များအပါအဝင် သံတမန်ရေးဆိုင်ရာဆက်ဆံမှုများကို အဆင့်လျှော့ချမှုများပြုလုပ်၍ လစ်သူရေးနီးယား နိုင်ငံအပေါ် ဖိအားပေးခြင်းများလုပ်ဆောင်ခဲ့ပါသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ လစ်သူရေးနီးယားနိုင်ငံအပေါ် ပစ်မှတ်ထားအကျပ်ကိုင်သည့် ကုန်သွယ်ရေးဆိုင်ရာ မဟာဗျူဟာများကိုကျင့်သုံးခဲ့ခြင်းသည် ဥရောပသမဂ္ဂ၏ တစ်ခုတည်းသောကုန်သွယ်ရေး ဈေးကွက် (Single Market) ကို ခြိမ်းခြောက်ခြင်းပင်ဖြစ်ကြောင်း ဥရောပသမဂ္ဂက စွပ်စွဲပြောကြားခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီလတွင် WTO သို့ တိုင်ကြားမှုပြုလုပ်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ WTO ၏ ဖြေရှင်း ဆောင်ရွက်ရေး လုပ်ထုံးလုပ်နည်းများအရ ဖေဖော်ဝါရီလ ၉ ရက်တွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများ၌ ထိုင်ဝမ်က ပူးပေါင်းပါဝင်ခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျိုနဲအူလ် (Joanne Ou) က ပြောကြားခဲ့ပါသည်။ တရုတ် နိုင်ငံ၏ လစ်သူရေးနီးယားနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးအကျပ်ကိုင်မှုများသည် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးစံနှုန်းများကိုချိုးဖောက်ပြီး သည်းခံနိုင်စရာမရှိ ကြောင်းနှင့် ထိုင်ဝမ်အနေဖြင့် စည်းမျဉ်းအခြေပြုနိုင်ငံတကာကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းနိုင်ရန်အတွက် လစ်သူရေးနီးယားနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်ကဲ့သို့သော သဘောထားချင်းတိုက်ဆိုင်သည့် နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျိုနဲအူလ်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့အတူ ဗြိတိန်နိုင်ငံအနေဖြင့် လည်း WTO သို့ တိုင်ကြားထားသည့် ဥရောပသမဂ္ဂ၏တရုတ်နိုင်ငံအား ဆန့်ကျင်ရေး ဆိုင်ရာ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုတွင် ပူးပေါင်းပါဝင်သွားမည်ဟု ထုတ်ဖော် ပြောကြားထားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
လစ်သူရေးနီးယားနိုင်ငံသည် ထိုင်ဝမ်ကို တရုတ်တိုင်ပေဟူသည့်သတ်မှတ်ချက်ဖြင့် မဟုတ်ဘဲ “ထိုင်ဝမ်” အမည်ဖြင့် တရားဝင်သံရုံးဖွင့်လှစ်ရန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ခွင့်ပြုပေးခဲ့ပါသည်။ ထိုကဲ့သို့ လစ်သူရေးနီးယားနိုင်ငံက ထိုင်ဝမ်အား ၎င်းနိုင်ငံအတွင်း သံရုံးဖွင့်လှစ်ရန်ခွင့်ပြုမှုသည် ထိုင်ဝမ်ကို တရုတ်ပြည်မကြီး၏ အစိတ်အပိုင်း တစ်ရပ်ဟု အခိုင်အမာပြောကြားထားသည့် တရုတ်နိုင်ငံ၏ “တရုတ်တစ်နိုင်ငံတည်း မူဝါဒ”ကို တိုက်ရိုက်စိန်ခေါ်သည့် သဘောသို့သက်ရောက်စေသဖြင့် တရုတ်နိုင်ငံက လစ်သူရေးနီးယားနိုင်ငံကို တရားမဝင်စီးပွားရေးပိတ်ဆို့မှုများနှင့် ကန့်သတ်ချက်များ အပါအဝင် သံတမန်ရေးဆိုင်ရာဆက်ဆံမှုများကိုဖြတ်တောက်၍ ဖိအားပေးမှုများလုပ်ဆောင် လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် လစ်သူရေးနီးယားနိုင်ငံအတွင်းရှိ တရုတ်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ပြီး တရုတ်ဈေးကွက်အတွင်းရှိ လစ်သူရေးနီးယားစီးပွားရေးလုပ်ငန်း များအား ပိတ်ပင်ခဲ့သည့်အပြင် အခြားနိုင်ငံများကိုလည်း လစ်သူရေးနီးယားနိုင်ငံနှင့် ဆက်ဆံရေးဖြတ်တောက်ရန်အတွက် ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ တရုတ်နိုင်ငံ၏ လစ်သူရေးနီးယားနိုင်ငံအပေါ် ပစ်မှတ်ထားအကျပ်ကိုင်သည့် ကုန်သွယ်ရေးဆိုင်ရာ မဟာဗျူဟာများကိုကျင့်သုံးခဲ့ခြင်းသည် ဥရောပသမဂ္ဂ၏တစ်ခု တည်းသော ကုန်သွယ်ရေးဈေးကွက် (Single Market) ရှိ အခြားသောပို့ကုန်များ ကိုလည်း ခြိမ်းခြောက်သည့်လုပ်ရပ်ပင်ဖြစ်ကြောင်း ဥရောပသမဂ္ဂက စွပ်စွဲပြောကြားခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) သို့ တိုင်ကြားမှုပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဥရောပသမဂ္ဂ၏တိုင်ကြားမှုအရ တရုတ်နိုင်ငံ၏ လုပ်ရပ်များအပေါ် WTO ၏ ဖြေရှင်းဆောင်ရွက်ချက်နည်းလမ်းဖြစ်သည့် အမေရိကန်၊ ဩစတြေးလျနိုင်ငံတို့နှင့်ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းမှုများတွင် ထိုင်ဝမ်က ဖေဖော်ဝါရီလ ၉ ရက်မှစ၍ ပူးပေါင်းပါဝင်လာခဲ့ပါသည်။ တရုတ်နိုင်ငံ၏ လစ်သူရေးနီးယားနိုင်ငံအပေါ် ယခုကဲ့သို့စီးပွားရေးအရ ဖိအားပေးအကျပ်ကိုင်မှုများသည် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးစံနှုန်းများကို ချိုးဖောက်သည့်လုပ်ရပ်ဖြစ်သောကြောင့် စည်းမျဉ်းအခြေပြု နိုင်ငံတကာကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းနိုင်ရန်အတွက် ထိုင်ဝမ်သည် WTO ၊ လစ်သူရေးနီးယား၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျနှင့် အမေရိကန်စသည့်နိုင်ငံများ နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဂျိုနဲအူလ်က ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ ထိုင်ဝမ်အနေဖြင့် တရုတ်ကုန်သွယ်ရေးမူဝါဒများကို ဆန့်ကျင် ဆောင်ရွက်သည့် WTO ၏ လုပ်ဆောင်မှုများတွင် အမေရိကန်ကဲ့သို့ အင်အားကြီး နိုင်ငံများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းကြောင့် ၎င်းနိုင်ငံအပေါ် တရုတ်နိုင်ငံက နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေးဆိုင်ရာ ပြင်းထန်သည့်ဖိအားပေးမှုများ ပိုမိုပြုလုပ်လာနိုင်သည့်အပြင် တရုတ်-ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများမှာလည်း ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment